ရေဘူးပေါက်နဲ့ ဖြုတ်ဦးနှောက်များ

http://wakeup-world.com/wp-content/uploads/2015/02/Knowledge-Is-Power-The-Benefits-of-Conscious-Awareness.png 

(၁)

လစာထုတ်ရက် အထက်တန်းကျောင်းကြီးတစ်ကျောင်းရဲ့ ခမ်းမထဲကို ကျောင်းအုပ်တွေ လာကြရမယ်ဆိုတော့ ကျွန်တော်လည်း သွားခဲ့ရပါတယ်။ အဲဒီအချိန်က တွဲဘက်အထက်တန်းကျောင်းက တာဝန်ခံကျောင်းအုပ်ဖြစ်နေ တာကြောင့်ပါ။

အစည်းအဝေးက UNICEF က အိမ်သာစီမံချက်အတွက် ရှင်းပြတာ။ မူလတန်းကျောင်းတိုင်း အနည်းဆုံး တစ်ယူနစ် (တစ်ခန်းအိမ်သာ) ကနေ လေးယူနစ် (လေးခန်းတွဲ) အထိကျောင်းကြီးရင် ကြီးသလို ရကြတယ်။ ကျွန်တော့်ကျောင်းက တွဲဘက်အထက်တန်းကျောင်းဖြစ်နေတော့ လေးယူနစ် နှစ်လုံးရတယ်။ လေးခန်းတွဲ နှစ်လုံး ဆောက်ပေးရမယ်ဆိုတဲ့ သဘောပေါ့။

UNICEF က ပိုက်ဆံထုတ်ပေးတဲ့ပရောဂျက်ကို ပညာရေးဌာနကတစ်ခါ ပစ္စည်းတွေ ၀ယ်ထည့်ပေး၊ ငွေသား ထောက်ပံ့ပေးပြီး ဆောက်ခိုင်းတဲ့ အိမ်သာစီမံချက်ဟာ ကောင်းပါတယ်။ ဘာပြောပြော ကျောင်းတိုင်းမှာ အုတ် တိုက်နဲ့ ရေလောင်းအိမ်သာလေးတွေ ဖြစ်လာတော့မယ်ဆိုတော့ ကြိုဆိုရမယ်ပေါ့။

တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားပြီးတော့ တိုင်းပညာရေးမှူးက "အခက်အခဲရှိရင်ပြောကြ" လို့ ဆိုလိုက် တယ်။ ဒီတော့ ကျွန်တော်က ထပြီး ကျွန်တော့်ကျောင်းနေရာဟာ မြို့နဲ့အလွန်ဝေးပါတယ်။ ခုချိန်ဟာ လှေမပေါက်၊ ကားမပေါက်အချိန်ဖြစ်လို့ ဌာနဆိုင်ရာက ပေးတဲ့ ပစ္စည်းတွေ သယ်သွားလို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် ပစ္စည်းထုတ်၊ ပိုက်ဆံထုတ်ပေးပြီး လေးလအတွင်း အပြီးဆောက်ပေးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စပါးတွေ ရိပ်ပြီး လယ်ကွင်းတွေပေါ်မှာ ကားတွေဖြတ်လို့ရမှဆိုရင် လေးလလောက် စောင့်ရပါလိမ့်မယ်လို့ ဆွေးနွေးမိပါတယ်။

အဲဒီအချိန်က ၁၉၉၀ ၀န်းကျင်ဆိုတော့ စစ်အစိုးရတက်လာပြီး အာဏာတွေ၊ ပါဝါတွေနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ စိုင်းပြင်းနေတဲ့ကာလပါ။ ပညာရေးဌာနကို တိုင်းပညာရေးမှူးအဖြစ်ရောက်လာသူကလည်း အရပ်သားသာဆို တယ် စစ်သားထက် အာဏာပါဝါပြရာမှာ ထင်ရှားလှပါတယ်။ သူ့ကို ဆရာတိုင်းကကြောက်အောင် ဖြဲချောက် ထားပြီး စစ်မိန့်နဲ့ " ဟေ့ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါအောင် ခတ်ခဲ့" လို့ အကြာခဏ ပြောတတ် သူလည်း ဖြစ်ပါတယ်။ ကျွန်တော့်လို ဆရာလေးတစ်ယောက်က မင်းပေါင်းစုံညီပွဲမှာ အခြေအနေကို ထပြော လိုက်တော့ သူက ရှူးရှူးရှဲရှဲဖြစ်သွားပြီး စင်ပေါ်ကနေ ကျွန်တော့်ကို

"နေဦး မင်း ဘယ်ကလဲ" တဲ့။ ကျွန်တော်ကလည်း

"ကျွန်တော် ရိုးမနားက ……အလယ်တန်းကျောင်းကပါ" လို့ပြန်ဖြေလိုက်တယ်။ သူက

"မင်း အဆင့်ဘာလဲ" တဲ့။ ကျွန်တော်က

"ကျွန်တော် တာဝန်ခံကျောင်းအုပ်ပါ" လို့ ပြောလိုက်ရော

"ကျောင်းအုပ်မဟုတ်ဘဲ မင်းဒီစကား ပြောစရာ မလိုဘူး။ ကျောင်းအုပ် လွှတ်လိုက်မယ်။ မင်းထိုင်တော့" တဲ့။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း အဲဒီအချိန်က ဆတ်ဆတ်ထိမခံဆိုတော့ ကျောင်းအုပ်မဟုတ်လို့ ဆိုရင် ဒီအစည်းအဝေးကို တက်နေစရာလည်း မလိုဘူးဆိုပြီး ချက်ချင်းထပြန်ခဲ့ပါတယ်။

