ကြိမ်ကြေး

http://www.therakyatpost.com/wp-content/uploads/2014/02/cane_22022014_small.jpg

ရွာမှာ ကွန်မြူနစ်သောင်းကျန်းသူတွေ ပြေးအောင် အလင်းရောင်စစ်ဆင်ရေးနဲ့ နှိမ်နင်းခဲ့ရတယ်။ နှစ်ရှည်လများ စစ်မီးတောက်နေတော့ ပြေးလွှားနေကြရပြီး ကလေးတွေကျောင်းလည်း မတက်နိုင်ကြဘူး။ နယ်မြေအေးချမ်း ပြီဆိုတော့ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ရတယ်။ ကျောင်းမရှိတဲ့ဒေသ၊ ကျောင်းပျက်သွားတဲ့ဒေသတွေမှာ ကျောင်းတွေကို တပ်မတော်သားတွေနဲ့ နယ်မြေခံတွေ ပေါင်းပြီး တည်ဆောက်ကြတယ်။

စစ်ပြေးတာကြာပြီး ကျောင်းပြန်ဖွင့်ပြီဆိုတော့ မူလတန်းလာတတ်တယ်သာဆိုတယ် အပျိုပေါက်၊ လူပျိုပေါက် ကြီးတွေဖြစ်နေပြီ။ စစ်ဆင်ရေးနဲ့ တည်ဆောက်ရေးကာလတွေ မပြီးသေးတော့ ရွာကဖုန်းကြီးကျောင်းထဲမှာ စစ်သားတွေ ရှိနေတုန်းပဲ။ ညနေဆို ရွာဦးကျောင်းနားက ရေကန်မှာ ရေခတ်ဆင်းကြရင် ရွာကာလသားတွေနဲ့ စစ်သားပေါက်စလေးတွေ တရုန်းရုန်းနဲ့။

မကြာပါဘူး လေးတန်းက လှရီတစ်ယောက် ရဲဘော်လေးတစ်ယောက်နဲ့လိုက်ပြေးတယ်။ ကျွန်တော့်ဆရာကြီး ဒေါသထွက်ပုံများ ပြောမကောင်းဘူး။ တောက်တခတ်ခတ်နဲ့။ လှရီအမေကလည်း သူ့တပည့်ဆိုတော့ ဘာပြော ကောင်းမလဲ သွားပြီး ကျိန်းလိုက် မောင်းလိုက်တာများ။ ကျောင်းမှာကလည်း ဆရာကြီးက စာသင်ရတာထက် တပည့်တွေ အချင်းချင်း မျက်စပစ်လို့ဆဲရတာ ပိုများတယ်။

ဒီလိုနဲ့ ရဲဘော်လေးက လှရီကို လာပြန်အပ်တယ်။ သူ့တပ်ကဗိုလ်ကြီးကပဲဦးဆောင်ပြီး လာတောင်းပေးတယ်။ ဘာဖြစ်ဖြစ် ခေတ်ပျက်ပြီး ကောင်းခါစမှာ ပထမဆုံး မင်္ဂလာဆောင်ပွဲဖြစ်မှာမို့ တစ်ရွာလုံး ပျော်ကြတယ်။ ဝက်သားတုံးကို လက်သီးဆုပ်လောက် မစားနိုင်ကြတာ ကြာမှပဲ။ မပျော်နိုင်တာကဆရာကြီး။ မင်္ဂလာ ဆောင်မယ့်နေ့မှာ ဆရာကြီးက ကျွန်တော့်ကို မင်္ဂလာဆောင်လိုက်ခဲ့လို့ ခတ်ဆတ် ဆတ်လေးပြောလိုက်တယ်။ ဒီမင်္ဂလာပွဲကိုလည်း လက်ညှိုးလုံးလောက်ရှိတဲ့ ကြိမ်ဖြူတစ်ချောင်းကို သူနဲ့အတူယူလာပြီး သူကရှေ့ ကျွန်တော်ကနောက် ရွာရိုးလျှောက်ခဲ့ကြတယ်။

