ဘဝတစ်သက် မြပုခက်နှင့် တေးဆက်မည်

https://latimesphoto.files.wordpress.com/2012/09/la-0911-pin04_ma6hi5pd.jpg

(၁)

ဖိုးထောင်ရယ်၊ ကျောင်းဆရာဆိုတာ ဥယျာဉ်မှူးနဲ့တူတယ်။ ပြီးတော့ ကျောင်းကြီးဟာ ဥယျာဉ်မြေနဲ့တူ တယ်။ သည်ဥယျာဉ်ထဲမှာ ဝါ စိမ်း နီ ပြာ ရောင်စုံပန်းပွင့်လေးတွေဟာ မင်းတို့လေးတွေပေါ့။ သည်ပန်း လေးတွေကို မညှိုးနွမ်းစေချင်ဘူး။ ဒါကြောင့် ဥယျာဉ်မှူးတို့ ဆရာကအမြဲပြုစုပေးရတယ်ပေါ့။ ရေလို လျှင်ရေ၊ မြေသြဇာလိုလျှင် မြေသြဇာပေါ့။ ဒါတွေကတော့မင်းတို့မှာ လိုအပ်တဲ့ဘာသာရပ်တွေပေါ့။ ဒီလိုတချို့က အဓိပ္ပာယ်ဆောင်ကြတယ်။

တချို့ကလည်း ကျောင်းဆရာဆိုတာ ပန်းပုဆရာတစ်ယောက်ပါပဲ။ လှပချောမွေ့တဲ့ အရုပ်ကလေး တွေဟာ မင်းတို့ပါပဲ။ ဒီလိုတင့်တယ် လှပလာအောင် တီထွင်ကြံဆမှု ရှိရမယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ် ထားရှိရမယ်။ စူးဆောက် ကိရိယာ ထက်ရမယ်။ ဒီလိုကိရိယာတွေဟာ ကျောင်းသင်ဘာသာရပ်တွေလို့ အဓိပ္ပာယ်ဆောင်ကြတယ်။

ဒါပေမယ့် ဆရာမကတော့ကွယ် ကျောင်းဆရဗာမဆိုတာ ပုခက်လွှဲတဲ့ ဒုတိယဖခင်လို့ ဆိုချင်ပါတယ်။ ပုခက်ဆိုတာက မင်းတို့နေတဲ့ ကျောင်းကြီးပေါ့။ ဆရာမတို့က ပုခက်လွှဲတဲ့ လက်ပိုင်ရှင်တွေပဲ။ မင်းတို့ ကလေးတွေရဲ့ အနာဂတ်အတွက် ဖန်တီးရှင်ပေါ့။ ဒါကြောင့် ဆရာများဟာ မျိုးဆက်သစ်တွေကို အယူ အဆမှန်စေရမယ်။ လမ်းမှန်ရောက်အောင် ပို့ရမယ်။ ဒုတိယမိခင်၊ ဖခင်တွေပေါ့။

ဆရာမ မင်းတို့တောင်ပေါ်ရွာလေး ရောက်စကလေ “မောင်ဖိုးထောင်” ဆရာမက ကျောင်းသားတပည့် မှတ်ပုံတင်စာရင်းမှာ နာမည်ခေါ်လိုက်တော့ “မလာသေးဘူးဆရာမ” ကျောင်းသားများက ဖြေမှမင်း ဝင်လာတယ်။ မင်းမျက်နှာမြင်လိုက်တော့ ဆရာမဝမ်းသာဝမ်းနည်းဖြစ်ရတယ်။ မျက်ရည်ကျမိတယ် ကွယ်။ အိမ်ကမောင်လေးများ လိုက်လာသလား အောက်မေ့မိတယ်။ မောင်လေးနဲ့ တူလိုက်တာကွယ်။ “မောင်ဖိုးထောင် မင်းဘာလို့နောက်ကျရသလဲ” မေးတော့ မင်းဖြေပုံကိုကြည့်၊ “မမီလို့တဲ့” ကောင်းရော ကွယ်။

ဆရာမစိတ်တိုသွားမိတယ် ကလေးရယ်။ ဒါပေမယ့် ဒီလိုမှပြောရက်လေခြင်း အောက်မေ့မိတယ်။ “ကိုင်း ဖိုးထောင် ဒီစာကိုကူးပါ။ အတန်းသားအားလုံး မနက်ဖြန်မှာ ဒီပြည်ထောင်စုနေ့အကြောင်း အား လုံးပြန်ရမယ်။ ဒါဆရာမရောက်စနေ့ကပေါ့။

(၃)

