တန်ဖိုးဖြတ်မရတဲ့ အဖေ့ချွေးစက်

No automatic alt text available.

''ဗိုက်ကလည်း ဆာပြီးရင်းဆာနေပါလား။ ဗိုက်ဆာတယ် အမေရေ...''

မီးဖိုခန်းထဲက အမေကြားအောင် အိမ်ရှေ့ခုတင်မှာ လဲလျောင်းနေရင်း ဖိုးထူးအော်လိုက်တာပေါ့။ သိပ်မကြာပါဘူး။ အမေက ထမင်းနဲ့ဟင်းတွေကို ဖိုးထူးစားဖို့ လာချပေးတယ်။

''ဗိုက်ဆာတယ်ဆိုပြီး ထစားလေ''

''စားမှာပေါ့ အမေရာ''

ငုတ်တုတ်ထထိုင်ပြီး ထမင်းနဲ့ဟင်းများကို ဖိုးထူး နယ်ဖတ်စားတော့တယ်။ စားကောင်းနေတုန်း ဘေးက ထိုင်နေတဲ့ အမေက သက်ပြင်းရှည်ကြီးချပါရဲ့။ နားငြီးဖို့ အစပျိုးနေပြီလို့ ဖိုးထူးတွေးကာ ထမင်းလုတ်ဝါးရင်း စိတ်ပျက်နေမိတယ်။

''သား အဖေလည်း မနက်က ထမင်းရည်ပဲ သောက်သွားရတာကို ထမင်းစားပြန်မလာသေးပါလား။ နေ့လယ် နှစ်နာရီထိုးနေပြီ။ ခုတစ်လော အပူရှိန်ပြင်းလို့ ဦးနှောက် သွေးကြောပြတ်ပြီး သေတဲ့သတင်းတွေကြားနေရတယ်။ ဒီလောက်နေပူနေတာကို အိမ်ပြန်မနားဘဲ ဆိုက်ကားနင်း နေမှတော့ သေတဲ့ထဲ ပါတော့မှာပဲ။ အဟင့် အဟင့် ဟီး''

အဖေ ဆိုက်ကားနင်းလို့ ထမင်းစားနေရတာ သိရက်သားနဲ့ လျှောက်တွေးပြီး ကျက်သရေမရှိငိုနေပြန်ပြီ။ ဒီ အမေနဲ့တော့ ခက်ပါတယ်။

''အမေကလည်း ထမင်းစားပျက်တယ်ဗျာ''

''စားပါတော် စားပါ။ ဆက်မပြောတော့ပါဘူး''

''ကလင် ကလင် ကလင်''ဆိုပြီး အသံကြားတာနဲ့ အမေ့မျက်လုံးတွေ တောက်ပသွားတယ်။ အဖေ ပြန်လာတာကြောင့်ပေါ့။ ရေချိုးထားသလို ချွေးတွေရွှဲနစ်နေတဲ့ အဖေ့ကို အမေက ပုဆိုး‌ဟောင်းလက်ကကိုင်ပြီး ဆီးကြို လေရဲ့။ အဖေခုတင်ပေါ်ထိုင်ချလိုက်တာနဲ့ ပုဆိုးဟောင်းနဲ့ ချွေးတွေကို သုတ်ပေးနေတော့တယ်။

''သားက ခုမှထမင်းစားတာလား။ ‌နောက်မကျ‌စေနဲ့‌လေ။ အဆာလွန်ပြီး ဗိုက်အောင့်နေမှကွာ''

အဖေ့စကားကြောင့် ဖိုးထူး ပြုံးမိတယ်။ စားနေတာက နေ့လယ်စာမှမဟုတ်တာ။

''အောင်မယ်လေး... နောက်တစ်ခါ ပြန်စားတာပါရှင်။ သားအကြောင်း သိရက်သားနဲ့။ အလုပ်လုပ်ရမှာသာပျင်းတာ။ စားဖို့မပျင်းဘူး စိတ်ပူမနေနဲ့''

''မင်းကလည်း ခဏခဏစား‌တော့ ဘာဖြစ်လဲ။ ငါ ရှာကျွေးနိုင်ပါသေးတယ်။ စားစားသား။ အမေပြောတာ ဂရုမစိုက်နဲ့''

