အကောင်းမြင်တတ်တဲ့ သူတစ်ယောက်အကြောင်း (ကလေးပုံပြင်)

ကလေးတို့ရေ ...

မင်္ဂလာပါ။

ပျော်ရွှင်ခြင်းဆိုတာဟာ လူတွေက မိမိကိုယ်ကို မိမိဘယ်လို ရှုမြင်သလဲဆိုတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကိုယ်ကိုယ်ကို ဘယ်လို မြင်သလဲဆိုတာက ကိုယ်တိုင် ရွေးချယ်ရမှာ မဟုတ်လား။ မိမိကိုယ်ကို ကျေနပ် ပျော်ရွှင်တဲ့ အခါမှာ ကိုယ်တွင်းငြိမ်းအေးမှုနဲ့ စိတ်ချမ်းသာမှုကို ခံစားနိုင်ပါတယ်။ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံဆုံရပါစေ။ ပျော်ရွှင်ချမ်းမြေ့တဲ့ စိတ်ထားကို ရရှိဖို့ သင်ယူလေ့ကျက်ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်ရွှင်ခြင်းဆိုတာဟာ မိမိ ပတ်ဝန်းကျင်က လူတွေ၊ ဖြစ်ရပ်တွေကို ကိုယ်ရဲ့ ရှုမြင်သုံးသပ်မှုအပေါ်မှာ မူတည်နေလို့ပါပဲ။

သူငယ်ချင်းမိတ်ဆွေတွေ၊ အခြားသူတွေ၊ အရာဝတ္ထုပစ္စည်းတွေကို တန်ဖိုးထားတတ်ခြင်းဖြင့်လည်း ပျော်ရွှင်ခြင်ကို ခံစားနိုင်ပြန်ပါတယ်။ အများအကျိုး၊ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကူညီခြင်း၊ ကျန်းမာအောင် ပြုမူနေထိုင်ခြင်းနှင့် မိမိတတ်နိုင်သလောက်အတွင်း သုံးစွဲ ရှင်သန်နေထိုင်ခြင်းဖြင့်လည်း ပျော်ရွှင်ကြတာပါ။

အခြားသူတပါးရဲ့ ခံစားချက်ကို မျှဝေ နားထောင်တတ်ခြင်းဟာလည်း ဆက်ဆံရေးကို ပြေပြစ်ချောမွေ့ စေနိုင်ပါတယ်။ အပြန်အလှန် နားလည်မှု ပေးတတ်ခြင်း၊ အမြင်မတူတဲ့အခါ၊ ပဋိပက္ခတွေ ရှိတဲ့အခါမှာလည်း အတူတကွ ညှိနှိုင်းဖြေရှင်းတတ်ခြင်းတို့ကြောင့်လည်း မိမိနှင့် အခြားသူတွေဟာ ပျော်ရွှင် ချမ်းမြေ့ရပါတယ်။

မြန်မာကျောင်းသားတစ်ဦးအနေနဲ့ မတူညီတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေနဲ့ ခံစားချက်တွေကို သိမြင် နားလည်ထားကြဖို့ရာ အလွန်အမင်း အရေးကြီးလှတယ်။ ကိုယ်နဲ့ မတူတာတွေ အများကြီး ရှိနေတာပါ။ သူတို့ဖက်က ကြည့်ပြန်ရင်လည်း ကိုယ်က ထူးခြားနေမှာပါ။ ဒီ့အတွက် အခြားသူများကို လေးစားတတ်ဖို့ဟာ လိုအပ်လှတယ်။ ဒါမှ ကိုယ့်ကိုလည်း လေးစားကြမှာပါ။ ယုံကြည်မှုတွေ တိုးပွားလာမယ်။ တည်ငြိမ်အေးချမ်းမယ်။ ဒါဟာ လှပတဲ့ ဒီနေ့နဲ့ မနက်ဖြန်များစွာအတွက်လည်း ဖြစ်ပါတယ်။

ဒီအပတ်အတွက် ကျောင်းသားလူငယ်လေးတွေကို ပုံပြင်တစ်ပုဒ်လက်ဆောင် ပေးလိုက်ပါတယ်။ ပုံပြင်လေးရဲ့ ခေါင်းစဉ်က “အကောင်းမြင်တတ်တဲ့ သူတစ်ယောက်အကြောင်း” ပါ။ ပုံပြင်လေးက ဒီလိုတဲ့ကွယ်…။

ကလေးတို့ရေ….

