ဆရာဟူသည်

Category: ၀တ္ထုတို
Published on Tuesday, 28 July 2015 01:36
Written by ကိုကိုအောင် (အင်မိုင်ခ)

http://myawady.net.mm/media/k2/items/cache/e3e0b6a1c871359d63f17e4c1e69d37b_XL.jpg

“မောင်နော်ဂျာ”

“ရှိပါတယ် ခင်ဗျ”

“မောင်မွန်းအောင်”

“ရှိပါတယ် ဆရာ”

“မဂျာလိုင်”

“မလာပါဘူးရှင့်”

“ဟ … ဂျာလိုင် ကျောင်းမတက်တာ (၂) ရက်ရှိပြီပဲ။ ဒီနေ့ပါဆို (၃) ရက်ရှိသွားပြီ” ဟု ရင်ထဲ၌ တီးတိုး ရေရွတ်လိုက်သည်။

ဂျာလိုင်ဘာဖြစ်လို့ ကျောင်းမတက်ပါလိမ့်။ ခွင့်စာလည်းရောက်မလာ။ ကျွန်တော့်စိတ်တွေ မတည်မ ငြိမ်။ သို့နှင့် ကျောင်းသူတစ်ယောက်ကို မေးကြည့်မိတော့သည်။

“ဟေး …. နန်ဘူ …. ဂျာလိုင်ဘာလို့ကျောင်းမတက်တာလဲ” “မသိဘူးဆရာ ….. အိမ်မှာလည်း မရှိ ဘူး”

“သြော် …. ဟုတ်လား”

ကျွန်တော်မနေသာတော့။ ညနေကျောင်းဆင်း ဂျာလိုင်အိမ်သို့ လှမ်းခဲ့ရပေသည်။

“သြော် ဆရာပါလား လာပါ ထိုင်ပါ ဆရာ ဂျာလိုင်အမေက ဖော်ရွေပြုံးနှင့် ရင်းရင်းနှီးနှီး” ကျွန်တော်က ရောက်မဆိုက် ……..

“အနူး …. ဂျာလိုင်ဘာလို့ ကျေင်းမတက်တာလဲ”

“အပြစ်ပြောရင်လည်း ခံရမှာပါဆရာ၊ အနူးလည်း ခုမှဝိုင်းမော်ကပြန်လာတာ ဂျာလိုင်ကကျောင်းမနေ ချင်တော့ဘူးဆိုပြီး တောင်ယာကိုလိုက်သွားသတဲ့လေ”

ကျွန်တော် ဂျာလိုင်တို့အိမ်ကို တစ်ခါတော့ရောက်ဖူးသည်။ မိသားစုများ၍ ဆင်းဆင်းရဲရဲ စားသောက် ရရှာသည်။ ဂျာလိုင်၏အစ်ကိုတစ်ယောက်သည် ဆေးသမား။ သားဆိုးအမေ အနူးဘဝကိုလည်း ကိုယ် ချင်းစာမိသည်။ သည်ကြောင့်လည်း ဂျာလိုင်အပေါ် သံယောဇဉ်က သမုဒ္ဒရာတမျှ။

“မဟုတ်တာ အနူးရယ် ဂျာလိုင်ကစာတော်တာပဲ အတန်းစဉ် ပထမပဲရနေတာ” ဟု အတွေးဖြတ်၍ ပြောလိုက်သည်။

“ဟုတ်ပါတယ်ဆရာ ဂျာလိုင်မှာအပြစ်မရှိပါဘူး။ အပြစ်ရှိတာက အနူးတို့မိဘတွေပါ”