ရွာကိုပြန်ရောက်တော့ အစည်းအဝေးခေါ်ပြီး ဘေးနားကကျောင်းတွေမှာ အိမ်သာဆောက်ပြီး ဒီမှာ ဘာကြောင့် မဆောက်ရသလဲဆိုတာ ရှင်းပြရတယ်။ လူကြီးတွေက နားလည်ပြီးသား။ ကျွန်တော်တို့ တွက်ချက်ကြည့်တော့ လည်း သူတို့ပေးတဲ့ အိမ်သာ လေးယူနစ်တစ်ဆောင်ကို ရွာမှာ ဆောက်မယ်ဆိုရင် အနည်းဆုံး ရွာက ငါးသောင်းလောက် စိုက်ရမယ်။ ပညာရေးဌာနက အင်ဂျင်နီယာတွေ တွက်ချက်ပြထားတာက မြို့ပေါ်က ဈေးတွေ၊ စရိတ်တွေနဲ့ ဈေးတွေ။ ရွာကလည်း ငွေတစ်သိန်းလောက်စိုက်နိုင်ဖို့ဆိုတာ အဝေးကြီး။ ကျွန်တော် ကလည်း ခင်ဗျားတို့ ကျောင်းကို ပတ်ကားကျောင်းအုပ်ရောက်လာလိမ့်မယ် မျှော်ကြတော့ ဆိုပြီး စာဆက်သင် နေတယ်။

ကျွန်တော်တို့ ရိုးမတောင်ကြားက ကျောင်းကို ကျောင်းအုပ်တွေ ရောက်ဖို့ဆိုတာ အဝေးကြီး။ သူတို့လာရင် လည်း လူလာတာမဟုတ်ဘူး။ နာမည်နဲ့ အော်ဒါပဲရောက်လာပြီး မကြာဘူး အခြားတစ်နေရာကို ရာထူးတိုး ပြောင်းသွားကြတာများတယ်။ ငှက်ဖျားတော၊ သေမင်းတောဆိုပြီး လာရင်ပဲ သေတော့မလို ရှောင်ပြေးလွန်းလို့ ရှောင်ကွင်းကျောင်းလို့တောင် အမည်ပြောင်မှည့်ခံထားရတာပါ။ ပြောသာပြောတယ် သူတို့လွှတ်လိုက်မယ် ဆိုတဲ့ ကျောင်းအုပ်လည်း ရောက်မလာပါဘူး။

ဒီလိုနဲ့ လေးလလောက် အိမ်သာမဆောက်ရတော့ဘူးဆိုပြီး အေးအေးဆေးဆေးနေရာက တစ်လ လစာ အထုတ်မှာ မြို့နယ်ရုံးစာရေးကြီးက ကျွန်တော့်ကို စာရွက်စာတန်းတွေ တစ်ထပ်ကြီးချပေးပြီးတော့ လက်မှတ် ထိုးပေး၊ တံဆိပ်တုံး ထုပေးဖို့ပြောတယ်။ ဘာတွေလည်း ကောက်ကြည့်လိုက်တော့ အိမ်သာပြီးစီးကြောင်း စာရွက်စာတန်းတွေ။ ကျွန်တော်က စိတ်ထဲထောင်းခနဲ ဒေါသထွက်သွားတယ်။ စာရေးကြီးကို အထပ်လိုက် ပြန်ပြီး စာရွက်တွေ သွားပစ်ချပေးလိုက်တယ်။ ပြီးတော့ "ခင်ဗျား … ကျုပ်ကို ဘာကောင်ထင်နေလို့လဲ" လို့လဲ ဆိုပြီးတော့ ခတ်ဆတ်ဆတ်ပြောခဲ့တယ်။

မြို့နယ်အတွင်းက ကျောင်းတွေ အားလုံးပြီးစီးကြောင်း အစီရင်ခံစာတွေ တက်မှ UNICEF က နောက်ဆုံး အရစ် တွေကို ပိုက်ဆံချပေးမှာ။ အိမ်သာ ဆောက်တောင်မဆောက်ရသေးတဲ့ ကျောင်းကို ပြီးစီးကြောင်း လက်မှတ် လာထိုးခိုင်းတယ်ဆိုတာ ဘယ်လောက်လူပါးဝထားသလဲ စဉ်းစားကြည့်ပေါ့ဗျာ။

(၂)

"A Teacher is a teacher" ဆိုတာကြားဖူးကြမှာပေါ့။ ကျွန်တော် အဲဒီလို ပြောဖို့အချိန်တစ်ခု ရောက်လာတယ်။ လစာထုတ်ရက် လက်မှတ်မထိုးပေးဘဲ အိမ်ပြန်လာတဲ့ ကျွန်တော့်ကို ညနေဘက်မှာ ရုံးစာရေးလေး တစ်ယောက်က အိမ်ကိုရောက်ချလာပြီး

"ဆရာ .. ဆရာ့ကို တိုင်းပညာရေးမှူးက လာတွေ့ပါတဲ့"

"ဘာကိစ္စလဲကွ"

"မသိဘူးဆရာ ခေါ်ခိုင်းလိုက်တာပဲ"

"အေး ဘယ်ကို လာတွေ့ရမှာလဲ"

"သူ့ရုံးခန်းမှာတဲ့ဆရာ"