အိပ်ရာပေါ်လှဲပြီး ထမင်းလုံးစီရင်း အဖေ့ကို ပြန်ပြောလိုက်တယ်။

''ဂရုမစိုက်ပါဘူး။ ဗိုက်ဝဖို့အဓိကပဲ။ ဒါပေမယ့် သားကို အလုပ်လုပ်ခိုင်းဖို့တော့ လုံးဝစိတ်မကူးကြနဲ့‌နော်''

''အေးပါ သားရယ်''လို့ အဖေနဲ့အမေ ပြိုင်တူပြော လိုက်ကြတယ်။ ငယ်စဉ်ကတည်းက ဆင်းရဲပေမယ့် မိဘနှစ်ပါးက ဖိုးထူးကို အစွမ်းကုန်အလိုလိုက်ကြတယ်။ အလို လိုက်လွန်ပြီး ဖိုးထူး ပျက်စီးမသွားပေမယ့် ဘာမှမလုပ် ချင်အောင် ပျင်းရိလေရဲ့။ ပညာကျတော့လည်း မထွန်းပေါက်ခဲ့။ ရပ်ကွက်ထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အဖေအိုကြီး ဆိုက်ကားနင်းပြီး ရှာကျွေးတာ စားသောက်ရင်း အသက်ပင် (၃ဝ)နား ကပ်လာပြီ။ ပတ်ဝန်းကျင်ကတော့ အမျိုးမျိုးဝေဖန်ကြပါရဲ့။ ဒါတွေကို ဖိုးထူးဂရုမစိုက်။ ဘာမှမလုပ်ရဘဲနေရတာ ဇိမ်ရှိမှန်း သူတို့ မှ မသိကြတာ။

တစ်ခါတလေတော့ ဖိုးထူး ရင်လေးမိတယ်။ အဖေအိပ်ရာထဲလဲသွားရင် ဘာနဲ့စားရပါ့မလဲလို့။ အရင်တုန်း က အ‌မေပါ ဈေးရောင်းခဲ့ပေမယ့် ခါးနာတာကြောင့် ဈေးရောင်းမထွက်နိုင်တော့ပါ။ အဖေဆိုက်ကားနင်းရတဲ့ ဝင်ငွေလေးနဲ့ပဲ အိမ်ရဲ့စားဝတ်နေရေးဖြေရှင်းရတာ နှစ်တောင်ကြာပြီပေါ့။

''ဟဲ့ သား ဘာတွေးနေတာလဲ။ ရော့ ငါးရာ''

အဖေတောင် ဆိုက်ကား ပြန်ထွက်တော့မယ်။ အိမ်မှာ ခဏတောင် မနားပါလား။ အဖေပေးတဲ့ ပိုက်ဆံငါးရာကို မွှေးလိုက်တယ်။ အဖေ့ချွေးနံ့လေး ရလိုက်သလိုပဲ။ စိတ်ထဲမကောင်းဖြစ်သွားပေမယ့် မသောက်ရသေးတဲ့ လက်ဖက်ရည်အနံ့လေး ရလာတာကြောင့် ပျော်ရွှင်မှုက အနိုင်ယူသွားပါရဲ့။

''အောင်မယ်လေး အဖေရယ် ဆိုက်ကားများများ နင်းရပါစေ။ လက်ဖက်ရည်သောက်ချင်တာနဲ့ အတော်ပဲ။ တစ်ရေးအိပ်ပြီးမှ သွားသောက်ဦးမယ်''

''နေပူတာကို အအေးလေးသောက်မှပေါ့ကွာ''

ဖိုးထူး စိတ်ပျက်သွားပါရဲ့။ ပိုက်ဆံပေးတာ ကျေးဇူးတင်ပေမယ့် အမေလိုမနေဘဲ အသေးစိတ်ကအစ လိုက်ပြီး စိုးရိမ်ပူပန်နေတဲ့အဖေ့ကြောင့် စိတ်ကျဉ်းကျပ်လှတယ်။ ဒါပေမယ့် ပြန်မပြော နားမထောင်စရိုက်မို့ အဖေ နေရာ တကာ ဂရုစိုက်တာကို မကြိုက်ဘူးလို့ ပြန်မပြောမိ။ ခေါင်းရှုပ်လာတာကြောင့် ဖိုးထူးမျက်လုံးတွေကို မှိတ်ချလိုက်တယ်။

