ကျွန်တော်နှင့် ကျွန်တော့်သားသမီးများ

Category: ၀တ္ထုတို
Published on Thursday, 02 July 2015 02:46
Written by တင်ညွန့်

https://cedarfundeng.files.wordpress.com/2012/06/myr-fmsa.jpg

၁၉၈၈ အရေးအခင်းပြီးတော့ ကျောင်းတွေပြန်ဖွင့်ချိန်ဖြစ်ပါတယ်။ မူလက ၈ တန်းကျောင်းသား ၅၀ လောက် ရှိရာက ကျောင်းဖွင့်တော့ ၃၅ ယောက်လောက်ပဲ လာတက်တော့တယ်။ ၁၅ ယောက်လောက် တောထဲရောက် ကုန်ကြတယ်။ တောခိုတာပြောတာမဟုတ်ဘူး။ ၀ါးသွားခုတ်စားနေကြတာကိုပြောတာ။

ဒီလိုနဲ့ ၈ တန်းအောင်ချက်ကောင်းအောင်လုပ်ချင်တော့ ကိုယ်တိုင်လည်းကြိုးစား၊ ဆရာဆရာမတွေကိုလည်း စည်းရုံးရတယ်။ တောကျောင်းက ကလေးတွေက ထုံထိုင်းတွေများတယ်။ သူတို့ကို တတ်အောင်သင်ရတာ ကိုက ကျွန်တော်တို့ဆရာတွေမှာ နှစ်ဆလောက်ပိုပင်ပန်းတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေကို ချစ်ကြောက် ရိုသေတော့ သင်ရတာအမောပြေပါရဲ့။ ၃၅ ယောက်ထဲကလည်း ၂ ယောက်ထွက်ပြေးပြန်တော့ နောက်ဆုံး ၃၃ ယောက်ပဲကျန်တယ်။

အစိုးရစစ်ဖြစ်တော့ ကျွန်တော်တို့ရွာမှာ စာစစ်စင်တာ မဖွင့်ပေးထားဘူး။ ဒါကြောင့် မိုင် ၅၀ လောက်ဝေးတဲ့ ပဲခူးမြို့ကိုလာတက်ဖြေရတယ်။ ကျောင်းသား ၃၃ ယောက်၊ တစ်ယောက် သေတ္တာတစ်လုံး၊ အိပ်ယာလိပ် တစ်လိပ်နဲ့ လှည်းလမ်းပေါ်ကားမောင်းပြီး ဖုန်တွေကြားထဲလာရတာပါ။

ကားကလည်း သစ်တောဌာနကို အကူအညီတောင်းတော့ တီအီးကားကြီးတစ်စီးပေးတယ်။ သေတ္တာတွေ အိပ်ယာလိပ်တွေကို အောက်ကထားပြီး ဆရာဆရာမတွေနဲ့ အမိုးဖွင့်ကားကြီးပေါ်မှာ ဇာတ်သဘင်အဖွဲ့ နယ်လှဲ့လာတဲ့ ကားပုံစံကိုသာ မြင်ကြည့်လိုက်ပါတော့။

ကားခေါင်းခန်းထဲမှာ တဘက်ကြီးခေါင်းပေါင်းထားတဲ့ကျွန်တော့်ကို ဆရာမတွေက မကြားတကြား "ဇာတ်ဆရာ" လို့ နောက်ကြတယ်။ မြို့ကို တစ်ပတ်လောက်ကြိုပြီး တက်လာရတယ်။ တည်းခိုတဲ့ကျောင်းမှာ ကလေးတွေရဲ့ ကျန်းမာရေးအထာကျအောင် မနည်းလုပ်ထားရတယ်။ ရွာမှာကတည်းက တစ်လလောက် ကျောင်းမှာညအိပ် မောင်းထားတော့ စာအတွက်က စိုးရိမ်စရာမရှိဘူး။ ငှက်ဖျားရုပ်တွေကို ငှက်ဖျားထပြီး စာမေးပွဲ မဖြေနိုင်မှာပဲ ကြောက်ရတာ။