ကျွန်တော် စက်ဘီးနဲ့တစ်ခေါက် အိမ်ကပြန်ထွက်ခဲ့တယ်။ မှောင်နေပြီ။ သူက ရုံးမှာ စောင့်နေမယ်ဆိုတော့ အရေးကြီးမှန်း သိပါတယ်။ ပြီးတော့ သူ့အကြောင်းကလည်း သတင်းမွှေးနေတော့ ကျွန်တော်နဲ့ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ရတဲ့သူဖြစ်မယ်ထင်တယ်။

တိုင်းရုံးရောက်တော့ အောက်မှာ စာရေးတစ်ယောက်က အနားကပ်ပြီး "ဆရာ .. ရာသီဥတု သိပ်မကောင်းဘူး" လို့လာကပ်ပြောတယ်။

ကျွန်တော် သူ့ရုံးခန်းထဲဝင်သွားတော့ ကျွန်တော့်ကို မော့်မကြည့်ဘူး။ သူ့အလုပ်တွေ သူကုန်းလုပ်နေတယ်။ ကျွန်တော်ကလည်း သူ့စားပွဲရှေ့သွားပေမယ့် ကုလားထိုင်ကို ဆွဲမထိုင်ဘူး။ ဒီအတိုင်း ရပ်နေမိတယ်။ အတော် လေးကြာတော့မှ ကျွန်တော့်ကို မော့ကြည့်ပြီး

"ဘာကိစ္စလဲ" တဲ့။ ရယ်စရာတော့ အကောင်းသားဗျ။ ဒီတော့ ကျွန်တော်က

" ချောင်းဖျားကပါ"

သူက မတ်တပ်ရပ်ပြီး ကျွန်တော့်ကို လက်ညှိုးထိုးကာ

"မင်း ဘာကောင်လဲ။ ငါ အိမ်သာဆောက်ခိုင်းတာကို ဘာဖြစ်လို့ မဆောက်တာလဲ" လို့ အော်ပါတော့တယ်။ သူ ကျွန်တော့်ကို မထိုင်ခိုင်းဘူးဗျ။ ကျွန်တော်ကလည်း မထိုင်ပါဘူး။ ဒီအတိုင်းရပ်နေရာကနေ

"ကျွန်တော် ကျောင်းဆရာပါ။ ကျောင်းအုပ်မဟုတ်ပါဘူး။ ဆရာကြီး ဘာတာဝန်မှလည်း မပေးထားပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ ဘာတာဝန်မှလည်း မရှိပါဘူး။ တာဝန်ရှိလည်း မဖြစ်နိုင်တာကို မဆင်မချင်ခိုင်းတဲ့အပြင် ကိုယ်ချင်းစာစိတ်မရှိဘဲ ခိုင်းတာဆိုရင် ကျွန်တော် လုပ်မပေးနိုင်ပါဘူး"

ဆရာတွေ အားလုံးကို အလကားကောင်တွေလို့ သဘောထားပြီး အမြဲဟောက်နေတဲ့ တိုင်းပညာရေးမှူးဟာ သူ့ကို ပြန်ပြောနေတဲ့ ကျွန်တော်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေရုံမက ဆတ်ဆတ်တုန်နေပြီး စားပွဲကိုထု လိုက်ကာ

"သွား … မင်း ထွက်သွား၊ မင်း … ငါ့အကြောင်း ကောင်းကောင်းသိမယ်" ဆိုပြီး အော်ထုတ်ပါတယ်။ ကျွန်တော် ကလည်း ပြုံးလိုက်ပြီး

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်" လို့ပြောကာ လှည့်ထွက်ခဲ့ပါတော့တယ်။

(၃)

ကျွန်တော်ဟာ ရိုင်းစိုင်းတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ ကျောင်းဆရာ တစ်ယောက်ဖြစ်လာတဲ့အခါ တပည့်တွေကို လိမ္မာယဉ်ကျေးအောင်သင်ရသူတစ်ယောက်ဆိုတော့ ကိုယ့်ထက်ကြီးသူတွေကို ရိုင်းစိုင်းလိုတဲ့ စိတ်လုံးဝမရှိခဲ့ပါဘူး။

ဒါပေမဲ့ဗျာ ကျောင်းဆရာအလုပ်ဆိုတာ မေတ္တာနဲ့ လုပ်ရတာပါ။ စေတနာနဲ့ လုပ်ရတာပါ။ ကျောင်းဆရာ လောကကို “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာလိုချင်တယ်” လို့ လာပြောတာကို ခံရခက်တယ်။ အဲဒီလို လာပြောတဲ့ ကိုယ့်ကျောင်းဆရာလောကထဲကလူကြီးတွေကို အရမ်းလည်း နာကြည်းမိတယ်။ တကယ်ဆိုရင် မေတ္တာနဲ့ “ဒါလေးလုပ်ကြရအောင်ကွာ၊ ဒါလေးလုပ်ပေးပါကွာ” ဆိုရင် ကျွန်တော် ပြေးပြီးလုပ်လိုက်မှာ။ ဘာကြောင့်လဲဆိုတော့ ကောင်းဖို့လုပ်နေကြတာ မဟုတ်လား။

အဲဒီ တိုင်းပညာရေးမှူးက အရည်အချင်းရှိပါလိမ့်မယ်၊ တော်လည်း တော်ပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဆရာတွေကို ဆက်ဆံတာကတော့ အာဏာရှင်ပုံစံပေါက်နေလို့ စိတ်မကောင်းလည်းဖြစ်ရ ဒေါသလည်း ဖြစ်ရတယ်။