''ဒီအဘကြီးကလွဲပြီး လိုက်ပို့မယ့်လူမရှိဘူးလား။အသက်အရမ်းကြီးနေတော့ မစီးချင်ဘူး''

''ဆရာမရယ် ဘကြီး နင်းနိုင်ပါတယ်။ မငှားဘဲ မနေ ပါနဲ့နော်။ အိမ်စရိတ်လေးကြောင့်ပါ''

ဆိုက်ကားဂိတ်ဘက်ကြည့်မိတုန်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကုသိုလ်ပင်ကိုကွယ်ကာ ဖိုးထူးကြည့် နေမိတယ်။ အဖေနဲ့ မူလတန်းတုန်းက ဆရာမပါလား။ အဖေက အသက်ကြီးလို့ အဖေ့ဆိုက်ကား မငှားချင်တာကြောင့် ဆရာမက ငြင်းနေပါရဲ့။ ငြင်းတာလည်းမပြောနဲ့ အသက်က ခြောက်ဆယ်မပြည့်သေးပေမယ့် အဖေ့ရုပ်သွင်မှာ တော်တော်အိုစာနေပြီ။ ဆရာမက အဖေ့လက်ထဲ ထောင်တန်အချို့ထည့်ပေးလေရဲ့။ ဂိတ် စည်းကမ်းအရ အလှည့်ကျော်ပြီး ခရီးသည်ကိုပို့ခွင့်မရှိပါ။ ဒါ‌ပေမယ့်‌ ကိုမောင်ဝင်းက အ‌ဖေ့အစား ဆရာမကို ဆိုက်ကားနဲ့လိုက်ပို့ပေးတယ်။ အဖေကတော့ ဆရာမ သနားလို့ပေးခဲ့တဲ့ ပိုက်ဆံတွေကို လက်ကဆုပ်ကိုင်ရင်း မျက်ရည်တွေဝဲနေရှာတယ်။

''ကျုပ်တို့ ဆိုက်ကားဂိတ်ကလည်း သူတောင်းစားဂိတ် ဖြစ်တော့မယ်။ ဒီလိုလူမျိုးတွေရှိတာ ဂိတ် လာဘ်တိတ် တယ်''

အဖေ့ကို ရွဲ့စောင်းပြောနေတဲ့ အမူးသမား ဘချစ်ရဲ့ စကားကြောင့် ဖိုးထူး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဘချစ်ကို ဆွဲထိုးချင်ပေမယ့် ခြေလှမ်း ကျဲကျဲနဲ့သာ ဒေါသတကြီး အိမ်ကိုပြန်လာခဲ့တယ်။

''ကျားသားမိုးကြိုး ညနေစောင်းတဲ့အထိ ဗိုက်ဆာတယ် မအော်သေးပါလား''

''မဆာလို့‌ပေါ့ အမေရာ''

ဖိုးထူး ဆေးလိပ်ဖွာရင်း အမေ့ကို ပြန်ဖြေလိုက်တယ်။ ဖိုးထူး မျက်နှာက မသာမယာနဲ့မို့ အ‌မေမေး‌နေမှာစိုးတာကြောင့် ပျင်းရိသလို ပါးစပ်အသားကုန်ဖွင့်ကာ သန်းပြ တာပေါ့။ ဒီတော့မှ အမေ မီးဖိုခန်းဘက် ဝင်သွားတော့ တယ်။ ဆေးလိပ်ဖွာရင်း အတွေးတွေနဲ့ငိုင်နေတုန်း အဖေတောင် ပြန်ရောက်လာခဲ့ပြီ။ မိုးချုပ်မှ ပြန်လာပါလား။ နေ့တိုင်းဒီလိုပါပဲ။ ဒီနေ့ကျမှ ဖိုးထူး သတိထားမိတာကိုး။ ပြန်ထွက်စရာမလိုတော့တာကြောင့် ဆိုက်ကားကို တစ်ခါ တည်း သော့ခတ်ပြီး အဖေ မိုးကာနဲ့အုပ်နေတော့တယ်။ နောက်ကနေလှမ်းကြည့်မိတော့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်ပေါ်က ငေါထွက်နေတဲ့ အရိုးတွေက ဖိုးထူးကို လှောင်ပြောင်နေသလို။ အဖေ့ခေါင်းပေါ်က ဆံပင်ဖြူတချို့က လည်း ရှက်ရွံ့စိတ်ကို ဖြစ်ပေါ်လာစေတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တယ်။