မင်္ဂလာဆောင်အိမ်ရောက်ပေမယ့် မင်္ဂလာဆောင်အိမ်က အသုဘအိမ်လိုဘဲ။ တိတ်ဆိတ်ပြီး ဘာသံမှ မကြားရ လို့ ထူးဆန်းနေတယ်။ ဆရာကြီးက လှရီအိမ်ကိုဝင်လိုက်ပြီး အိမ်ဦးခန်းမှာ ထိုင်လိုက်တယ်။ ပြီးတော့ လက်ထဲက ကြိမ်လုံးကို ဗြန်းခနဲ ကြမ်းပြင်ကိုရိုက်လိုက်ပြီး

“လှရီ … ထွက်ခဲ့” လို့ အော်လိုက်တယ်။

ကြောက်ရွံ့ တုန်ရီနေတဲ့ လှရီတစ်ယောက် အိမ်ခန်းထဲက ထွက်လာတယ်။ လှရီအမေက တွဲလာတာ။ သူ့ဘေးမှာ ရဲဘော်လေးပါလာတယ်။ ဆရာကြီးရှေ့ရောက်တော့ ကျုံ့ကျုံ့လေးတွေထိုင်ပြီး ကန်တော့ဖို့ပြင်ကြ တယ်။ ဆရာကြီးက

“မကန်တော့နဲ့အုံး … လှရီ နင့်အပြစ် နင်သိလား” လို့ပြောလိုက်တယ်။

ကြောက်လွန်းလို့ တုန်နေတဲ့ လှရီနဲ့အတူ ရဲဘော်လေးကလည်း ခေါင်းကို မဖော်ရဲဘူး။

ကျွန်တော်သိထားတာက ဒီရွာမှာ “ကြိမ်ကြေး” ဆိုတာတောင်းတယ်။ ကြိမ်ကြေးတောင်းခွင့်ရှိတာက ကျောင်းအုပ်ဆရာကြီးပဲ။ ကျောင်းနေတုန်း လင်နောက်လိုက်ပြေးရင် ကြိမ်ကြေးပေးရတယ်။ ကြိမ်ကြေးဆို တာက ကျောင်းနေတုန်း ယောက်ျားနောက်ပဲ လိုက်လိုက်၊ မိန်းမနောက်ပဲလိုက်လိုက် ကြိမ်ငါးချက် ဒဏ်ပေးရ တယ်။ ဒါကလည်း ဆရာကြီးအစဉ်အဆက် လိုက်နာခဲ့ကြတာ။ ကြိမ်ကြေးဘာကြောင့် ပေးရသလဲဆိုတော့ ကျောင်းမနေမှာကြောက်လို့၊ ပညာမသင်ဘဲ လင်ယူသားမွေးလုပ်မှာ ကြောက်လို့ ရှေ့ကဆရာကြီးတွေက လုပ်ခဲ့ပုံရပါတယ်။ ကျွန်တော်ကတော့ ကြိမ်ကြေးကို လက်မခံဘူး။ ဒါပေမဲ့ ဆရာကြီးကိုလည်း မဆန့်ကျင်ရဲဘူး။ အစဉ်အလာဆိုတာကိုး။

“လှရီ … တိုင်ကိုဖက်လိုက်”

ဆရာကြီးက အမိန့်ပေးတော့ ရဲဘော်လေးက ကြောက်ကြောက်နဲ့

“ဆရာကြီး … ကျွန်တော့်ကိုပဲ ရိုက်ပါလားခင်ဗျာ” လို့ ဝင်ပြောတယ်။

ဆရာကြီးက ရဲဘော်လေးကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ ဟိုကောင် ခေါင်းပုသွားတာပေါ့။ လှရီကို သူ့ အမေကတွဲပြီး အိမ်တိုင်ဆီခေါ်သွားတယ်။ လှရီက တိုင်ကို ဖက်လိုက်ချိန်မှာ ဆရာကြီးက ထလိုက်ပြီး ကြိမ်ကို လေထဲမှာ ဝှစ်ခနဲ တစ်ချက် စမ်းလိုက်တယ်။ လှရီက သူ့ကို ရိုက်လိုက်တယ်ထင်ပြီး “အမေ့ ..” လို့ လန့်အော် လိုက်တယ်။

“လှရီ ဒါ နင့်ကို စာသင်ချိန်မှာ လင်နောက်လိုက်လို့ ရိုက်တယ်ဆိုတာ သိလား”

“ဟုတ် … ဟုတ် ..”