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…။

အာဖရိက တောနက်ကြီးထဲမှာ ဘုရင်တစ်ပါးဟာ နိုင်ငံငယ်လေး တစ်နိုင်ငံကို မင်းလုပ်အုပ်စိုးနေခဲ့ချိန်မှာပါ။ သူ့မှာ အင်မတန်မှ ခင်မင်ရင်းနှီးလှတဲ့ မိတ်ဆွေတစ်ဦး ရှိသတဲ့။ အဲဒီမိတ်ဆွေဟာ သူရဲ့ ဘ၀မှာ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံဆုံရပစေ။ (အကောင်း လောကဓံပဲဖြစ်ဖြစ်၊ အဆိုး လောကဓံပဲဖြစ်ဖြစ်) “ကောင်းပါလေ့” ဆိုတဲ့ တုံ့ပြန်စကားကိုသာ ပြောတတ်တဲ့ အလေ့အကျင့်ရှိသူ တစ်ဦးဖြစ်တယ်။

တစ်နေ့မှာတော့ ဘုရင်ကြီးနဲ့ မိတ်ဆွေဟာ အမဲလိုက်ခရီး တစ်ခုကို အတူထွက်လာခဲ့ကြသတဲ့။ ဘုရင်ကြီးက သေနတ် ပစ်ဖေါက်လိုက်တဲ့အခါမှာ မတော်တဆ တစ်ခုဖြစ်ပွားခဲ့သတဲ့။ ဘုရင်ကြီးရဲ့ လက်မကို ပစ်မိသွား ခဲ့တာပါ။ လက်မ လွင့်စင် ပြတ်ထွက်သွားခဲ့ရပြီ။ နာကျင်မှု ဝေဒနာနဲ့အတူ ဘုရင်ကြီးဟာ ညည်းတွား နေရှာတာပေါ့ကွယ်..။

အခြေအနေကို လေ့လာသုံးသပ်ပြီးတဲ့ အခါမှာတော့ မိတ်ဆွေဖြစ်သူက ဒီလို မှတ်ချက်ပြုခဲ့ပါသတဲ့။ “ကောင်းပါလေ့” တဲ့။ အမြဲတမ်းပဲ သူ ပြောနေတတ်တဲ့ တုံ့ပြန် ရေရွတ်သလိုပါပဲ။

ဘုရင်ကြီးဟာ အကြီးအကျယ် စိတ်ဆိုးဒေါသ ထွက်တာပေါ့။ “ဘာပြောတယ်။ ဒါကို ကောင်းတယ်ဟုတ်လား။ လုံးဝ မဟုတ်ဘူး။ ဒါဟာ မကောင်းဘူးကွ”။ သိပ်ကို စိတ်ဆိုးလွန်းလို့ မိတ်ဆွေဖြစ်သူကို ထောင်သွင်း အကျဉ်းချ ထားခဲ့ပါသတဲ့။

*****

ကလေးတို့ရေ …

ဒီလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကုန်ဆုံးတဲ့ အခါသမယမှာတော့ ဘုရင်ကြီးဟာ နောက်ထပ် အမဲလိုက် ခရီးတစ်ခုကို ထွက်ခွါခဲ့ ပြန်ပါသတဲ့။ ထောင်ကျနေတဲ့ မိတ်ဆွေကတော့ဖြင့် ပါမလာခဲ့ဘူးပေါ့။

အဲဒီအမဲလိုက် ခရီးစဉ်အတွင်းမှာ ဘုရင်ကြီးဟာ လူစု ကွဲသွားရာကနေ လူသားစားတဲ့ လူရိုင်းတစ်စုရဲ့ ဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ လူရိုင်းအုပ်ကြီးဟာ ဘုရင်ကြီးကို အရှင်လတ်လတ် ချက်ပြုတ်စားသောက်ဖို့ ရေပွက်ပွက် ဆူနေတဲ့ အိုးကြီးထဲကို ထည့်မယ်လို့ လုပ်နေတုန်း လက်မ ပြတ်နေတာကို မြင်ကြသတဲ့။ အယူသည်းတဲ့ လူရိုင်းတွေဖြစ်တာမို့ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့သူကို မချက်စားရဘူးဆိုတဲ့ ခံယူချက် ရှိကြသတဲ့။ ဒါနဲ့ပဲ ဘုရင်ကြီးကို ပြန်လွှတ်ပေးခဲ့ကြတော့တယ်။