“ဘာဖြစ်လို့ မိဘမှာ အပြစ်ရှိရတာလဲ အနူး” ဟု စူးစမ်းလိုက်မိပါသည်။

“ဒီလိုပါ ဆရာ အနူးတို့မိသားစုဟာ ဆင်းရဲသားတွေဆိုတာ ဆရာအသိပါ။ ဒိုင်နိကလော်ဒိုင်နိရှားပဲ (တစ်နေ့လုပ်တစ်နေ့စား) သားသမီးကလည်းများ ကုန်ဈေးနှုန်းကလည်း အဆမတန်၊ ဝက်သား တစ်ပိ သာ ၅၀၀ိ ဆန်တစ်ပြည် ၁၀၀ိ ဖားကန့်အရှိန်အဝါနဲ့ တက်နေလိုက်တဲ့ ကုန်ဈေးနှုန်းတွေလေ ဈေး တစ်ခါသွားရင် ရင်ကိုမပြီး ပြန်လာရတယ် ဆရာ၊ ဒီတော့ အရက်ကလေး ခေါင်ရည်ကလေးချက်ပြီး ရောင်းရတာပေါ့၊ ဒါကိုဂျာလိုင်က မလုပ်ချင်ဘူး လုံးဝမနှစ်သက်ဘူး၊ ပြီးတော့ သူ့ကိုမုန့်လင်မယား အကြော်အိုးလေးဝယ်ပေးပါလို့ပဲ ပြောပြောနေတာ”

ကျွန်တော်စိတ်ဝင်စားသွားသည်။ မုန့်လင်မယား အကြော်အိုးနှင့် ဂျာလိုင်။ ဘာလုပ်ကြမှာပါလိမ့်။

“နေပါဦး အနူး ဂျာလိုင်က မုန့်လင်မယား အကြော်အိုးဝယ်ပြီး ဘာလုပ်မှာတဲ့လဲ”

“ဟို လမင်းငယ် ဗွီဒီယိုရုံရှေ့ ညည မုန့်လင်မယား လုပ်ရောင်းမယ်တဲ့၊ အနူးတို့ အရက်မရောင်းပါနဲ့ တော့ သမီးဆန်ဖိုးရအောင်ရှာပေးမယ်လို့ ပြောတယ်ဆရာ”

“လိမ္မာလိုက်သည့် တပည့်။ သိတတ်လိုက်သည့် တပည့်။ စွန့်စားရဲသည့် တပည့်ပေပဲ” ဟု ကျိတ်၍ ချီး ကျူးနေမိပါသည်။ ဂျာလိုင်တို့မိသားစု ဘဝရှေ့ရေးကမလွယ်။ သို့သော် ဂျာလိုင်ကစာကြိုးစားသည်။ လုံ့လဝိရိယနှင့်ဇွဲက ရာနှုန်းပြည့်။ သတ္တိရှိသည်။ အရွယ်နှင့်မလိုက်အောင် စွန့်စားရဲသည်။ ကျောင်း သား၊ ကျောင်းသူ (၆၀) ကျော်ရှိသည့်အတန်းရှေ့သို့ထွက်၍ စာပြန်သည်။ စာဆိုရဲသည်။ ဒူးမတုန်၊ ရင်မခုန်၊ မထစ်မငေါ့။ ပညာရဲရင့် ပွဲလယ်တင့်ပေသည်။ အခုလည်းကြည့် လမင်းဗွီဒီယိုရုံရှေ့မှာ မုန့် လင်မယားရောင်းမယ်တဲ့။

“နို့ ဂျာလိုင်က မုန့်လင်မယားကို ရောင်းချင်တာနဲ့ ကျောင်းမတက်တာ ဘာဆိုင်လို့လဲအနူး” နားမရှင်း ၍ထပ်မေးရပြန်ပါသည်။

“မုန့်လင်မယား အကြော်အိုးဝယ်ဖို့ အနူးဆီ ပိုက်ဆံ ၂၀၀ိ တောင်းတယ်လေ …အနူးကိုလည်း ကဇော် တောင် မချက်တော့နဲ့လို့ ပြောပါတယ်။ အနူးလည်း သမီးကဒီလောက်ပြောနေမှတော့ အရက်မရောင်း တော့ပါဘူးလို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါပေမယ့် သူတောင်းတဲ့ပိုက်ဆံကိုတော့ မပေးနိုင်ခဲ့ဘူး ဆရာ၊ ဒါ ကြောင့်သူကျောင်းမတက်တာပါဆရာ”