နောက်တစ်နေ့ ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်တယ်။ ပြီးတော့ “ဖိုးထောင်” နာမည်စာရင်းခေါ် လိုက်တော့ “မလာသေးဘူး ဆရာမ” ဆရာမလည်း စိုးရိမ်စိတ်ရှိလာတယ်။ ဒါနဲ့ကျောင်းရှေ့ကွင်းကို မျှော်ကြည့်လိုက်မိတယ်။ မိုးတဖွဲဖွဲကျနေတဲ့အထဲ မင်းစလွယ်သိုင်းကလေးနဲ့ တကုန်းကုန်းလုပ်နေ တယ်။ မင်းပုဇဉ်းလိုက်ဖမ်းနေတယ် မဟုတ်လား။ ဒါနဲ့ကျောင်းသားတစ်ယောက်ကို အခေါ်ခိုင်းလိုက် တယ်လေ။ “ကြည့်စမ်းဖိုးထောင် မင်းတယ်မိုက်ပါလား”။ ပြောတော့ မင်းမျက်လုံးလေး ကလယ်က လယ်နဲ့ ဆရာမကိုကြည့်နေတယ်။ ဆရာမစိတ်မကောင်းလိုက်တာကွယ်။ ဝမ်းနည်းမိတယ်။ တစ်ကိုယ် လုံးလဲရွှဲလို့။ လက်ထဲမှာ ပုဇဉ်းတွေကိုဖမ်းပြီးကြိုးနဲ့သီထားတယ်။ ခြေထောက်တွေလည်းပေလို့။ “ကလေး မင်းဘာကြောင့်ဒီလိုလုပ်တာလဲ။ သူတစ်ပါးအသက်ကို ဒီလိုမလုပ်ကောင်းဘူး။ ဝဋ်လိုက် တတ်တယ်။ နောက်ဒီလိုမလုပ်နဲ့နော် ကလေး။ ကိုင်း ကိုင်း ကိုယ့်နေရာ ကိုယ်ထိုင်။ နောက်ဒီလိုလုပ် ရင် ဆရာမဒီတုတ်နဲ့ ရိုက်မယ်။ မင်းလည်းနေရာမှာထိုင်” ကျောင်းသားတွေလည်း အားလုံးငြိမ်သွားကြ တယ်။ “မနေ့က ဆရာမပြည်ထောင်စုနေ့အကြောင်း ကျက်ခဲ့ဖို့မှာလိုက်တယ်” မေးတော့ “ဟုတ်ပါ တယ် ဆရာမ” အားလုံးကဖြေသော်လည်း မင်းမဖြေဘူး။ မင်းကိုဂရုစိုက်နေတဲ့ ဆရာမမင်းအကြောင်း သိတာပေါ့ကွယ်။ “ဖိုးထောင် မတ်တတ်ရပ်စမ်း” ဆရာမ အမိန့်ပေးတော့ မင်း ရဲရဲဝံ့ဝံ့ မတ်တတ်ရပ် တယ်။ “ဆရာမဆီ လာစမ်း” ခေါ်တော့ မင်းလက်ပိုက်လျက် လာတယ်။ “မနေ့က ကျက်ခိုင်းတဲ့စာပြန် စမ်း” ခိုင်းတော့ “မရဘူး ဆရာမ” ဖြေတယ်။ “ဘာလို့မရသလဲ” မေးတော့ မင်းဖြေပုံက “မကျက်လို့” တဲ့ ဆရာမစိတ်ထဲမှာ အောင့်သက်သက် ဖြစ်သွားပြီးဒေါသထွက်လာတယ်။ ဒါနဲ့ကြိမ်နဲ့တင်ပါးကို သုံး ချက်ဆင့်ရိုက်လိုက်တယ်။ မင်းကတော့ တုတ်တုတ်မှမလှုပ်ဘူး။

တခြားကျောင်းသားတွေ တစ်ဦးချင်းစာပြန်နိုင်တယ် “ဆရာမဖိုးထောင်ငိုနေတယ်” ကျောင်းသားတစ် ယောက်က လာပြောတယ်။ “ဖိုးထောင်လာစမ်း” ခေါ်တော့ မင်းမျက်ရည်စက်လက်နဲ့ လာတယ်လေ။ မင်းပုဆိုးစမှာလည်း သွေးစတွေနဲ့ ဆရာမရင်ထိတ်သွားတယ်။ ပုဆိုးလှန်ပြီး တင်ပါးကြည့်တော့ ကြိမ် ဒဏ်ရာတွေမှာ သွေးထွက်နေတာတွေ့ရတယ်။ ဆရာမမျက်ရည်မဆည်နိုင်တော့ဘူး ကလေးရယ်။ ဆရာမလည်း ငို မင်းလည်းငို။ တခြားကျောင်းသားတွေက ငြိမ်ပြီးကြည့်နေကြတယ်။ စိတ်ထိခိုက်ရ တယ်ကလေးရယ်။ လက်ကိုင်ပဝါနဲ့ မျက်ရည်သုတ်ပြီး “ဖိုးထောင်” လို့ဆရာမ ငိုသံပါနဲ့ခေါ်လိုက်တော့ မင်းခေါင်းထောင်ကြည့်တယ်။ မင်းမျက်လုံးအိမ်မှာ မျက်ရည်စကျန်သေးတယ်။