နန်းတွင်းကို ပြန်ရောက်တဲ့ အခါမှာတော့ ဘုရင်ကြီးဟာ တစ်ခါတုန်းက အမဲလိုက်ခရီးမှာ လက်မ ပြတ်ထွက်ခဲ့ပုံကို ပြန်ပြောင်း စဉ်းစားတော်မူမိတယ်။ သူ့ရဲ့ မိတ်ဆွေကို အရေးယူ၊ အကျဉ်းထောင်ထဲ ပို့ခဲ့တာကို နောင်တရမိသတဲ့။ ချက်ခြင်းဆိုသလိုပဲ မင်းမူထမ်းတွေကို အမိန့်ပေးလိုက်တယ်။ “ငါ့ရဲ့ သူငယ်ချင်းမိတ်ဆွေကို ထောင်ကလွှတ်ပြီး ရှေ့တော်သွင်းစေ။”

ကလေးတို့ရေ …

မိတ်ဆွေကို တွေ့တဲ့အခါမှာတော့ ဘုရင်ကြီးက အခုလို ပြောခဲ့သတဲ့။ “ဟုတ်ပါတယ်ကွယ်။ သူငယ်ချင်းရယ်။ မင်းမှန်တယ်။ ငါ့ရဲ့ လက်မ ပြတ်ထွက် လွင့်စင်သွားခဲ့တာဟာ သိပ်ကို ကံကောင်းတာပါကွယ်”။ ဘုရင်ကြီးဟာ အမဲလိုက်ခရီးမှာ လူရိုင်းတွေရဲ့ ဖမ်းဆီးတာကို ခံရတာကအစ ပြန်လွှတ်ပေးခဲ့ပုံအထိ သူငယ်ချင်းကို ရှင်းပြခဲ့ပါတယ်။ “ကိုယ် အခုတော့ နောင်တရပါပြီကွယ်။ သူငယ်ချင်းကို ထောင်သွင်း အကျဉ်းချထားခဲ့မိတာ စိတ်မကောင်းလိုက်တာကွယ်။ ဒီလို လုပ်ခဲ့တဲ့အတွက် ကိုယ့်ကိုလည်း ခွင့်လွှတ်ပေးပါ မိတ်ဆွေရယ်။ ကိုယ်လေ တွေးမိတိုင်း ၀မ်းနည်းလွန်းလို့ပါ။”

“အား.. မဟုတ်တာခင်ဗျ။ ဘုရင်ကြီး… ဒါဟာ သိပ်ကောင်းတာပါ။” မိတ်ဆွေက ပြန်ဖြေခဲ့တယ်။

အဲဒီအခါမှာ ဘုရင်ကြီးဟာ အံ့အားသင့်ပြီး အခုလို မေးမြန်းခဲ့တယ်။ “သိပ်ကောင်းတယ်လို့ ပြောတာ … မိတ်ဆွေ ဘာကို ဆိုလိုတာပါလဲ။ တစ်နှစ်ပတ်လုံး ထောင်ထဲမှာ အကျဉ်းကျ နေနေရတာ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ပြောနိုင်တာလဲ”။

မိတ်ဆွေဖြစ်သူက အခုလို ပြန်ဖြေခဲ့ပါတယ်။

“တကယ်လို့များ… ကျနော်သာ ထောင် မကျခဲ့ဘူးဆိုရင်… ဘုရင်ကြီးရဲ့ ဒုတိယမြောက် အမဲလိုက်ခရီးစဉ်မှာ ပါသွားခဲ့မိမှာ”။

ကလေးတို့လည်း အကောင်းမြင်စိတ်ထားလေးကို ကိုယ်စီ ပြုစု မွေးမြူနိုင်ပါစေကွယ်။

(ဆရာမောရ)

Powered by Bullraider.com