ဒီလိုနဲ့ စာမေးပွဲစစ်တဲ့ရက် ရောက်လာတော့ ကျွန်တော်က ကလေး ၃၃ ဦးကို ဦးဆောင်ပြီး နှစ်ယောက်တစ်တွဲ တန်းစီကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ကနေ ဖြတ်လျှောက်လာတယ်။ တည်းခိုတဲ့ ကျောင်းနဲ့ စာမေးပွဲ ဖြေရတဲ့ ကျောင်းက နည်းနည်းဝေးတယ်။ မြို့ထဲကိုဖြတ်လျှောက်ရတာဆိုတော့ လူတွေ လန့်ကုန်ကြတယ်။ စစ်အုပ်ချုပ်ရေးကလည်း သိမ်းသေးတာမဟုတ်ဘူး။ စီတန်းလှည့်လည်တာကို ပိတ်ပင်ထားတဲ့ အချိန်မှာ လမ်းမကြီးတစ်လျှောက် ကလေး ၃၃ ယောက်ရှေ့ကနေ ပင်နီတိုက်ပုံ၊ ကျောင်းစိမ်းပုဆိုး ဒူးလောက်ဝတ်ထားတဲ့ ဆရာတစ်ယောက် ဦးဆောင်လာတဲ့ ကျောင်းသားတန်းကို တစ်မြို့လုံးက၀ိုင်းကြည့်ပြီး ဆန္ဒပြလာတယ် ထင်ကြ တယ်။

အုပ်ချုပ်ရေးမှူးရုံးရှေ့ရောက်တော့ လူတစ်ယောက်ကပြေးထွက်လာပြီး

"ဆရာ … ဆရာ .. ဗိုလ်ကြီးက ဆရာ့ကို လာတွေ့ပါလို့ ပြောခိုင်းလိုက်လို့" ဆိုပြီးကြောက်ကြောက်နဲ့ လာပြောတယ်။ ကျွန်တော်ကလည်း

"ငါ ကလေးတွေနဲ့ စာမေးပွဲ သွားဖြေဖို့ ထွက်လာတာ။ မင်းတို့ဗိုလ်ကြီးကို ငါ့နဲ့လာတွေ့ခိုင်းလိုက်။ ငါ့ကလေးတွေ စာမေးပွဲခန်းရောက်ဖို့ အရေးကြီးတယ်" လို့ပြန်ပြောပြီး ဆက်ထွက်ခဲ့တယ်။

စီတန်းလမ်းလျှောက်တာပိတ်ထားချိန်ဆိုတော့ လူတွေက ၀ိုင်းကြည့်ကြတယ်။ အချို့ကလည်း ဘုမသိ ဘမသိ လက်ခုပ်တွေတီးကြတယ်။

သက်ဆိုင်ရာ စာဖြေဌာနကျောင်းရောက်ပြီး ကလေးတွေကို သူ့အခန်းလိုက် ပို့ပေးပြီးလို့ ကျောင်းပြင်က စိန်ပန်း ပင်လေးအောက်မှာ ထိုင်နေတုန်း စစ်ကားတစ်စီးရောက်လာတယ်။ ကားပေါ်က ဗိုလ်ကြီးတစ်ယောက်ဆင်း လာပြီး ကျွန်တော့်ကို ဘယ်ကျောင်းကလဲ။ ကျောင်းသား ဘယ်နှယောက်လဲမေးပြီးတော့

"ဆရာကြီး နေ့တိုင်း ဒီလို မြို့ထဲတန်းစီပြီလာမှာလား"

"ဟုတ်တယ် .. ပြန်လည်း ဒီအတိုင်းပြန်ရမှာ"

"ကျွန်တော်တစ်ခုခုစဉ်းစားပြီး အကောင်းဆုံး စီစဉ်ပေးပါ့မယ်ဆရာကြီး" လို့ပြောပြီး ပြန်သွားတယ်။

နောက်တစ်နေ့ မနက် မိုးလင်းကတည်းက ကျွန်တော်တို့တည်းခိုနေတဲ့ ကျောင်းရှေ့မှာ ဘတ်စ်ကားနှစ်စီးရပ် ထားပြီး ဘတ်စ်ကားသမားတွေက ကျောင်းသားတွေကို စာမေးပွဲစစ်တဲ့ကျောင်းအရောက် အကြိုအပို့ တာဝန် ပေးထားလို့ဆိုပြီး လာသတင်းပို့ကြတယ်။

ဘာပြောပြော ကျွန်တော့်ကလေးတွေ စာမေးပွဲကို သက်သောင့်သက်သာ သွားရဖို့ အရေးကြီးတယ်။ အာဏာပိုင်တွေကလည်း စေတနာရှိလို့တော့ မဟုတ်ပါဘူး။ ကျောင်းသား ၃၃ ယောက်ကို တန်းစီပြီး ဆန္ဒပြသလို လမ်းလျှောက်ခိုင်းလာတဲ့ ကျွန်တော့်ကို မပြောသာလို့သာနေမှာ။

