ငွေပညာနဲ့ အနာဂတ်

http://cf.ltkcdn.net/charity/images/std/126331-425x274-Future-Money.jpg

အချိန်ပိုင်းသတင်းစာဖြန့်ချိတဲ့ လုပ်ဖော်ကိုင်ဖက် ညီငယ်တစ်ယောက် သတင်းစာထုပ်ကြီးကို ဗုန်းခနဲချ ပြီးခေါင်းငုံ့လို့ အချပ်ပိုတွေထည့် ရေတွက်ခွဲဝေနေပါတယ်။ သူ့မျက်နှာကမကောင်း၊ ကျွန်တော်မသိမ သာအကဲခတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ညီငယ်ကို မေးမြန်းကြည့်လိုက်ပါတယ်။

‘ညီလေး . . ဘာများစိတ်မကောင်းစရာကြုံလာသလဲ’ လို့မေးကြည့်တော့ မဖြေချင်ဖြေချင်နဲ့ သူကရင် ဖွင့်ပါတော့တယ်။ ‘ဦးလေး . . . မနေ့က သမီးဆရာမသင်တန်းတက်ဖို့ စာမေးပွဲအောင်စာရင်းသွား ကြည့်တာ တစ်တိုင်းလုံးမှာတစ်နေရာတည်းကပ်ထားတော့ လူတွေ၊ လူတွေတိုးဝှေ့တွန်းထိုးရန်ဖြစ်နဲ့ ကြည့်ခဲ့ရပြီး ခေါင်းတွေလည်းမူးနောက်လာရော၊ ရှေ့ရောက်လို့ကြည့်ပြန်တော့ သမီးနာမည်ပါမလာ ဘူး။ ပိုပြီးမောသွားတာပေါ့ဦးလေး။

ပြီးတော့ . . . ဟိုး . . . ဟိုးအဝေးကြီးတကောင်းကြာညပ်ကနေ ဒီမန္တလေးမြို့ကြီးအထိ အောင်စာရင်း လာကြည့်ရတော့ လမ်းစရိတ်လည်းကုန်၊ အချိန်လည်းကုန်၊ လူကလည်း ပင်ပန်းလိုက်တာဦးလေးရာ။ သမီးရဲ့မျက်နှာငယ်လေးမြင်ပြီး အဖေလုပ်တဲ့ကျွန်တော်လည်း အခုထိစိတ်မကောင်းဖြစ်နေလို့ပါ ဦးလေး’

‘ဟေ . . . စာမေးပွဲဆိုတာ အောင်တာနဲ့ ရှုံးတာနှစ်ခုရှိပြီး တစ်ခုခုဖြစ်တာ စိတ်မကောင်းစရာလားကွ။ တစ်ခုမရရင် တစ်ခုကြိုးစားရမှာပေါ့ကွာ’ လို့ ချွေးသိပ်လိုက်မိပါတယ်။

‘ဦးလေးပြောတာတော့ မှန်ပါတယ်။ ကျွန်တော်တစ်ညလုံးအိပ်မပျော်ဘူး။ စဉ်းစားနေတာ’

‘ဘာများစဉ်းစားနေမိတာတုံးကွ’ ဟု ပြန်မေးလိုက်မိရာ . . . .

‘ဒီစာမေးပွဲအောင်စာရင်းကို စာဖြေဌာနတိုင်းမှာ ပြန်ကပ်ပေးရင် မိတ္ထူခဘယ်လောက်ကုန်မှာမို့လို့လဲ ဗျာ။ အခုတော့ဟိုးအဝေးကြီးက အချိန်ကုန်၊ ကားခကုန်၊ လူပင်ပန်းနဲ့ အောင်စာရင်းကြည့်ဖို့လာရတဲ့ ဒုက္ခကိုတာဝန်ရှိသူတွေ နည်းနည်းလေးကိုယ်ချင်းစာစိတ်နဲ့ လုပ်ပေးလိုက်ရင် မကောင်းပေဘူးလား ဗျာ။ အခုတော့ ကျွန်တော့်သမီးတစ်ယောက်တည်း မဟုတ်ဘူး။ နယ်ကစာမေးပွဲဖြေတဲ့သူတွေ အများ ကြီး . . . အများကြီး’