သြော် ဖြစ်မှဖြစ်ရလေ ဂျာလိုင်ရယ်။ ကျွန်တော်လုံးဝစိတ်မကောင်း။ လိမ္မာရေးခြားရှိသည့် တပည့်အ ပေါ် ဆရာတိုင်းသံယောဇဉ်ပိုကြသည်။ ကျွန်တော်ပြဿနာကို ဖြေရှင်းပေးရမည်။ ဆရာဟူသည် မျက် နှာကြီး မျက်နှာငယ်မရွေးတတ်။ အဂတိတရား (၄) ပါး ကင်းရှင်းသည်။ “ရိုက်စား” လည်းမလုပ်၊ အကြံ အဖန်လည်း မခုတ်၊ လောပန်လည်း မမည်။ ဆင်းရဲသား။ ရေသည်ယောက်ျားဘဝနှင့် နင်လားငါလား။ မည်သို့ပင် ဖြစ်စေ …..

“ကဲ …… ကဲ ….. အနူး မနက်ဖြန်ဂျာလိုင်ကို ကျောင်းတက်ခိုင်းလိုက်ပါ။ သူလိုချင်တဲ့ ပိုက်ဆံကျွန် တော်ပေးခဲ့မယ် ရော့ အနူး အနူးယူထားလိုက်ပါ” ကျွန်တော်ပြောပြောဆိုဆို ၂၀၀ိ တန်တစ်ရွက်ထုတ် ပေးလိုက်သည်။ ဂျာလိုင်အမေက လုံးဝလက်မခံ။ ကျွန်တော်အတင်းပြော၍ လက်ခံထားလိုက်သည်။

ကျွန်တော်လည်း စေတနာချမ်းသာသည်။ ငွေအသပြာကအနှုတ်လက္ခဏာ။ တစ်လ ဟိုဖြတ်သည်ဖြတ် ၄၁၅ိ။ သို့သော် တပည့်အပေါ်ထားရှိသည့် မေတ္တာစေတနာက အရာရာလွှမ်းမိုးခဲ့ချေပြီတကား။

နောက်တစ်နေ့ နံနက်။

ဂျာလိုင် ကျောင်းလာတက်သည်။ ပြုံးရွှင်နေသည့် မျက်နှာလေးနှင့်။ ကျွန်တော်ဝမ်းသာ၍မဆုံး။ အား ပေးလိုက်ပါသည်။ ဘာမှအားမငယ်ရန်။ ဆရာ အစစ ကူညီမည်ဟု။ ဂျာလိုင်ကလည်း အလိုက်သိ တတ်သည်။ တိုင်းရင်းသားသွေးချင်းလေးများဖြစ်၍ မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် တစ်သွေးတည်း တစ်သားတည်း။ တပည့်ဝတ္တရားနှင့် ညီညွတ်ရှာသည်။

ကိုင်ဂျာ။ သူလည်း ကျွန်တော့်တပည့်၊ သူလည်းစာတော်သည်။ လိမ္မာသလိုလိုတော့ ရှိသည်။ ထူးခြားမှု က ဂျာလိုင်လိုဆင်းရဲသား လူတန်းစားမှ ပေါက်ဖွားလာသူမဟုတ်။ သူ့မိဘများက လူကုံတန်အသိုင်း အဝိုင်း၊ ငွေရှိ၍ငွေဂုဏ်လေး မောက်ချင်သည်။ ဉာဏ်ရည်ဉာဏ်သွေးက ဂျာလိုင်ကိုမမီ။ ဂျာလိုင်က အတန်းစဉ် ပထမ။ ကိုင်ဂျာက ဒုတိယ။ ပထမနေရာကို ငွေနှင့်ဝယ်ယူ၍ မရ။ သို့သော်လည်း သူ့မိဘ များကပညာကို ငွေနှင့်ပေါက်ချင်သည်။ ပြီးတော့ ဆရာ၊ ဆရာမများကို အမျိုးမျိုးဝေဖန်ရှုတ်ချချင် သည်။ ကိုင်ဂျာ၏မိဘများစကားများကို လုံးဝမခံချင်။ ပိုးစိုးပက်စက်ပြောချင်သည်။ ဆရာ့သိက္ခာက ရှိနေသေး၍သာ ငြိမ်နေရသည်။ သည်းခံနေရသည်။ တစ်နေ့တော့ ငွေသည်အရာရာ မလွှမ်းမိုးနိုင် ကြောင်းသိလာရမည် ..... ဟု။

