ဖြူစင်သော ဆရာမလေး မဖြူစင်

Category: ၀တ္ထုတို
Published on Tuesday, 21 July 2015 01:38
Written by တင်ညွန့်

http://i0.wp.com/4.bp.blogspot.com/-Jmcmm62BUl8/UucYkDa7SOI/AAAAAAAAluw/HeDBJr9-nec/s1600/world.1.jpg?zoom=1.5&resize=400%2C266

တစ်ည ကျွန်တော့်ကျောင်းကို မြို့ကဆရာမလေးတစ်ယောက် ရောက်လာတယ်။ ပဲ့ထောင်သမားက ကျောင်း ကိုလာပို့ပေးသွားတာ။ ဆရာမလေးအမည်က မဖြူစင်တဲ့။ အမည်နဲ့ ရုပ်နဲ့ အလုပ်နဲ့ အလွန်လိုက်တယ်။ ဆရာမ လေးနဲ့အတူ ၂ နှစ်အရွယ်သားလေးတစ်ယောက်၊ ၆၈ နှစ်အရွယ် အဖွားတစ်ယောက်လည်း ပါတယ်။ သူ့သားနဲ့ သူ့ မိခင်ကြီးလို့ သိရတယ်။

ဆရာမလေးက ကျွန်တော့်ကျောင်းနဲ့ တွဲဘက်ကျောင်းအဖြစ် လုပ်ထားတဲ့ ကျွန်းတောရွာကို ခုမှခန့်လိုက်တာ။ အဲဒီကျောင်းကို မူလတန်းအဆင့် တိုးမြှင့်လိုက်တာ မကြာသေးဘူး။ ဆရာမလေးတစ်ယောက် ရောက်လာ တယ်ဆိုတော့ ၀မ်းသာသွားတာပေါ့။ အဲဒီမှာ ရွာက ဆရာမလေးတစ်ယောက် ငှားသင်နေရတာ မနိုင်ဘူး။ ကျွန်းတောကို ကျွန်တော့်ရွာကနေ ၅ မိုင်လောက်ဝေးသေးတာကြောင့် သူတို့မိသားစုကို ကျွန်တော့် အဆောင် မှာပဲ ညအိပ်စေပြီး ချက်ပြုတ်ကျွေးလိုက်တယ်။

နောက်တစ်နေ့စောစော တာဝန်ကျတဲ့ ရွာကိုသွားရမှာ။ ၅ မိုင်ခရီးကို ကုန်းကြောင်း သွားရမှာဆိုတော့ သူတို့ မိသားစုကို လျှောက်နိုင်ပါ့မလားလို့ မေးလိုက်တော့ မဖြူစင်က

"ဆရာရယ် .. ၀က်ဖြစ်မှတော့ မစင်မကြောက်တော့ပါဘူး" လို့ ရယ်ပြီး ပြောတယ်။

ဒီလိုနဲ့ မိုးတွင်းလည်းဖြစ်၊ လယ်ကန်သင်းရိုးတွေပေါ်က လျှောက်ရတာဆိုတော့ ဆရာမလေးလည်း တဗိုင်းဗိုင်း ချော်လဲ၊ သူ့အမေလည်း ရွှံ့တွေ ဗွက်တွေနဲ့ပေါ့။ သမီးနဲ့ မြေးကို စိတ်မချလို့ လိုက်လာတာ ကျွန်တော်က မမောဘူးလား အဖွားဆိုတော့ "ဒီလိုပဲ ပါရမီဖြည့်ရတာပေါ့လေ" တဲ့။ ကျွန်တော်လည်း ဆရာမလေးရဲ့ သားလေးကို တစ်လမ်းလုံး ကျွန်တော့်ပခုံးပေါ်မှာ ခွထိုင်စေပြီး ခေါ်ခဲ့တာ။ ကလေးက ပျော်နေတော့တာပဲ။

ကျွန်းတောရောက်တော့ ရွာလူကြီးတွေခေါ်။ ဆရာမလေးနဲ့ မိတ်ဆက်ပေး။ သူတို့ နေဖို့ စားဖို့တွေအားလုံး စီစဉ် ပေးပြီး ရွာကိုအပ်ခဲ့တယ်။ ကျောင်းကိုလည်း သွားကြည့်ပြီး ဆရာမကို အပ်ခဲ့တယ်။ ကျွန်တော်နဲ့ ရွာ ပူးပေါင်း ဆောက်ခဲ့တဲ့ ကျောင်းမှာ ဆရာ၊ ကျောင်းသားအပြည့်အစုံဖြစ်လာတော့ ပီတိဖြစ်မိသပေါ့ဗျာ။