''သား ဘယ်သွားမလို့လဲ''

''ကိုသန်းအောင်နဲ့ သွားတွေ့မလို့ပါ အဖေ''

''အပြန်မိုးမချုပ်စေနဲ့နော်။ ရော့ မုန့်ဖိုး''

ခါးပုံစထဲက တစ်ထောင်တန်လေးကို ထုတ်ပေးနေတဲ့ အဖေ့ကိုကြည့်ရင်း အမူးသမားဘချစ်ပြောတဲ့စကားကို ပြန်ကြားယောင်လာတယ်။

''ပိုက်ဆံမလိုဘူး အဖေ။ ထမင်းကို ဝင်အောင်စား နော်။ သားပြန်အလာစောင့်မနေနဲ့။ ဒီည ပြန်မလာဖြစ် ဘူး''

''ဟင်...''

အံ့သြနေတဲ့ အဖေ့အနားကနေ ဖိုးထူး ပြေးထွက် လာခဲ့တယ်။ အဖေ အံ့သြမှာပေါ့။ ပိုက်ဆံပေးတာကို မငြင်းဖူးသလို ဒီလိုလည်း ဂရုမှမစိုက်ဖူးတာ။

''သားနောင်တရပြီ အဖေ''လို့ လောကကြီး တုန်ဟည်း သွားအောင် အော်ဟစ်ချင်မိတယ်။ ပါးစပ်နဲ့ နောင်တ ရတာမဟုတ်ဘဲ လက်တွေ့လည်း ဖိုးထူးပြချင်သေးပါရဲ့။

အရှေ့အရပ်ဆီက နေမင်းကြီးထွက်လာခဲ့ပြီ။ နေမင်း ကြီးကို မော့ကြည့်ပြီး ဖိုးထူးတွေးနေမိတယ်။ အဖေ့ ချွေးစက်တွေ ဘယ်လောက်အရေအတွက်ရှိလဲဆိုတာ နေမင်းကြီး သိမလားလို့ပေါ့။ ပင်လယ်‌‌ရေလောက်လား။ ဒါဆို ‌ရေတွက်မရဘူး‌‌ပေါ့။ ဆပ်လို့မကုန်တဲ့ အ‌ဖေနဲ့အ‌မေရဲ့ ‌ကျေးဇူးကို နဖူးက‌ချွေး ‌ခြေမကျတဲ့အထိ အလုပ်လုပ်ပြီး ပြုစု ကျွေး‌မွေးပါမယ်။ ‌နောက်ကျသွားလို့ ခွင့်‌လွှတ်ပါ။ အိမ်နားရောက်တာနဲ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက် နေတဲ့ အဖေက ဖိုးထူးကိုမြင်တာနဲ့ ဝမ်းသာအားရ ပြေး လာပါရဲ့။ ဖိုးထူး အနားရောက်လာတာနဲ့

''သား ညက ဘယ်တွေလျှောက်သွားနေတာလဲ'' ဆိုပြီး စိုးရိမ်တကြီးမေးတာ့တယ်။ ပြန်မ‌ဖြေဘဲ အ‌ဖေ့ကို ပြုံးပြုံးကြီး စိုက်ကြည့်‌နေမိတယ်။

''ဟိုသားအဖ လမ်းလယ်ကောင် ဇာတ်ကားရိုက်နေကြ တာလား။ အဖေဖြစ်သူကလည်း သားအိမ်ကိုရောက်တာ မစောင့်ဘူး''