သူ့အသံ တိမ်ဝင်သွားပါတယ်။

ထပ်ပြောချင်တာတွေ ရှိနေသေးပုံနဲ့ သူ့အလုပ်ကိုလည်း မပြီးမှာစိုးပြီး ပျာယာခတ်နေပါတယ်။ တကယ် တော့ စီမံခန့်ခွဲသူတွေ ဒါလေးလုပ်ပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိတုံး . . . ။

‘ဒါတင်မကသေးဘူးဗျ . . . လုပ်ပုံတွေက . . . ။’

‘ပြောပါဦးငါ့ညီရာ . . . လက်ကကအလုပ်လုပ်၊ ပါးစပ်ကပြောလို့ရပါတယ်’

‘ဦးလေးစဉ်းစားကြည့်ပါဦး။ ဒီနေ့ရေးဖြေအောင်စာရင်းထွက်၊ ဒီနေ့လူတွေ့စစ်ဆေးမယ်တဲ့၊ ပြီးတော့ လူတွေ့စစ်ဆေးတဲ့အခါ အင်္ကျီအဖြူ၊ လုံချည်အစိမ်းဝတ်ခဲ့ရမယ်တဲ့။ ကြိုတင်ပြီးသတင်းထုတ်ပြန်ထား တာ မဟုတ်ဘူး။ ကျွန်တော့်သမီးလိုနယ်က ကမန်းကတန်း ရေးဖြေအောင်စာရင်းလာကြည့်တဲ့သူက အောင်မှန်း၊ မအောင်မှန်းလည်း မသိသေးဘူး။ တက်သုတ်ရိုက်လာခဲ့ရတာ။ အောင်တယ်ဆိုရင်လည်း အဲဒီနေ့ချက်ချင်းလူတွေ့စစ်ဆေးမယ်တဲ့။ ဘာမှမပြင်ဆင်ခဲ့ရဘူး။ အင်္ကျီအဖြူ၊ လုံချည်အစိမ်းဆိုတာ လည်း မြို့ပေါ်မှာ အသိမရှိတဲ့သူဆိုရင်၊ ဒါမှမဟုတ် အသိရှိဦးတော့ အဲ့ဒီအသိအိမ်မှာ ကျောင်းသား၊ ကျောင်းသူရှိဦးမှ အင်္ကျီအဖြူအစိမ်း ငှားဝတ်လို့ရမှာ။ ဒါတောင် ရွယ်တူဖြစ်မှလေ။ အင်မတန်အခွင့်အ ရေးနည်းပါးလှပါတယ်ဦးလေးရာ။ ချက်ချင်းနေ့တစ်နေ့အတွင်း လူတွေ့စစ်ဆေးဖို့ နယ်ကဖြေတဲ့သူ တွေအတွက် လုံးဝအခွင့်အရေးမပေးတဲ့ လူရွေးချယ်ရေးစနစ်ကြီး ဖြစ်မနေဘူးလားဗျာ’

‘အင်း . . . မင်းပြောတော့လည်း စိတ်မကောင်းစရာ’

‘ဒါတင်ဘယ်ကဦးမလဲ ဦးလေးရ’

‘ဟ . . . ပြောစမ်းပါဦးကွာ . . . ကြားရသေးတာပေါ့’

‘ဒီအစီအစဉ်၊ ဒီခွင်တွေက တမင်လုပ်ထားတာဦးလေးရ။ ပညာရေးလောကဟာ တိုင်းပြည်ရဲ့ အနာ ဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်နော်။ ပေးရင်အောင်၊ မပေးရင်ကျဆိုတဲ့စနစ်က မမြင်နိုင်ပေမယ့် လုပ် ရပ်တွေက အထင်အရှားဖြစ်နေပြီလေ။ ပြန်စဉ်းစားကြည့်လိုက်ပေါ့ ဦးလေး’