သူတို့မပြောသာတာလည်း အကြောင်းရှိတယ်။ ၈၈ အရေးအခင်းတုန်းက ကျောင်းဆရာသပိတ်၊ အလုပ်သမား သပိတ်ရှေ့က ဦးဆောင်ပြီး တက်ခဲ့တဲ့ အတွင်းရေးမှူး ကျောင်းဆရာဆိုတာကလည်း ကျွန်တော်ပဲဖြစ်နေ တာကိုး။

 

ကျွန်တော့်ကလေးတွေနဲ့ကျွန်တော် မြို့ကို စာမေးပွဲလာမဖြေခင် တစ်လလောက် ကျောင်းမှာ Camp သွင်းထား ရတယ်။ အကြောင်းက တောထဲထွက်ပြေးသွားပြီး ပြန်မလာမှာ စိုးရိမ်လို့။ နောက်တစ်ကြောင်းက တချို့ဆိုရင် လာတက်ရတဲ့ရွာက နာရီဝက် တစ်နာရီလောက်လမ်းလျှောက်ရတဲ့ ခရီးဖြစ်နေတယ်။ ဒါကြောင့် သူတို့ ၃၃ ယောက်စလုံးကို ကျောင်းအိပ်ကျောင်းစား ထားရတော့တယ်။ ကျောင်းထဲမှာက ကျွန်တော်နေတယ်။ မူလတန်း၊ အလယ်တန်း ဆရာမ ၅ ယောက်လည်း နေကြတယ်။ အဆောင်နှစ်ခုခွဲပြီး ယောက်ျားလေးတွေက ကျွန်တော်နဲ့ အတူနေ၊ မိန်းကလေးတွေက ဆရာမတွေနဲ့ တစ်ဆောင်နေရတယ်။

 

စားတာကတော့ ညနေကျရင် အားလုံးဝိုင်းချက် ၀ိုင်းစားပဲ။ မိဘတွေက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိတွေလာပို့ထား ကြတယ်။ ဆရာမတွေဆိုရင် ကျောင်းလွှတ်တာနဲ့ အိုးမည်း အလူးလူးနဲ့ ထမင်းချက်ကြရတယ်။ ဟင်းကတော့ ကျောင်းထဲမှာ ကလေးတွေနဲ့ ကျွန်တော် စိုက်ထားတဲ့ ဘူးသီး၊ ပဲသီး၊ ခ၀ဲသီး၊ ရုံးပတီသီး၊ ခရမ်းသီးခင်းတွေက ကုန်ကြမ်းပဲ။ အနည်းဆုံး ချဉ်ရေဟင်းနဲ့ ငပိလောက်တော့ စားကြရတယ်။ ညနေထမင်းစားပြီးရင် ဘုရား ၀တ်တက်။ ပြီးရင် စာလုပ်။ မရှင်းတာရှိရင် ဆရာတွေကို လာမေး။ မကျေနပ်ရင် ညဘက်မှာ ဆရာတွေက လာသင်။ မနက် ၅ နာရီထိုးရင် အားလုံးထ။ ခေတ္တအနားပေး။ စာလုပ်။ နေ့ခင်းကျောင်းတက်ရင် ပုံမှန်တက်။ အဲဒါကို တစ်လလောက် ကျင့်ပေးလိုက်တော့ အားလုံး အဆောင်အိပ်၊ အဆောင်စားပုံစံ အသားကျသွားတယ်။ စာလည်း သူတို့ပိုပြီး လေ့ကျင့်ဖြစ်သွားတယ်။

 

ညဘက် အောက်လင်းမီးအိမ်ကြီးတွေကို ရွာကလာပြီးထွန်းပေးတယ်။ ခမ်းမထဲ အောက်လင်းမီးနှစ်လုံးနဲ့ တစ်ညလုံး စာလုပ်ရတယ်။ ည ၁၀ နာရီ အိပ်ချိန်ပဲ။ မိဘတွေကလည်း သူတို့အိမ်တွေမှာဆိုရင် ဘာစာမှ လုပ်မှာ မဟုတ်လို့ ကျောင်းပို့ထားရတာကြိုက်တယ်။ ကျောင်းသားတွေကလည်း ကျွန်တော့်ကိုပဲရှိန်တာ။ ဆရာမတွေနဲ့ ဆိုရင် မောင်နှစ်မတွေလိုဖြစ်ကုန်တာ။ ကျွန်တော်ကလည်း တစ်ယောက်တော့ ကြောက်ရတဲ့သူရှိဦးမှဆိုပြီး ခပ် ထန်ထန်နေရတယ်။ ကျွန်တော့်အသံတစ်ချက်အော်လိုက်ရင် တိတ်ပဲ။

 