ဆရာကြီးက ကြိမ်ကိုဝင့်လိုက်ပြီး လှရီကို တစ်ချက်ရိုက်လိုက်တယ်။ ဖုန်း ..ဆိုတဲ့ အသံနဲ့အတူ လှရီ ခွေခနဲ လဲကျသွားတယ်။ ရဲဘော်လေးကလည်း လှရီပေါ်ကနေဖိပြီး

“ဆရာကြီး … ကျွန်တော့်ကိုပဲရိုက်ပါခင်ဗျာ..ကျွန်တော့်ကိုပဲရိုက်ပါ” လို့ ပြောလိုက်တယ်။

ဆရာကြီးက မင်းကိုလည်းရိုက်မယ်၊ ဟိုကောင်မကိုလည်းရိုက်မယ်ဆိုပြီး ရဲဘော်လေးကို တစ်ဖုန်းဖုန်းနဲ့ ရိုက်တော့တယ်။ ကျွန်တော်က ဆရာကြီးကို အတင်းဆွဲလိုက်ရတယ်။

လှရီက မလှုပ်တော့ဘူး။ မေ့နေတယ်ထင်ပြီး ကွမ်းရွက်တွေ၊ ပရုတ်ဆီတွေရှူခိုင်းရတယ်။ လှရီ မထနိုင်တော့ တာ။ ဆရာကြီးကြိမ်ဆကပြင်းသွားပုံရတယ်။ ခါးကိုထိသွားတော့ မတ်တပ်တောင် မရပ်နိုင်တော့ဘူး။ အောက်ပိုင်းသေသလိုဖြစ်သွားတယ်။ ဆေးဝါးတွေ လိမ်းပြီးကုပေမယ့် တစ်လလောက်ကြာမှ ပြန်ထနိုင်တယ်။ ပြန်ထနိုင်တော့ ခြေတစ်ဖက် ဆာတာတာလေးဖြစ်သွားတယ်။

ဆရာကြီး အရမ်းနောင်တရသွားတယ်။ နောက်ဘယ်တော့မှ ကြိမ်ကြေးမတောင်းဖို့ ဆုံးဖြတ်လိုက်ပြီး လှရီကို ဆေးကုပေးတယ်။ သူကတိုင်းရင်းဆေးလည်း နားလည်တာကိုး။ သူ့တပည့်ကိုသူ နေ့စဉ် မျက်ရည်တွေနဲ့ ဆေးသွားလိမ်းပေးနေတာ။

တောမှာ ကြိမ်ကြေးကြောင့် လက်လွန်ပြီး ခြေဆာတာတာဖြစ်သွားပေမယ့် လှရီမိဘတွေနဲ့ ရဲဘော်လေးက ဆရာကြီးကို အပြစ်တစ်ချက်မပြောဘူး။ ဒါကတောဓလေ့၊ ရွာဓလေ့ဆိုတော့ ဆရာဆိုရင် ဘာလုပ်လုပ်မှန်တယ် ဆိုပြီး ခွင့်လွှတ်ထားတာ။ ပြီးတော့ ဆရာကြီးသြဇာကလည်း ရွာမှာကြီးတယ်။ သားစဉ်မြေးဆက် ဆရာကြီးဖြစ် နေတော့ ပိုပြီး ကြည်ညိုကြတယ်။

ကျွန်တော်က လှရီအမေနဲ့တစ်နေ့တွေ့တော့

“မမြစိန် .. ခင်ဗျား သမီးကို ဆရာကြီးက ရိုက်တာ စိတ်မဆိုးဘူးလား” လို့မေးလိုက်တယ်။

ဒီတော့ မမြစိန်က

“ဟီး .. ဟီး .. ဆရာလေးကလည်း ကျွန်မတုန်းကလည်း ဒီလိုပဲ ကြိမ်ကြေးပေးပြီး လင်နောက်လိုက်ခဲ့တာ” တဲ့။

၂၇.၃.၂၀၁၅

Powered by Bullraider.com