နောက်တစ်နေ့ ရုံးမှာ ညွှန်ကြားချက်တွေယူ၊ လစာထုတ် ပြန်ဖို့ ပြင်ဆင်နေချိန်မှာ ကျွန်တော်နဲ့ ညီအစ်ကိုလို ချစ်ခင်ပြီး အလွန်လေးစားရတဲ့ ATEO ဆရာက ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်ကိုခေါ်သွားပြီး

“ကိုတင်ညွန့် ကျွန်တော် ခင်ဗျားတို့ကြားထဲကို မ၀င်ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျောင်းက အဲဒီ အိမ်သာကို မလုပ်ရင် ကျန်တဲ့ ကျောင်းတွေပါ အခက်အခဲဖြစ်သွားလိမ့်မယ်။ အဓိက ကတော့ ငွေထုတ်ရတာတွေ အားလုံး အခက်အခဲဖြစ်ကုန်မယ်။ ကျွန်တော် ခင်ဗျားကို မေတ္တာရပ်ခံချင်တာက အားလုံးအတွက် စဉ်းစားပေးပါလို့”

ကျွန်တော် တစ်ချက်တည်း အရှိုက်အထိုးခံလိုက်ရသလို ဖြစ်သွားတယ်။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စ ကိုယ့်ကြောင့် ဆိုတော့ ကျွန်တော် တင်းခံမနေတော့ပါဘူး။ ပစ္စည်းတွေ ထုတ်၊ ငွေထုတ်ပြီး အိမ်သာဆောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

အိမ်သာပစ္စည်းတွေ သွားထုတ်ရမယ်တဲ့။ ဘိလပ်မြေ၊ သံချောင်း၊ အိမ်သာခွက်စတဲ့ ရုံးကထုတ်ပေမယ့် ပစ္စည်းဆိုတာတွေ မထုတ်မီ ရွာကိုသယ်ဖို့ ဦးနှောက်ခြောက်ရတယ်။ ကျွန်တော်တို့ ခရီးက လှည်းမပေါက် လှေမပေါက်၊ ထွန်စက်တွေနဲ့ လယ်ကွင်းတွေကို လမ်းဖောက်ပြီး သွားရမှာ။ ဒါနဲ့ လယ်ထွန်စက် နောက်တွဲပါ ကယ်ရီတွေ သွားငှားထားရတယ်။ ပြီးတော့ ပစ္စည်း ထုတ်ဖို့ တိုင်းရုံးက ပစ္စည်းထားတဲ့ ဂိုဒေါင်ကို မောင်းသွားရ တယ်။

ဂိုဒေါင်ရောက်တော့ ကျွန်တော့် တစ်ကျောင်းတည်းအတွက် အိမ်သာခွက် ၈ လုံး၊ သံချောင်းတွေ၊ ဘိလပ်မြေ တွေကို တာဝန်ခံတစ်ယောက်က လိုက်ပြပြီးထုတ်ပေးတယ်။ သံချောင်းတွေက စာထဲမှာပါတဲ့ အရည် အသွေး အတိုင်းမဟုတ်ဘူး ဥပမာ မူးလုံးလျှော့၊ ကြိတ်သားတွေ။ သံဖိနပ်ပြားတွေကလည်း နို့ဆီခွက်ပြားကို အပေါက် ဖောက်ထားသလားထင်ရတယ်။ ဘိလပ်မြေဆိုတာတွေကလည်း သံမံတလင်းပေါ်မှာ ဒီအတိုင်း ပစ်ထား တာကြာ၊ ဂိုဒေါင်အမိုးကမလုံဆိုတော့ အိတ်တွေကွဲပြီး ခဲနေတယ်။ ပြီးတော့ အိမ်သာခွက်ကွဲ၊ ပိုက်လုံးကွဲ တွေကိုလည်း တွေ့ရတော့ ကျွန်တော်က ဒီပစ္စည်းတွေဆိုရင် လက်မခံနိုင်ကြောင်း ပြောလိုက်တယ်။ စာရွက်ထဲမှာပါတဲ့အတိုင်း အရေအတွက် ဆိုတာထက် အရည်အသွေးကို မကြိုက်လို့ မထုတ်နိုင်ဘူးလို့ ပြတ်ပြတ်ပဲ ပြောလိုက်တယ်။

အဲဒီတော့ ဂိုဒေါင်စောင့် တာဝန်ခံက တိုင်းပညာရေးမှူးကို သွားပြောဆိုတာနဲ့ တိုင်းပညာရေးမှူးနဲ့ ထပ်တွေ့ပြန် တာပဲ။ သူက

“အဲဒါ မင်းတာဝန်၊ ထုတ်ပြီး လုပ်ခိုင်းတဲ့အချိန်မှာ မင်းပစ္စည်းတွေ မထုတ်တာ မင်းတာဝန်။ ဖြစ်အောင်လုပ်။ မဖြစ်ရင် မင်းကို အရေးယူမယ်”

“ဆရာကြီး … ကျွန်တော့်ကို ကျောင်းအုပ်မဟုတ်ဘူး။ တာဝန်မရှိဘူး။ ကျောင်းအုပ်လွှတ်လိုက်မယ်ပြောတာ ဆရာကြီး။ အိမ်သာ လုပ်ဖို့ မလုပ်ဖို့ ကျွန်တော် တာဝန်ယူထားတာ ဘာမှ မရှိဘူး။ ကျွန်တော်ဘာမှ တာဝန်မရှိ ဘူးဆိုပြီးတော့ဆရာကြီးကပြောတယ်။ ခု .. အရေးယူမယ်လို့ ပြောတာနဲ့ ကျွန်တော် မလုပ်နိုင်ဘူး။ ဆရာကြီး ကြိုက်တာလုပ်ပါ။ ကျွန်တော် ဆရာကြီး အရေးယူတာကို စောင့်နေပါ့မယ်” လို့ပြောပြီး ပြန်ထွက်ခဲ့ပါတယ်။

