တစ်ခါက

http://scottattebery.com/wp-content/uploads/2013/06/father-son-silhouette.jpg

အနီရောင် ဆီဒင်ကားလေးတစ်စီးသည် အဆောက်အအုံသေးသေးလေးတစ်ခုရှေ့တွင် ရပ်လိုက်သည်။ ကားထဲမှ အဘိုးအိုတစ်ဦးနှင့် လူတစ်ယောက်ဆင်းလာသည်။

“ရောက်ပြီလားသား”

“ဟုတ်ကဲ့ ရောက်ပြီ ဖေဖေ … ဖေဖေ ဒီမှာ ခဏနေခဲ့ဦးနော်”

အဘိုးအို၏ သားဖြစ်သူက ပြောပြီး အဆောက်အအုံအတွင်း တစ်ဦးတည်းဝင်သွားသည်။ သူက ကောင်တာသို့ သွားပြီးနောက် ကောင်တာက ထုတ်ပေးသည့် စာရွက်စာတန်းများကို ဖြည့်သွင်းနေသည်။

လွန်ခဲ့သည့် နှစ်ရက်လောက်ကဖြစ်ပါသည်။ သားဖြစ်သူ၏ အိမ်တွင်း၌ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

“ကျွန်မ သည်းမခံနိုင်တော့ဘူး။ ရှင်ပေးတဲ့လစာကလည်း မလောက်တော့ဘူး။ မိသားစုကို စီမံပေးနေရတာက တစ်မျိုး။ ရှင့်အဖေကတစ်မျိုး။ ရှင့်မှာ ဆွေမျိုးတွေ မရှိတော့ဘူးလား။ ရှင့်အဖေကို တစ်နေရာရာကို ပို့ဖို့ မစဉ်းစား သေးဘူးလား။ ကျွန်မတို့က အိမ်မှာ လူပိုကြီးတစ်ယောက်ကို ဒီအတိုင်း ကျွေးထားနိုင်လောက်အောင် ပိုက်ဆံတွေ ပိုနေသလား။ ရှင်တစ်ခုခု ရွေးတော့။ လက်ရှိ ဝင်ငွေထက် နှစ်ဆရှာနိုင်ရင်ရှာ၊ မရှာနိုင်ရင် ရှင့်အဖေကို တစ်နေရာသွားထား။ ကြိုက်တာရွေးပေတော့။ ဒီလိုမှ မဟုတ်ရင် ကျွန်မကို ရှင် ဒီအိမ်မှာ မမြင်ရတော့ဘူးလို့သာ မှတ်လိုက်”

“မင်းက တိုးတိုးပြောပါကွာ … ဖေဖေကြားသွားပါ့မယ်”

“ကြားလည်း ဂရုမစိုက်ဘူးရှင် … ကြားအောင်ပြောနေတာ … သိလား … အလိုက်ကမ်းဆိုးကိုမသိဘူး”

အိပ်ပျော်ချင်ယောင်ဆောင်နေသော အဘိုးအို၏ မျက်လုံးများက မျက်ရည်တွေ စီးဆင်းလာသည်။

“သြော် … လူပိုကြီးတဲ့လား” ဟုတိုးတိုးလေး ရေရွတ်လိုက်သည်။

သားဖြစ်သူက အပြင်ကို ပြန်ထွက်လာပြီး သူ့ဖခင်ကို လာတွဲသည်။ ထိုအချိန်တွင် ဖုန်းမြည်လာသောကြောင့် သူက ဖုန်းကို ကိုင်လိုက်သည်။ သူ့ဖခင်က

“ဖေဖေ အထဲကို သွားနှင့်မယ် … မင်းလိုက်ခဲ့တော့”

ဖုန်းက သူ့ဇနီးထံက ဆက်နေခြင်းဖြစ်သည်။

“ကိစ္စအားလုံး ပြီးပြီလား”

“အေး … ပြီးပြီ”

“ပိုက်ဆံတွေ အများကြီးပေးရတဲ့ အခန်းမှာ မထားခဲ့နဲ့ဦးနော် … နေရုံ … စားရုံလောက် တော်ရုံဆိုရပြီပေါ့ … အကြာကြီးလည်း နေရတော့မှာမှ မဟုတ်တာ”

“အေးပါကွာ … ဟိုမှာ ခေါ်နေပြီ နောက်မှ ပြန်ဆက်မယ်”

ဧည့်ခန်းထဲတွင် ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးဌာန တာဝန်ခံ ဘုန်းတော်ကြီးနှင့် သူ့ဖခင်က ရင်းနှီး ချစ်ခင်စွာ ဖက်လဲတကင်း စကားတွေ ပြောနေကြသည်။ သူက ကောင်တာကို ပြန်သွားရသည်။ ကောင်တာမှ တာဝန်ခံ အမျိုးသမီးက

“ရှင့် အဖေနာမည်နဲ့ အသက်”

သားဖြစ်သူက ပြန်ဖြေလိုက်သည်။

“ရှင့် အဖေက သက်သတ်လွတ်သမားလား၊ အသားစားသလား၊ ဘာသားတွေ မစားဘူးလဲ”

“ကျွန်တော့်ဖေဖေက သက်သတ်လွတ်သမားပါ”

“ဟုတ်ကဲ့ … ဘယ်လို အခန်းမျိုး ယူချင်ပါသလဲ … လေအေးစက်တပ်ထားတဲ့ အခန်းလား … မတပ်ထားတဲ့ အခန်းလား”

“ဈေးဘက်လောက်ကွာလဲ”

“၅၀၀၀ လောက်ကွာတယ်”

“ရိုးရိုးခန်းပဲပေးပါ”

“ဒီမှာက ပူတယ်နော်”

“ကိစ္စမရှိပါဘူး … ကျွန်တော့်ဖေဖေက အအေးမကြိုက်ဘူး”

သူ့ဖခင်ကို ရိပ်သာမှ တာဝန်ရှိသူများက ခေါ်သွားကြသည်။ ဖခင်ဖြစ်သူက

“သားရေ … အိမ်ပြန်ရောက်ရင် မြေးလေးတွေကို ဂရုစိုက်နော် … တစ်ပတ်တစ်ခါလောက် လာလည်နော်” ဟုပြောကာ အတွင်းကို ဝင်သွားသည်။

သားဖြစ်သူက ပြန်ရန်ပြင်လိုက်စဉ် သူ့ကားဘေးတွင် ရိပ်သာအုပ်ချုပ်ရေးမှူး တာဝန်ခံ ဘုန်းတော်ကြီးက ရပ်နေပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“သား … ဘေးကင်းပါစေ”

“ဒါနဲ့ အရှင်ဘုရား … ဖေဖေနဲ့ သိလား … စောစောက ရင်းရင်းနှီးနှီး ဖက်လဲတကင်းစကားပြောနေတာတွေ့လို့”

“သိတာပေါ့ … သိပ်သိတာပေါ့ဒကာ … ဒီအဆောက်အအုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က မိဘမဲ့ ဂေဟာတစ်ခုပေါ့ … လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က မင်း ဖခင်ကြီးက ဒီကို လာပြီး သားလေးတစ်ယောက် မွေးစားဖို့ လာတောင်းဆိုကတည်းက မင်းဖခင်နဲ့ သိခဲ့ကြတာ … ဘုန်းကြီးကိုယ်တိုင် ဒီနေရာမှာပဲ ကလေးတစ်ယောက်ကို သူ့လက်ထဲ လွှဲပေးခဲ့တာ ကောင်းကောင်း မှတ်မိတာပေါ့”

(Once Orphanage)

၁၅.၄.၂၀၁၇

Powered by Bullraider.com