ဒီလိုနဲ့ နောက်နှစ်လလောက်နေတော့ သတင်းရောက်လာတယ်။ မဖြူစင်ရဲ့ မိခင်ကြီး ဆုံးပြီတဲ့။ ကျွန်တော် ကျွန်းတောကို ချက်ချင်းလိုက်သွားရတယ်။ အအေးဒဏ်နဲ့ ငှက်ဖျားအခံကြောင့် နယ်မြေကလည်း ကြမ်းတော့ ငှက်ဖျားပြန်ထပြီး ဆုံးသွားရတာ။ ကျွန်တော် စိတ်မကောင်းလိုက်တာ။ အဲဒီအချိန်မှာ ဆရာမရဲ့ သားလေး ကလည်း သိပ်ပြီးနေမကောင်းဘူး။ အသုဘ ကိစ္စပြီးတော့ ကျွန်တော်က ပြန်ခဲ့တယ်။ ကလေးကို ဂရုစိုက်ဖို့ ပြော ခဲ့တဲ့အပြင် ကျန်းမာရေးမှူးကိုလည်း မှာခဲ့ရသေးတယ်။

နောက်တစ်ပတ်အကြာမှာ မဖြူစင်ရဲ့ သားလေး ဆုံးပြီဆိုတဲ့ သတင်း ထပ်ကြားရပြန်တယ်။ ကျွန်တော် ကျွန်းတောကို လိုက်သွားပြီး အခြေအနေတွေကို သုံးသပ်ရတော့တယ်။ မြို့ကနေ ကြမ်းတမ်းလှတဲ့ နယ်မြေကို ရောက်လာတော့ ဒဏ်မခံနိုင်ရှာဘူး။ မိခင်ရော သားပါဆုံးတယ်ဆိုတော့ ကျွန်တော်က သူ့ကို ဒီကျောင်းမှာ ဆက်ပြီး လုပ်ခိုင်းရင် စိတ်ပျက်မှာစိုးရိမ်လို့ ကျွန်တော့်ကျောင်းကို လိုက်ခဲ့ဖို့နဲ့၊ ကျွန်တော့် ကျောင်းက ဒေသခံ ဆရာမတစ်ယောက်ကို တစ်လလောက် လွှတ်ပေးထားမယ်။ ဆရာမကိုလည်း မြို့ကို အမြန်ဆုံး ပြန်ပြောင်း နိုင်အောင် မြို့နယ်ပညာရေးမှူးနဲ့ သွားဆွေးနွေးပေးမယ်လို့ စီစဉ်လိုက်ရတယ်။

ဒါပေမဲ့ မဖြူစင်က နောက်တစ်နေ့မှာ ကျွန်တော့်ကို

"ဆရာ .. ကျွန်မ ဒီရွာမှာပဲ ဆက်လုပ်မယ်။ သားနဲ့ အမေဆုံးသွားတာကို လက်လျှော့ပြီး ကျွန်မ ပြန်လိုက်ရင် ကျွန်မကို ယုံကြည်စိတ်နဲ့ လိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ကို သစ္စာဖောက်ရာ ရောက်သွားမှာပေါ့။ ကျွန်မ ဒီရွာမှာပဲ တစ်သက်လုံး ဆက်လုပ်မယ်။ ကျွန်မ သားလေးနဲ့ အမေ ခေါင်းချသွားတဲ့ရွာကို ကျွန်မပစ်မသွားဘူးဆရာ" လို့ ပြောလိုက်တယ်။

ကျွန်တော့် ကျောင်းဆရာဘ၀မှာ ကျွန်တော်အလေးပြုချင်လောက်အောင်ကို လေးစားခဲ့ရတဲ့ ဆရာမတစ် ယောက်နဲ့ ကြုံတွေ့လိုက်ရလို့ ပီတိဖြစ်လိုက်တာဗျာ။ မဖြူစင်လို ဆရာမလေးတွေ များများပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။

၁၈.၇.၂၀၁၅

Powered by Bullraider.com