(၄)

ဒီနေရာမှာ ညီငယ် ညီမငယ် ဆရာ ဆရာမလေးတွေကို တစ်ခုပြောချင်ပါတယ်။ ရွာတစ်ရွာမှာ ကျောင်းဆရာ တစ်ယောက်က ဟိတ်ဆို ဟိတ်လိုက်၊ တိတ်ဆို တိတ်လိုက်ဆိုတဲ့ အနေအထားမျိုးရောက်အောင် လုပ်ဖို့ မလွယ်ဘူးဆိုတာ ကောင်းကောင်းသိထားကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော် ကိုယ်ရည်သွေးတာ မလုပ်ချင်ပေမယ့် ဒီရွာကို ရောက်ခါစအကြောင်းလေးကို နည်းနည်းလောက် ပြောပြချင်ပါတယ်။

ကျွန်တော့်ကို အလယ်ကျောင်း တာဝန်ခံကျောင်းအုပ်ဆိုတာ စာနဲ့ ပေနဲ့ တရားဝင်ခန့်လိုက်တာတော့ မဟုတ်ဘူး။ မြို့နယ်ပညာရေးမှူးက ပါးစပ်နဲ့ ခန့်လိုက်ပြီး၊ ယခင် ပင်စင်ယူသွားတဲ့ ကျောင်းအုပ်ကြီးရဲ့ ကျောင်း တံဆိပ်တုံးတွေပေးပြီး "သွားရော့လဟယ်" ဆိုပြီး လွှတ်လိုက်တာ။

ကျောင်းရောက်တော့ စိတ်ဓာတ်တောင်ကျသွားတယ်။ ရွာခံ ဆရာတွေအများဆုံး ရှိနေတဲ့ကျောင်းဆိုတော့ ၀မ်းရေးအတွက် ဆရာတွေ ဆရာမတွေက တောထဲဝင်ပြီး ၀ါးခုတ် သစ်ခုတ်တဲ့သူတွေ၊ လယ်ထဲ ကိုင်းထဲ ဆင်းပြီး စိုက်ပျိုးရေးလုပ်နေရသူတွေ ဖြစ်နေတော့ ကျောင်းမှာ မရှိကြတာကများတယ်။ တစ်လ နှစ်လလောက် လူမမြင်ဖူးဘဲ လစာထုတ်ပေးနေရတာတွေရှိတယ်။ နောက်ပိုင်း ကျောင်းကို စာလာမသင်ရင် အရေးယူမယ် ဆိုပြီးတော့ ခြိမ်းခြောက်ရတော့တယ်။ ဘယ်လောက်အထိဖြစ်နေသလဲဆိုရင် ၇ နှစ်တိတိ ကျောင်းနဲ့ ကင်းကွာ နေတဲ့ မူလတန်းကျောင်းဆရာ တစ်ယောက်ကို လစာတွေ ထုတ်ပေးထားတယ်။ အဲဒီဆရာ ကျောင်းကို ရောက် လာတော့ ဘာစာမှတောင် မသင်တတ်တော့ဘူး။

အဲဒီလို ဖြစ်နေတဲ့ကျောင်းမှာ သင်ကြားရေးကိုဆရာတွေရောက်လာအောင် အရင်လုပ်ရတယ်။ ကျောင်းမတက် တဲ့ ကလေးတွေကို တောထဲတောင်ထဲလိုက်ပြီး ဘာကြောင့်မတက်ရသလဲဆိုပြီး လိုက်စုံစမ်းရတယ်။ ကျောင်း မပို့ရင် အရေးယူမယ်ဆိုတာတွေအထိ လိုက်ပြောရတာတွေ လုပ်ခဲ့ဖူးတယ်။ ဘယ်လို အရေးမလဲလို့ ကိုယ့်ကို ပြန်မေးရင်တောင် ပြောရခက်တယ်။

ကျောင်းတစ်ခုလုံး သန့်ရှင်းအောင်လုပ်၊ ခြံစည်းရိုးတွေကာ၊ သစ်ပင်တွေစိုက်၊ ကျောင်းက ပြန်ပြီး အသက်ဝင် လာတယ်။ ကျွန်တော်ရောက်တဲ့ နှစ်မှာပဲ အဋ္ဌမတန်းအစိုးရစစ်ကို ၃၃ ယောက်ဝင်ဖြေတာ ၃၂ ယောက် အောင် တယ်။ သူတို့ ရွာသမိုင်းမှာ ကြားတောင်မကြားဖူးတဲ့ အောင်ချက်ပေါ့။ အရင်က လူ ၂၀ လောက်ဝင်ဖြေရင် ၅ ယောက်လောက်အောင်တာကို ကျေနပ်နေတဲ့ကျောင်းမှာ ၀ုန်းဝုန်းဒိုင်းဒိုင်းဖြစ်အောင် ကလေးတွေလည်း မနေရ၊ လူကြီးတွေလည်း မနေရအောင် လုပ်ပြရတယ်။

ရွာသူရွာသားတွေနဲ့ လယ်ကွင်း၊ စပါးခင်း၊ သစ်တောတွေထဲ အတူအိပ်၊ အတူစား နေပြရတယ်။ ကျောင်းဆောင် သစ်တွေ ဆောက်နိုင်အောင် လုပ်ခဲ့ရတယ်။ ကျွန်တော် ခုပြောတာတွေအားလုံးကို ၂ နှစ်လောက်၊ မနားမနေ လုပ်ခဲ့တော့မှ ရွာကလည်း "ငါတို့ဆရာ" ဖြစ်လာတာ။ အဲဒီတော့မှ ဟိတ်ဆို ဟိတ်လိုက်၊ တိတ်ဆို တိတ်လိုက် ဖြစ်သွားတာ။