အမေလှမ်းအော်လိုက်တာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အ‌ဖေ ခါးကိုဖက်ပြီး အိမ်‌‌ရှေ့ခုတင်ဆီ လျှောက်လာတာပေါ့။ အနားရောက်တာနဲ့ အမေက

''သားရယ် ညက ဘာလို့ပြန်မလာတာလဲ။ အမေ့သားက ပျင်းပေမယ့် မဟုတ်တာမလုပ်မှန်းသိလို့ စိတ်ချပြီးသားပါ။ ဒါပေမယ့် ဖေကြီးက စိတ်ပူပြီး တစ်ညလုံး မအိပ်ဘူးကွယ်။ မနက်ကျတော့လည်း ထိုင်မရ ထမရ ဖြစ်နေတာ။ ကြားထဲက အမေစိတ်ဆင်းရဲတယ်''

ဖိုးထူး စိတ်ရှုပ်စွာ အဖေ့ကိုကြည့်လိုက်တယ်။ ညက ပြန်မအိပ်ဘူးလို့ ပြောခဲ့ရက်သားနဲ့ ဒီလိုဆို ဘယ်လိုလုပ်ရမလဲ။ မဖြစ်ဘူး။ ရည်ရွယ်ချက်ကို ဘာအကြောင်းနဲ့မှ အပျက်ခံလို့မဖြစ်။

''အဖေကလည်းဗျာ သားပြန်မအိပ်ဘူး ပြောခဲ့ရက် သားနဲ့ကို ဘာလို့ အဲလိုလုပ်တာလဲ''

''အဖေက ညပိုင်းလေး သားနဲ့နေရတာ။ အိမ်မှာ သားမရှိရင် မအိပ်တတ်လို့ပါ''

''ဟာ ဒါတော့မဖြစ်ဘူး။ နောက်ဆို ညတိုင်းသား ပြန်မအိပ်တော့ဘူး''

''ဘာလို့ ပြန်မအိပ်ရတာလဲကွာ။ မေကြီးသားကို မေးပါဦး။ ငါ ရင်ဘတ်ထဲဆို့လာလို့ပါ''

ငိုတော့မယ့်ဟန်ပြင်နေတဲ့အဖေ့ကို ဖိုးထူးတွေတွေ ကြီးရပ်ကြည့်နေမိတယ်။

''ဟဲ့ သား ဖြေလိုက်လေ။ တော်ကြာ ဖေကြီးစိတ်ထိခိုက်ပြီး ရောဂါဝင်လိမ့်မယ်''

ဟုတ်သားပဲ။ ရှင်းပြဖို့ လည်ချောင်းရှင်းလိုက်တယ်။ကျေးဇူးဆပ်ဖို့ပြင်မှ အဖေအိပ်ရာထဲလဲလို့မဖြစ်။ ကျန်းကျန်းမာမာနဲ့ ဖိုးထူး အရင်တုန်းကနေသလို ဇိမ်နဲ့ နေရဦးမယ်လေ။

''အဖေနဲ့အမေ နှစ်ယောက်လုံး နားထောင်ကြနော်။သားအလုပ်ရပြီ။ ကိုသန်းအောင် ရှာပေးတာ။ ညစောင့် အလုပ်လေ။ မ‌နေ့ညက စဆင်းရတယ်''

''အောင်မယ်လေး ဝမ်းသာလိုက်တာတော်။ သားသုံး ဖို့ ပိုက်ဆံရတာပေါ့''

အမေ့ကို ခေါင်းရမ်းရင်း ပြန်ဖြေလိုက်တယ်။

''မဟုတ်ဘူး အမေ။ သားသုံးဖို့ ရှာတာမဟုတ်ဘူး။ညဘက်ကို ညစောင့်လုပ်သလို နေ့ဘက်ကို နေ့လယ်ထိပဲ အိပ်ပြီး ဆိုက်ကားနင်းထွက်ဦးမှာ။ အဖေ အိမ်မှာပဲ ဇိမ်နဲ့ နေတော့ဗျာ။ သားတစ်လှည့် ရှာကျွေးတော့မယ်''