စာသင်နှစ် တစ်နှစ်ကုန်ဆုံးခဲ့ချေပြီ။ အတန်းတင်စာမေးပွဲကြီးလည်း ပြီးခဲ့ပြီ။ ဆရာ၊ ဆရာမများလည်း အဖြေလွှာများ ဖျက်ရာတွင်လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ညွှန်ကြားထားပါသည်။ ကျွန်တော့်အနေနှင့်ကတော့ အတွေ့အကြုံရှိပြီးသား။ လုပ်သက်ကလည်း အတော်ရှိနေပြီကိုး။

မတ်လ (၃၁) ရက်

နွေဦးရာသီဆိုသော်လည်း မြစ်ကြီးနားမှာ ပူလောင်ခြင်းမရှိသေး။ နှင်းတွေကတဖွဲဖွဲ။ ဝေ့ကာဝိုက်ကာ ကြွေလွင့်နေသည့် နှင်းပွင့်လေးများရဲ့ ဟန်ကဟိုယိမ်းသည်နွဲ့။ ဧရာဝတီမြစ်ပြင်ကို ဖြတ်ကျော်လာ သည့်လေကလည်း တဖြူးဖြူး။ ချမ်းသည့်နွေဦးအစ အေးသည့်နွေဦးအစပင်ဆိုရမလိုလို။ ကျွန်တော် လည်းသည်နေ့ အဖြေလွှာများစ၍ ဖျက်ရပေတော့မည်။ ကျွန်တော်က သင်္ချာအဖွဲ့။ ကျောင်းသို့စော စောသွားနိုင်ရန် ချက်ရင်းပြုတ်ရင်း ……

“ဆရာ …. ဆရာ ….. ရှိပါသလား” ဟူ၍ အိမ်ရှေ့မှ ဧည့်သည်တစ်ယောက်ခေါ်သံ။ ကျွန်တော် ကပျာ ကရာထွက်၍ …..

“သြော် ….. ဦးဖန်ပါလား လာပါထိုင်ပါ ဦးဖန်” ဟုကြိုဆိုလိုက်ရသည်။ ဦးဖန်သည် ကိုင်ဂျာ၏ဖခင်ဖြစ် သည်။ ဦးဖန်ကိစ္စရှိ၍သာ ကျွန်တော့်ဆီလာခြင်း ဖြစ်ပေမည်ဟုကြိုတင်တွက်ထားလိုက်သည်။

“ကဲ ….. ဦးဖန်ဘာအကြောင်းများထူးလို့လဲ …. ကျွန်တော် ဘာအကူအညီပေးရမလဲ ဦးဖန်” ကျွန်တော် စကားစလိုက်သည်။

“ဒီလိုပါဆရာ ….. ကျွန်တော့်သမီးက သင်္ချာမဖြေနိုင်ဘူးလို့ပြောတယ်”

“အဲဒီတော့ ကျွန်တော့်က”

“ဆရာ …. ကိုင်ဂျာ အမှတ်ကိုနည်းနည်းကြည့်ပေးပါ ဆရာ …… ပြီးတော့ အခုနှစ် ….. ကိုင်ဂျာ ပထမ ရစေချင်တာ အဲဒါဆရာ ….. ကူညီပေးနိုင်မယ်ဆိုရင် ငွေရေးကြေးရေး ဆရာလိုသလောက်ပြောပါ” …