ဒါကြောင့် ကျွန်တော်ဆိုတဲ့ကောင်ကလည်း "ထောင်တောင်တောင်" လုပ်နိုင်တာပေါ့ဗျာ။ ကိုယ်က အာဏာပိုင် ဆိုတဲ့ကောင်တွေကို စိန်ခေါ်နိုင်ဖို့ဆိုတာ ကိုယ့်ဘက်က မှန်နေဖို့လိုတယ်။ ရွာက ဒီဆရာ လုပ်နေတာတွေဟာ ငါတို့ရွာအကျိုး၊ ကျောင်းအကျိုး၊ ကလေးတွေအကျိုး လုပ်နေတာပါလားလို့ လက်ခံလာရင် အောင်မြင်ပြီလို့သာ မှတ်လိုက်ပေါ့ဗျာ။ လုပ်ပြမှ သူတို့ဆီက အသိအမှတ်ပြုတာကို ပြန်ရတတ်တယ်ဆိုတာ သိစေချင်တယ်။

ဒါကြောင့် တိုင်းပညာရေးမှူးက ကျွန်တော့်ကို အရေးယူမယ်လို့ ပြောတာလောက်ကတော့ ကျွန်တော် ဘယ် ဂရုစိုက်မလဲ။ ကျွန်တော်က ကျောင်းဆရာဆိုပြီး ကျောင်းကို အချိန်ကိုက်လာ၊ တာဝန်ကျချိန်လေးဝင်သင်၊ ပြီးရင် ပြန်သွားလုပ်နေတဲ့ ဆရာမဟုတ်ဘူး။ ကျောင်းထဲမှာနေ၊ ကျောင်းထဲမှာစား၊ ကလေးတွေနဲ့ မိဘနဲ့ သားသမီးလို လုပ်နေတဲ့ဆရာဆိုတော့ ခုချိန်မှာ ငါ့ကို အရေးယူလိုက်လည်း သောက်ဂရုမစိုက်ဘူး။ ဒီနေ့ အရေးယူ နောက်တစ်နေ့ထွက်မယ်ဆိုတဲ့ မာန်တော့ အပြည့်ရှိတယ်။

ဒီရွာ ဒီကျောင်းမှာ ကျောင်းအုပ်တွေဆိုတာ မလာဘဲ ရာထူးတိုးသွားတာ၊ ဆရာတွေ လယ်ထဲ ကိုင်းထဲဆင်းပြီး လစာထုတ်စားနေကြတဲ့ဘ၀ကို ကျွန်တော်မရမကပြောင်းထားတယ်။ ကျွန်တော့်ဘက်မှာ တစ်ရွာလုံး ရှိတယ် ဆိုတာ သိလို့လည်း ကျွန်တော်မာရဲတာပါ။

အမှန်တရားက ငါ့ဘက်မှာ ရှိနေတယ်လို့ လက်ခံထားတဲ့အတွက် အာဏာနဲ့ ခြိမ်းခြောက်ဟိန်းဟောက်လာတာ မျိုးတွေကို ကျွန်တော် ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဌာနရဲ့တာဝန်တွေကို ကျေပွန်အောင်လုပ်တယ်၊ သင်ကြား ရေးမှာ ထူးချွန်အောင်လုပ်တယ်။ ဘာတစ်ခုမှ ပြစ်ချက်မရှိအောင် လုပ်နေတဲ့ ဆရာတစ်ယောက်ကို တိုင်းပညာရေးမှူးဆိုသူက အရေးယူတာကို ခံချင်လို့ ကျွန်တော် ရွာပြန်ပြီး အမိန့်ဆိုတာကို စောင့်နေပါတော့ တယ်။

 (၅)

ကျွန်တော်တာဝန်ကျရာ ရွာက မြို့နဲ့ လမ်းကြောင်းအရဆိုရင် ၅၂ မိုင်လောက်ဝေးတယ်။ ၁၀ မိုင်ကားစီး၊ ၇ မိုင် မြင်းလှည်းစီး၊ ပြီးရင် ၃၅ မိုင်လောက်ကို ခြေလျှင်ခရီးသွားမှ ရောက်တဲ့ရွာပေါ့။ မိုးဖြိုင်ဖြိုင်ကျရင် မြစ်ကြောင်း အတိုင်း ပဲ့ထောင်စီးရတယ်။ မြစ်ကိုဆန်တက်ရတာဆိုတော့ မနက် ၄ နာရီက ပဲ့ထောင်စထွက်ရင် ရွာကို ညမှောင်မှ ရောက်တယ်။ ရွာက မြို့ကို ပဲ့ထောင်နဲ့ဆင်းရင်တော့ အစုန်ခရီးဖြစ်တာကြောင့် နေ့ဝက်နဲ့ ရောက် နိုင်ပါတယ်။

မိုးကုန်လို့ ဆောင်တွင်းရောက်ရင် ၃၅ မိုင်ခရီး ခြေလျှင်ဆင်းကြရတယ်။ မနက် ရွာကနေ ၄ နာရီလောက်ထွက်၊ မြင်းလှည်းစီးလို့ရတဲ့ နေရာကို နေ့လည် ၂ နာရီလောက်မှရောက်ပါတယ်။ တစ်လမှာ တစ်ကြိမ် လစာထုတ် ဆင်းရတယ်ဆိုပေမယ့် အရေးပေါ် အစည်းအဝေးတွေဆိုရင်လည်း နှစ်ကြိမ်လောက်ခြေလျှင်ဆင်းကြရတယ်။