‘ဟုတ်တယ်ကွ။ ချိတ်ဆက်စဉ်းစားကြည့်လေ၊ ပေါ်လေပဲ။ ငါတော့ ရင်လေးပါတယ်ကွာ။ အနာဂတ်ရဲ့ ခေါင်းဆောင်ကလေးတွေကို စာသင်ပေးရမယ့် ဆရာ၊ ဆရာမလောင်းတွေက တချို့အပေး၊ အယူနဲ့ ဆရာမသင်တန်း သွားတက်နေရမှာဆိုတော့ သူတို့စိတ်ရော လုံပါ့မလား။ ဒါ့အပြင် ကုန်ကျထားတဲ့ ငွေအရင်းအနှီးနဲ့ ထိုက်တန်အောင် ဆရာ၊ ဆရာမဖြစ်လာရင် ကလေးတွေဆီက ငွေနှိုက်ယူဖို့အဓိက၊ စာတတ်ရေး မတတ်ရေးက အဓိကမကျဘူးဆိုရင် ကောင်းနိုင်ကြပါဦးမလား’ ဆရာ၊ ဆရာမများကို အပြစ်ဖို့နေခြင်း မဟုတ်ပါ။ စီမံခန့်ခွဲသူများကိုလည်း မဟုတ်ဘဲ လုပ်ကြံပြောနေခြင်းမဟုတ်ပါ။

ဖခင်ဖြစ်သူ ညီငယ်တစ်ယောက်တကယ့်အဖြစ်အပျက်များကို တစ်ပိုင်းတစ်စချန်ထားခဲ့ရင်း တစ်နေ့ တာရဲ့ နံနက်ခင်း ကုန်ဆုံးသွားခဲ့ပါတယ်။ နေ့လယ်ခင်းမှာတော့ ကျောင်းဆရာကြီး၊ စာရေးဖော်နဲ့ ကျွန် တော်လက်ဖက်ရည်သောက်ရင်း စကားပြောဖြစ်ကြပါတယ်။

ကျောင်းဆရာကြီးက လက်ဖက်ရည်သောက်ရင်း ကျွန်တော်ကိုကြည့်ကာ ရင်တွင်းစကားကို ဖြည်း ဖြည်းပြောပါတယ်။ ‘နောက်ဆက်တွဲ အောင်စာရင်းလည်း ထွက်တယ်လေ။ အဲဒီအောင်စာရင်းမှာပါသူ တွေက နယ်မှာသွားတက်ရမှာ။ ဒီမှာတက်ခွင့်မရှိဘူး။ ပြီးတော့ အဆောင်လည်းမရဘူး။ ကိုယ့်စားစ ရိတ်ကိုယ်စားပြီး တက်ရမှာ။ ဒီမြို့မှာတက်ရတဲ့ဆရာ၊ ဆရာမလောင်းတွေနဲ့မတူ . . .’

‘ဟာ . . . သင်တန်းတက်ရတာ အတူတူ ဒီမှာက အဆောင်မှာစမတ်ကျကျ၊ ဟိုမှာက ကိုယ့်အဆောင် ကိုယ်ငှား။ သင်တန်းချင်းအတူတူ ဘာလို့ခွဲခြားထားရတာလဲဗျာ’

ကျွန်တော်က နားမလည်ဘဲ မေးမိပါတယ်။ ဆရာကြီးက ရယ်ကျဲကျဲနဲ့ ဖြေပါတယ်။

‘အိုး . . . ခင်ဗျားကလည်း ဒီမှာတက်ရတဲ့သူတွေက ဟိုမှာတက်ရတဲ့သူတွေနဲ့ မတူဘူးလေဗျာ။ အောင် စာရင်းထွက်ပေးထားတာကိုက အရှင်းကြီးပဲ’

‘ရှင်းပါ့၊ ရှင်းပါ့ . . . ဆရာကြီးရယ် ဟိုနေ့က သတင်းစာထဲ ဖတ်လိုက်ရပါတယ်။ ဖြေသူ ၃၀၀၀၀ ကျော်၊ အောင်သူ ၄၀၀၀ လောက်ဆိုတော့ တစ်ပြည်လုံး . . . အင်း’

‘အေးပါဗျာ . . . အေးပါ အပေးအယူကိစ္စတွေက ပညာရေးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ တခြားဝန် ကြီးဌာနတွေမှာလည်း အနည်းနဲ့အများရှိမှာပေါ့။ ခွင်တွေကလည်း မမြင်နိုင်အောင် လုပ်ထားကြမှတော့ ကျွန်တော်တို့နိုင်ငံ . . . ။’

ကျွန်တော့်စကားကို ဘရိတ်အုပ်လိုက်မိပါတယ်။ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ ပညာရေးဌာနရဲ့ လက် ခုပ်အတွင်းမှာ အဓိကကျစွာရှိနေတာမို့ အခြားနေရာများကို ကျွန်တော်မပြောတော့ပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းကကျောင်းမှာ ဆိုခဲ့ရတဲ့သီချင်းလေးကို သွားသတိရမိပါတယ်။

မိမိကိုယ်ကို ကောင်းအောင် . . . .