မြို့ရောက်တော့လည်း စာမေးပွဲဖြေရတာနဲ့ ကြိုရောက်တာနဲ့ဆိုရင် နှစ်ပတ်လောက်နေရတယ်။ မြို့ပေါ် ရောက်တဲ့အခါလည်း အဆောင်ပုံစံ အသားကျနေပြီးဖြစ်လို့ ပုံစံချစရာမလိုတော့ဘူး။ အချိန်နဲ့အိပ်၊ အချိန်နဲ့စား၊ အားလုံးတစ်ပုံစံတည်းဖြစ်နေပြီ။

 

အဲဒီနှစ်က ကျောင်းသား ၃၃ ယောက် ၈ တန်းဝင်ဖြေတယ်။ ၃၂ ယောက် (A) နဲ့ အောင်တယ်။ တစ်ယောက်ပဲ (B) နဲ့ပါတယ်။ အဲဒီတစ်ယောက်ကလည်း သင်္ချာ ၃၂ မှတ်နဲ့ဖြစ်သွားတာ။

 

အောင်ချက်အနေနဲ့ကြည့်ရင် ၃၃ ယောက်ဖြေတာ၊ ၃၂ ယောက်အောင်ဆိုတော့ အောင်ချက်တွက်ကြည့်လိုက် ပေါ့ဗျာ။ ဒါပေမဲ့ မြို့နယ်ဆုပေးဖို့ကျတော့ ၀င်ဖြေတဲ့ ကျောင်းသား (၅၀) မပြည့်လို့ဆိုပြီး ဆုရတဲ့စာရင်းထဲ မထည့်ဘူးဗျ။ ကျွန်တော်ကတော့ သဘောပေါက်ပြီးသား။ ၈၈ အရေးအခင်းကတည်းက ကြည့်မရလောက် အောင် အမြင်ကပ်ခံရတဲ့အပြင်၊ အမြဲတန်း အမိန့်ဟူသမျှ ဖီဆန်နေတဲ့ကောင်ဖြစ်နေတော့ သူတို့ခွင်မှာ ဆော်ထည့် လိုက်တာပေါ့လေ။

 

တကယ်ဆိုရင် ကျွန်တော့်ကို ဘယ်လောက်သောက်မြင်ကပ်တယ်ထား၊ ရွာသူရွာသားတွေနဲ့ ကလေးတွေကို ချီးမြှောက်သင့်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ဒီလိုဒေသမှာက ပညာရေးပျက်သုဉ်းနေတာကြာပြီ။ ၈ တန်းလောက်ရောက်ရင် ဘွဲ့ရတယ်ထင်နေကြတာ။ အောင်ချက်ကောင်းလို့ တစ်ရွာလုံးဝမ်းသာပြီး တွဲဘက် ကျောင်းရေရှည်တည်တံ့ရေးအတွက် အားကြိုးမာန်တက်တွေဖြစ်လာ၊ ကျောင်းဆောင်တွေတောင် ထပ်ဆောက် ပေးဖို့ စီစဉ်လာကြတယ်။ ဒီလိုအခြေအနေဖြစ်လာအောင် ကျွန်တော်တို့ဆရာ ဆရာမတွေ ချွေးတွေနဲ့ အများ ကြီးပေးဆပ်ခဲ့ရတာပါ။

 

ဒါပေမဲ့ ကျွန်တော်ကလည်း သိတယ်မဟုတ်လား။ ဂရုမစိုက်ရေးချ မစိုက်ထဲကပဲ။ ရွာလူကြီးတွေကို အစည်း အဝေးခေါ်တယ်။ ကျောင်းသားတွေကို ဂုဏ်ပြုပွဲကျင်းပပေးဖို့ စည်းရုံးတယ်။ ရွာက ငွေရှာ။ ညစာစားပွဲ ခမ်းခမ်း နားနားလုပ်တယ်။ ကျောင်းမြက်ခင်းပြင်မှာ ဂုဏ်ပြုပွဲ၊ ဆုပေးပွဲတွေလုပ်တယ်။ ကျောင်းသားတွေနဲ့ တစ်ညလုံး မီးပုံပွဲလုပ်တယ်။ သီချင်းတွေဆိုကြ ကကြတယ်။ ကရင်ရွာက ဂစ်တာတွေနဲ့ သီချင်းတွေလာဆိုတယ်။ ကျောင်းသားတွေ ၀ိုင်းဆိုတယ်။ ကျွန်တော်ဟာ ပျော်တတ်တဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီညဟာ ကျွန်တော့်ဘ၀မှာ အခံစားရဆုံးညတစ်ညတော့ ဖြစ်ခဲ့တယ်။

 

၂.၇.၂၀၁၅

 

Powered by Bullraider.com