နွေမှာ စပါးတွေ ရိတ်ပြီးရင်တော့ နင်းကြမ်းတွေဆောက်ပြီး၊ လယ်ကွင်းတွေကို လမ်းဖောက်ကာ လယ်ထွန်စက် နောက်တွဲကြီးတွေနဲ့ မြို့အရောက် သွားကြပါတယ်။ တစ်လမ်းလုံး ဖုန်ထူထူထဲ ဖြတ်မောင်းရတဲ့ ခရီးဖြစ်တာ ကြောင့် မြို့ရောက်ရင် မျောက်ဖြူကြီးတွေလို ဖွေးဖွေးဖြူနေတော့တယ်။

ကျွန်တော် ရွာရောက်ပြီး တစ်လလောက်သာ ကြာသွားတယ် ဘာအမိန့်မှ ရောက်မလာဘူး။ ဒီတော့ မေ့မေ့ ပျောက်ပျောက်ဖြစ်သလိုနေရာက မိုးကျလာတော့တယ်။ မိုးကျလာတယ် ဆိုပေမယ့် မြစ်ထဲမှာ ရေသိပ်မရောက် သေးတော့ ပဲ့ထောင်ကြီးတွေ ပြေးလို့မရသေးပါဘူး။ တစ်ညတော့ ညဥ့်နက်ချိန်ကြီးမှာ ကျောင်းဝင်းဝကနေ အော်ခေါ်သံကြားလိုက်ရတယ်။

"ကိုတင်ညွန့် … ကိုတင်ညွန့်" ဆိုတော့ ဘာတွေများလဲပေါ့။ ပြီးတော့ ကျွန်တော့်ကို အမည်ခေါ်တာ ဒီရွာမှာ ဘယ်သူမှလည်းမရှိဘူး။ ဒါကြောင့် မီးခွက်ကိုင်ပြီး ကျောင်းဝကို ထွက်ခဲ့တယ်။

ကျောင်းဂိတ်ဝမှာ ကျွန်တော်လေးစားရတဲ့ ATEO ဆရာနဲ့ ကျောင်းအုပ်ကြီးတစ်ယောက်။ သူတို့ မြို့ပေါ်ကနေ လာကြတာ။ ကျွန်တော်လည်း အံ့အားသင့်သွားတယ်။ သူတို့ကို ရွာက ကျောင်းကော်မတီဝင်တစ်ယောက်အိမ် ပို့ပြီးရေချိုး၊ ထမင်းကျွေး၊ စကားဝိုင်းဖွဲ့လိုက်တော့မှ အိမ်သာဆောင်ဖို့အတွက်ပစ္စည်းတွေကို ကိုယ်တိုင် လာပို့ ပေးတာဖြစ်ကြောင်း၊ ကျွန်တော် ဂိုဒေါင်ထဲမှာ တွေ့ခဲ့တဲ့ ပစ္စည်းတွေမဟုတ်ကြောင်း၊ စံချိန်စံညွှန်းအပြည့်၊ ဘိလပ် မြေတွေကလည်း အကောင်းတွေဖြစ်ကြောင်း သိရတော့တယ်။ ကျွန်တော့်ဆရာ ATEO နဲ့ မူအုပ်ကြီးကိုလည်း အရမ်းအားနာသွားတယ်။

သူတို့လာရတဲ့ခရီးက မလွယ်ဘူးဗျ။ မြစ်ထဲမှာ ရေသိပ်မများသေးတော့ ပစ္စည်းတွေတင်လာတဲ့ ပဲ့ထောင်က မောင်းလို့ရတဲ့နေရာမောင်း၊ ဆင်းတွန်းရတဲ့နေရာတွေ ဆင်းတွန်း၊ ရေမရှိတဲ့နေရာတွေဆိုရင် မြောင်းဖောက်ပြီး တော့ ကြိုးနဲ့ပါ ဆွဲလာကြရတာ။ သူတို့လည်း မနေတတ် မထိုင်တတ် ၀ိုင်းဆွဲလာခဲ့ရတော့ ပင်ပန်းပြီးပက်လက် လန်နေကြပြီ။ ကျွန်တော့်ဆရာATEO က

"ကိုတင်ညွန့် ခင်ဗျားအကြောင်း ကျွန်တော် တိုင်းပညာရေးမှူးကို ပြောပြလိုက်တယ်။ ရွာကိုလာတဲ့ လေ့ကျင့်ရေး ဗိုလ်မှူးကြီးတစ်ယောက်ကိုတောင် ဘယ်လိုခံတွယ်တယ်ဆိုတာပါ ထည့်ပြောလိုက်တယ်။ အဲဒီလို ဆရာတစ်ယောက်ကို ဆရာကြီးသွားစိန်ခေါ်လိုက်တာ ရွာကိုသွားပြီး တုတ်နဲ့ထိုးလိုက်သလိုလည်း ဖြစ်သွား နိုင်တာတွေပါ ပြောလိုက်တယ်ဗျာ။ ခင်ဗျား အိမ်သာပြဿနာက အထက်ကပါ သိနေတယ်။ သူတို့ကလည်း ခင်ဗျားအိမ်သာပြီးအောင်ဆောက်မှ ပိုက်ဆံထုတ်ပေးမယ်ဆိုပြီး ရစ်ကြတယ်။ ခုဆိုရင် တစ်မြို့နယ်လုံးမှာလည်း နောက်ဆုံးအရစ် ပိုက်ဆံမထုတ်ပေးလို့ ဆူညံနေပြီ။ ကျွန်တော် ခင်ဗျားကို ညီအစ်ကိုလို ပြောတာပါဗျာ။ ဒီတစ်ခါတော့ ခင်ဗျားဘက်က နည်းနည်းလျှော့ပေးလိုက်ပါ။ သူ့အတွက် မဟုတ်ပါဘူး။ အားလုံးသော ဆရာ ဆရာမတွေအတွက်ပါ" လို့ ပြောလာပါတယ်။