ကြိုးစားမည်။

မိမိကျောင်းကို ကောင်းအောင် . . . .

ကြိုးစားမည်။

မိမိတိုင်းပြည်အတွက် ကောင်းအောင် . . . .

ကြိုးစားမည်။

ကျွန်တော်တို့ သုံးဦး လက်ဖက်ရည်သောက် ဘေးထိုင်ဘုပြော မလုပ်မိကြဖို့၊ ကိုယ့်ကိုယ်ကိုယ် အဲဒီလို မသမာတဲ့ လက်တစ်လုံးခြား လာဘ်ယူမှုလောကထဲ မပါမိကြဖို့ ချွေးသိပ်ကြရင်း လမ်းခွဲပြန်ခဲ့ကြပါ တော့တယ်။

အိမ်ပြန်ရောက်တော့ နံနက်ခင်းက လုပ်ဖော်ကိုင်ဖက်ညီငယ်တစ်ဦးရဲ့ မျက်နှာငယ်ငယ်ကို ပြန်မြင်ပြီး အတွေးနယ်ချဲ့မိပြန်ပါရောဗျာ။

ကျွန်တော်တို့တစ်ဦးချင်း မိမိကိုယ်ကို ပြန်ဆန်းစစ်ကြဖို့။ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့အကျင့်စာရိတ္တ ပြောင်းပြန်လှန်ပြောင်းလိုက်ကြရင် ဘယ်လောက်များ တိုးတက်လာမလဲ။

ငွေနဲ့ဖိပြီး အာဏာရှိတွေကို အသုံးချသွားတာ ဘယ်သူတွေလဲ။ သူတို့ဘယ်လိုလုပ်ပြီး ကျွန်တော်တို့နိုင် ငံထဲရောက်လာသလဲ။ အာဏာရှိသူတွေကလည်း ငွေရှင်တွေရဲ့ ပုံစံခွက်ထဲ ဘာကြောင့် အရောက်ခံ ကြရသလဲ။ အာဏာရှိသူတွေကို ငါတို့ရွေးချယ်ထားတာလား။ ပညာကိုငွေက ဝါးမျိုခံလိုက်ကြရပြီလား။

အနာဂတ်ဟာ မှုန်သထက်မှုန် ဝါးသထက်ဝါးသွားပြီလား။ ကျွန်တော်စာရေးကျဲသွားရခြင်းမှာ စိတ်ကျ ရောဂါရသွားလို့လား။ ပြာပုံထဲက ရုန်းထဖို့ အချိန်ရှိပါတယ်။

ပြဿနာရှိရင် အဖြေကရှိပါတယ်။ အားလုံးမပြင်လို့ကတော့ နိုင်ငံပါပျောက်သွားမှာ သေချာပါတယ်။

ဒီလိုပုံနဲ့ မိုးကြီးချုပ်မသွားသင့်ပါဘူး။ အဓိကကျတဲ့ ပညာရေးအနာဂတ်လှပစေဖို့ မျှော်လင့်မိပါတယ်။

သမ္မတကြီးစကားနဲ့ပြောရရင်

Good Governence

Clean Government

အချိန်ယူလုပ်ရမယ် မပြောပါနဲ့။ အခုပဲလက်တွေ့ပြင်လိုက်ကြရအောင်။ ငွေနောက်လိုက်လွန်းအားကြီး ရင်ကိုယ်တစ်ယောက်တည်းစားမှာ မဟုတ်ဘူး။ တစ်အိမ်လုံး၊ တစ်ဆွေမျိုးလုံးစားမှာ။ ခံရတော့ ကိုယ် တစ်ယောက်တည်းခံရမှာ သတိထားနိုင်ဖို့ပေါ့လေ။

စံတော်ချိန်သတင်းစာ

ဇွန်လ (၁) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com