ဟိုး …. ဟိုး ဦးဖန်။ ဦးဖန်၏စကားကို ဘဝင်မကျ၍ ချက်ခြင်းဟန့်တားလိုက်သည်။ “ဒီမယ် ….. ဦးဖန် ဦးဖန်ရဲ့စကားကို ဒီမှာပဲတစ်ခန်းရပ်လိုက်ပါတော့ ….. ဦးဖန်ရဲ့စကားဟာ ကျွန်တော်တို့ဆရာတွေကို စော်ကားရာရောက်နေပါပြီ။ ဂျာလိုင် ပထမရတယ်၊ ကိုင်ဂျာ ဒုတိယရတယ် ….. ဆိုတာသူတို့ရဲ့ ကြိုး စားမှု ဉာဏ်ရည်အတိုင်းပဲ ….. ကျွန်တော်တို့ဆရာတွေဟာ ဘယ်တပည့်အပေါ်ကိုမှ သာစေနာစေစိတ် မရှိကြပါဘူး။ အားလုံးတန်းတူပါပဲ ….. ဦးဖန်တို့ ချမ်းသာတာ …. ငွေရှိတာတစ်ကဏ္ဍပါ၊ ပညာကိုတော့ ငွေနဲ့မခြိမ်းခြောက်ပါနဲ့ …. ကျွန်တော်တို့ဆရာတွေ ငွေမမက်ဘူး လာဘ်မစားဘူး။ တစ်လရတဲ့ ၄၁၅ိ/- ကိုပဲ မြတ်နိုးတယ် …. တွယ်တာတယ် ငွေမရှိရင်လည်း သိက္ခာရှိတယ် သမာဓိရှိတယ် သစ္စာရှိတယ် စေတနာရှိတယ် ဒါကိုဦးဖန် မြဲမြဲမှတ်ထားပါ။ ဒီတော့ ဦးဖန်ရဲ့စကားကို ဦးဖန်ပြန်ရုတ်သိမ်းလိုက်ပါ အဲဒီ ကိစ္စကိုမကူညီနိုင်တာ ဝမ်းနည်းပါတယ်ဦးဖန် ….”

“ဒါဆိုလည်း ….. ကျွန်တော်ပြန်တော့မယ်”

“ဟုတ်ကဲ့ …... ကောင်းပါပြီဦးဖန်”

ဦးဖန်မျက်နှာမသာမယာနှင့် ပြန်သွားလေတော့သည်။

ဆရာဟူသည် “စေတနာအနစ်နာ ဝါသနာ” ဖြင့် အရင်းတည်ခဲ့သူချည်းသာ ဖြစ်ကြ၏။ ချမ်းသာလို၍ လာဘ်ကို မျှော်လင့်လို၍ ဆရာလုပ်ခဲ့ကြသည် မဟုတ်။ ကိုယ်ကျိုးကို ထည့်မတွက်။ တိုင်းပြည်နှင့် လူမျိုးအကျိုး ရှေးရှုသည်။ တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြသည်။ တိုင်းပြည် နွံနစ်မခံ။ တိုင်းပြည်ကိုတိုး တက်စေချင်သည့် ဆန္ဒက ဆရာတိုင်းရင်ထဲ တင်းပြည့် ကျပ်ပြည့်။ သို့ကြောင့်သာတိုင်းပြည်၏ အနာ ဂတ်ကြယ်ပွင့်ကလေးများကို ပြုစုပျိုးထောင်ပေးနေခြင်းသာ ဖြစ်ပါလေတော့သည်။

(ရှမ်းပြည်နယ်ရောက် ပညာရေးမှူး ဆရာကြီး ဦးလှအောင်အား ဤဝတ္ထုဖြင့် ကန်တော့ပန်းဆင် အပ်ပါ သည်)

ပညာတန်ဆောင် မဂ္ဂဇင်း

အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်

Powered by Bullraider.com