“မင်းနောက် စာကျက်နော်” “စာကျက်မှ စာရတယ်၊ စာမတတ်ရင် လူတောမတိုးဘူး။ အလိမ္မာ စာမှာ ရှိတယ် ကလေးရဲ့” ဆိုတော့ မင်းဘာမှပြန်မပြောဘူး။ “ဆရာမရိုက်တာစိတ်မဆိုးနဲ့ မင်းစာမကျက်လို့ ရိုက်ရတာကိုယ့်တပည့်ကို ဘယ်ရိုက်ချင်ပါ့မလဲ ကလေးရယ်။ ဆရာမကိုစိတ်မဆိုးနဲ့နော်။ နောက်စာ ကျက်နော် ကလေး” မင်းကတော့ ဘာမှပြန်မပြောဘူး။

ဆရာမရယ်လေ မင်းမျက်နှာလေးကြည့်ပြီး ဆရာမမောင်လေးကို သတိရတယ်။ ဒီလိုသတိရတော့ မင်းကိုရိုက်မှရိုက်မိလေခြင်း နောင်တရတယ်။ ဒီနောင်တနှင့်အတူ ဆရာမရင်မှာ လှိုက်ကာလှိုက်ကာ ခံစားရတယ်။ မင်းနဖူးနဲ့ဆရာမ နဖူးထိပြီးရှိုက်ကာရှိုက်ကာ ခြုံးပွဲချလိုက်တော့တာပဲ။ မင်းမှတ်မိမှာပေါ့။ ဆရာမ သတိရလာတော့ပြန်ပြီး ဣနြေ္ဒဆယ်လိုက်တယ်။

“ကိုင်း …. ကလေးနောက်ကျက်နော်” ပြောတော့ မင်းမျက်လုံးအိမ်မှာ မျက်ရည်စလေး တစ်စနှစ်စနဲ့ ခေါင်းညိတ်တော့ ဆရာမစိတ်ထဲမှာ ဘယ်လိုဝမ်းသာရမှန်း မသိဘူးကလေးရယ်” “ကိုင်း ကိုယ့်နေရာ ကိုယ်ပြန်ကလေး” ပြောလိုက်တော့ မင်းလက်ပိုက်ပြန်သွားတယ်။ ဒီတော့မှ မင်းကျောပြင်ကိုကြည့်ပြီး ဆရာမသက်ပြင်းချလိုက်မိတော့တယ် ကလေးရယ်။

(၄)

တတိယနေ့ကပေါ့ ကလေးရယ်။ အဲဒီနေ့က ပေးလိုက်တဲ့စာမင်းပြန်နိုင်တယ်။ သင်္ချာတွေ မင်းတွက်နိုင် တယ်။ ဆရာမလေ ဝမ်းသာလို့မဆုံးဘူး။ ဆရာဆိုတာ ဆရာအလုပ်ကိုဝါသနာပါတယ်။ စေတနာ လည်းရှိတယ်။ အနစ်နာလည်းခံရတယ်။ ကိုယ့်တပည့်တစ်ယောက် စာတော်ရင်ပီတိဖြစ်ရတယ်။ ဆရာ မတို့ကပီတိစားပြီး အားရှိရတဲ့ပုဂ္ဂိုလ်တွေပါကွယ်။

အဲဒီနေ့က ဆရာမစိတ်တွေရွှင်လန်းတယ်။ စာသင်ရတာ ပင်ပန်းတယ် မထင်ဘူး။ ဒါနဲ့ထမင်းစားချိန် နေ့လယ်ကျောင်းစောစောပဲ ဆင်းပေးလိုက်တယ်။ ကျောင်းဆင်းသွားတဲ့ မင်းလေးကိုကြည့်ပြီး ဘယ်လိုခံစားရမှန်မသိဘူး ကလေးရယ်။ ဆရာလုပ်ရတဲ့ အရသာဒါတွေပါလား။ ဒီလိုခံစားရတာပါ လား။ ဒီလိုပီတိဖြစ်ရတာပါလားဆိုတာ မှတ်ချက်ချလိုက်မိတယ်ကွယ်။