ချွေးစက်တွေကျစေခဲ့လို့ ရင်နာရပါတယ်ဆိုမှ အဖေ မျက်ရည်ကျနေပြန်ရော။

''သားရယ် အဖေ ရှာကျွေးနိုင်ပါသေးတယ်။ ညစောင့် လုပ်ရင်လုပ်။ ဆိုက်ကားတော့ လုံးဝမနင်းရဘူး။ အဖေပဲ နင်းမယ်''

''အဖေ ဆိုက်ကားကို နင်းချင်‌သေးရင်တော့ သား အခုပဲ အိမ်ကထွက်သွားတော့မယ်''

ပြောပြီးတာနဲ့ အခန်းထဲဝင်ပြီး အဝတ်တွေကို အိတ်ထဲ ထည့်လိုက်တယ်။ အဝတ်အိတ်ဆွဲကာ အိမ်ကထွက်ဖို့ ပြင်နေတဲ့ ဖိုးထူးကို အမေက မျက်ရည်တွေနဲ့တားတာပေါ့။ အဖေ့ဆီကိုလည်း ပြေးသွားပြန်တယ်။ သားအဖ နှစ်‌‌ယောက်ကြား အ‌မေ ဗျာများ‌နေပါရဲ့။ စကားတစ်ခွန်း မဆိုဘဲ ဖိုးထူးကို မျက်ရည်တွေနဲ့ အဖေကြည့်နေရှာတယ်။ မမြင်ဟန်ပြုကာ ဖိုးထူး လမ်းဘက်ကို တစ်လှမ်းချင်း လှမ်းလာခဲ့တယ်။

''သား ပြန်လာခဲ့။ အဖေ သဘောတူတယ်''

ပျော်လွန်းလို့ ခုန်ပေါက်ချင်စိတ်ကိုထိန်းကာ ခြေလှမ်းတွေကို အိမ်ဘက်ပြန်လှည့်လိုက်တယ်။ အနားရောက်တာနဲ့ ဖိုးထူးလက်ထဲကအိတ်ကို အဖေယူလိုက်လေရဲ့။

''မေကြီးရေ ထမင်းအဆင်သင့်ခူးထားတော့။ သား ဗိုက်ဆာနေလောက်ပြီ''

''ဟုတ်ပါပြီတော်။ ဒီသားအဖနှစ်ယောက်နဲ့ ကြာရင် ရူးတော့မယ်''

မျက်စောင်းထိုးကာထွက်သွားတဲ့ အမေ့ကိုကြည့်ရင်း ဖိုးထူးနဲ့အဖေ ရယ်လိုက်ကြတယ်။ အဖေက ဖိုးထူးလက်မောင်းကို မနာအောင် ဖွဖွလေးထိုးလေရဲ့။ ခေါင်းက ဆံပင်တွေကို ဖွလိုက်ကာ

''ဒီလူဆိုးလေးကို ပြန်မှီခိုရတော့မှာပေါ့။ အိပ်မက် လားလို့ အဖေထင်မိတယ်ကွာ''

''အိပ်မက် မဟုတ်ပါဘူး အဖေရာ''

အဖေ့လက်မောင်းကိုဆိတ်လိုက်တော့ မနာဘဲ

''အား''လို့ အဖေအော်ပါရဲ့။ ပိန်ပိန်ပါးပါး အ‌ဖေ့ခန္ဓာ ကိုယ်‌လေးကို ဖိုးထူးရင်ခွင်ထဲ ဖက်လိုက်တယ်။ နှာခေါင်းထဲ တိုးဝင်လာတာက ချွေးနံ့လေး။ မိသားစုအတွက် ချွေးစက်တွေကျတဲ့အထိ အဖေအလုပ်လုပ်ခဲ့ရတယ်။ အဖိုးဖြတ် မရတဲ့ အ‌ဖေ့ချွေးစက်‌‌တွေအတွက် ဖိုးထူး ပြန်လည်‌ ‌ကျေးဇူးဆပ်ပါ‌တော့မယ်။

ကြေးမုံသတင်းစာ (၅.၃.၂၀၁၇)

Powered by Bullraider.com