ကျွန်တော်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော့်အလွန်လေးစားရတဲ့ ATEO ဖြစ်နေတာက တစ်ကြောင်း၊ ပစ္စည်းတွေကို ပင်ပန်းခက်ခဲစွာ ယူလာပေးရတာလည်း ဖြစ်နေတာကတစ်ကြောင်းဆိုတော့ လက်ခံလိုက်ရတော့တာပေါ့။

လက်ခံတယ်ဆိုတာ သူတို့ကို အလွယ်ပြောရတာ။ ကျွန်တော်ဆောက်လုပ်ချိန်က တစ်လလောက်ပဲ ရှိတယ်။ တစ်လအတွင်း အုတ်ဖုတ်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူး။ သစ်သားနဲ့ ဆောက်လို့လည်း မရတော့ ပိုခက် တယ်။

ပထမဆုံး ရွာမှာအစည်းအဝေးခေါ်၊ ညက ဆရာတွေလာပေးတဲ့ ပိုက်ဆံတွေ ရွာက ဘဏ္ဍာရေးမှူးလက်ထဲ ထည့်၊ အိမ်သာကော်မတီဖွဲ့၊ အရမ်းအလုပ်တွေများသွားတော့တယ်။ ပထမဆုံး အုတ်တွေဘယ်ကရမလဲဆိုတာ စဉ်းစားကြတယ်။ ပိုက်ဆံရှိတဲ့ အိမ်တွေက အုပ်တွေလှောင်ထားတတ်တော့ တစ်အိမ်တက်ဆင်း ပြောရတယ်။ နောက်နွေမှာ အုတ်ဖုတ်ပြီးပြန်ပေးပါ့မယ်ပေါ့။ ဘယ်လောက်ရရ အုတ်တွေကို အိမ်ရှေ့ ထုတ်ပုံ၊ ရွာဦးကျောင်း ထဲက အုတ်လည်းမချန်၊ နောက်ဆုံး ရွာထဲမှာ လမ်းခင်းထားတဲ့အုတ်တွေကိုပါ ဖော်ထုတ်ပြီး ဆောက်လုပ်ရေး အတွက် စိုင်းပြင်းရတော့တယ်။

ရွာမှာက ဘုန်းကြီးလူထွက် ပန်းရံဆရာက တစ်ယောက်တည်း။ တွဲဘက်အထက်တန်းက ကျောင်းသားကြီးတွေ ကို အကူအညီတောင်း၊ ကိုယ်တိုင်လည်း အုတ်သယ်၊ ပန်းရန်ဝင်လုပ်၊ မဆလာဖျော်၊ ရေထမ်း မနားတမ်း လုပ်ရ တယ်။ မိုးကျလာတော့မှာဆိုတော့ ညဘက်တောင် မီးပုံကြီးတွေနဲ့ အလင်းရအောင်လုပ်ပြီး အလုပ်ဆင်းကြရ တယ်။ စုစုပေါင်း ၂၃ ရက်တိတိမှာ အိမ်သာကို အပြီးသတ်နိုင်ခဲ့ပါတယ်။ ကိုယ့်စိတ်ကြိုက် ဆောက်ခဲ့ရတာ ကြောင့်လည်း ခိုင်ခန့်ပြီး ကျောင်းဆောင်ထက်တောင် ကောင်းနေတဲ့ အိမ်သာတွေ ရခဲ့သပေါ့။

ဘာပြောပြောပါဗျာ။ ကိုယ့်ရွာ ကိုယ့်ကျောင်းကောင်းအောင်လုပ်ဖို့ တစ်ခါတစ်လေ စိတ်ထဲက မကောင်းတာတွေ ရှိပေမဲ့လည်း မေ့ဖျောက်လိုက်ရတာတွေရှိပါတယ်။ ကိုယ့်ရဲ့ အတ္တခံစားချက်ကို အလေးပေးရင်လည်း ရွာက အိမ်သာကောင်းကောင်း မရရုံပဲရှိမှာပဲ။ ကျွန်တော့်ဘ၀မှာတော့ မခံချင်စိတ်ကို အကျိုးပြုစိတ်နဲ့ လက်တွေ့ အကောင်အထည်ဖော်ပြပြီး မှတ်တိုင်တစ်ခုစိုက်နိုင်ခဲ့တာဟာ အာဏာရှင်တစ်စုကို တိုက်ပွဲဆင်နွှဲပြီး အောင်ပွဲ ရလိုက်သလိုတော့ ခံစားခဲ့ရပါတယ်။ ဘာပြောပြော ဒီတိုက်ပွဲမှာ ရေဘူးပေါက်နဲ့ ဖြုတ်ဦးနှောက်ကို ကောက်ပေါက်နိုင်ခဲ့တာတော့ အမြတ်လို့ဆိုရပါလိမ့်မယ်။

၂၁.၄.၂၀၁၅

Powered by Bullraider.com