နေ့လယ်ကျောင်းတက်ဖို့ ကျောင်းအဝင်ပေါက်ဝင်လိုက်တော့ ကျောင်းသားလေးယောက်ပြေးလာတယ် “ဆရာမ မြန်မြန်လာပါ ဖိုးထောင်သစ်ကိုင်းကျိုးပိပြီး မထနိုင်ဘူး” ပြောတော့ ခေါင်းထဲမှာ မိုက်ကနဲဖြစ် သွားခဲ့တယ်။ သတိရတော့ ကျောင်းသားတွေနောက်အပြေးလိုက်ခဲ့တယ်။ မင်းဆီရောက်လာတော့ သစ်ကိုင်းအောက်မှာ သွေးရဲရဲနီနေတဲ့ မင်းကိုတွေ့လိုက်ရတယ်။ ဆရာမလေ ဘာဖြစ်သွားမှန်း မသိ ဘူး။ ခေါင်းတွေမူး မျက်စိတွေပြာပြီး မင်းကိုခြေမကိုင်မီ လက်မကိုင်မိ ဖြစ်နေရတယ်ပေါ့။ နောက်သတိ ရတော့ မင်းကိုပွေ့ပြီးကျောင်းပေါ်တင်တယ်။ သေချာကြည့်လိုက်တော့ မင်းခေါင်းမှာ သုံးလက်မ လောက် ကွဲသွားတယ်။ မင်းရဲ့ခြေထောက်လည်း လှုပ်မရတော့ဘူး။ ဒါနဲ့ရွာထဲက လူကြီးတစ်ယောက် ခေါ်ခိုင်းလိုက်တယ်။ ကျောင်းကော်မတီလူကြီး ဦးသာအေးရောက်လာတယ်။ သူ့ကို လှည်းစီစဉ်ခိုင်းပြီး ဆေးရုံလာခဲ့ကြတယ်။

လမ်းမှာလေ မင်းက လှုပ်လည်းမလှုပ် ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုတယ်။ ဆရာမလေ ဘယ်လိုနေ ရထိုင်ရမှန်း မသိဘူး။ မင်းသာမတော်တဆ တိမ်းချော်သွားရင်ဆိုတဲ့အတွေးက ဆရာမစိတ်ထဲ ကိန်း အောင်းလာတယ်။ ဒီလိုတွေးလေဆရာမ အလိုလိုဝမ်းနည်းလာပြီး မျက်ရည်မဆည်နိုင်ခဲ့ဘူးပေါ့။ ဆေး ရုံရောက်တော့ ဆေးကုသပြီးမင်း သတိရမှဆရာမဖြေသာတော့တယ်ကွယ်။

မင်းဆေးရုံတက်ရတာ (၁၀) ရက်လေ။ ဆရာမမင်းဒဏ်ရာတွေ မပျောက်သ၍ ဘယ်လိုမှစိတ်မအေး သေးဘူး။ စားလို့လည်းမရ၊ အိပ်လို့လည်း မပျော်ခဲ့ဘူး ဖိုးထောင်ရယ်။ ပျောက်ကင်းပြီး ဆေးရုံဆင်းရမှ “ဟင်း” လုံးကျခဲ့ရတယ် ကလေးရယ်။

ဆရာမလေ ဆရာဆိုတာဟာ “ဝါသနာ” ပါရတယ်။ တပည့်တွေအပေါ် “စေတနာ” ထားရတယ်ဆိုတာ ဆရာမသိပြီ။ နောက်ဆရာမအတွေးတစ်ခု ဝင်လာတာက “အကြင်နာ” လည်းရှိမှဆိုတာ အသိဝင်လာ ခဲ့တယ် ဖိုးထောင်ရယ်။

(၅)

“ဝါသနာ” အရ ဒီတောင်ပေါ်ရွာကို ရောက်လာတယ်။ မိဘနဲ့ခွဲခဲ့ရတယ်။ ဒီဒေသက အင်မတန်ဝေးသီ တဲ့ဒေသ။ ဆရာမ “စေတနာ” ကြီးမားတယ်။ ဒါကြောင့် မင်းအပေါ် ကရုဏာဒေါသော ရိုက်ခဲ့မိတယ်။ ဖြစ်ရပ်အခြေအနေကြောင့် မင်းအပေါ် “အကြင်နာ” ဆကဲမိရတယ်ပေါ့ ကလေးရယ်။ မင်းတစ်ချိန်ကျ နားလည်လာမှာပါ။ ဒါကြောင့်ဆရာမလေ နယ်စပ်ဒေသဖြစ်တဲ့ ဒီတောင်ပေါ်ရွာလေးမှာ “အနစ်နာ” ခံပြီး တစ်သက်တစ်ဘဝ မင်းတို့တွင်မက မျိုးဆက်သစ်တွေကိုပါ မြပုခက်နဲ့ တေးဆက်နေပါတော့မယ် ဖိုးထောင်ရယ် ----။

ပညာတန်ဆောင် မဂ္ဂဇင်း

အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်

Powered by Bullraider.com