တပ်မှူးမောင်ရန်နိုင်နှင့် မောင်ပိုးဖြူ မယားလုမှုကြီး ဖြေရှင်းပုံ

ခုံတော်မောင်ကျဘမ်း

ဤမှစ၍ ရှေ့နေ မောင်ကျဘမ်းသည် သမာဓိခုံတော်ဖြစ်လာ၍ ခုံတော်မောင်ကျဘမ်းမှ ခုံတော်မင်း ကိုကျဘမ်း ဟူ၍ ဖြစ်လာတော့သည်။ မောင်ကျဘမ်း ခုံရုံးသို့ ရောက်လာသောအမှုများမှာကား အခြား အခြားသော ခုံ၊ အစီအရင်၊ မြို့ဝန်စသည်တို့ ရုံးများ၌ စစ်ဆေး၍ မပြီးပြတ်မှုများ၊ စစ်ဆေးရန်အတွက် ခက်ခဲသောအမှုများသာ ဖြစ်လေရာ၊ ယခုရောက်ရှိလာသော အမှုမှာလည်း သာမန် ရုံးတို့တွင် စစ်ဆေး၍ အမှုမှန်မရောက်နိုင် လောက်အောင်ပင် ခက်ခဲသော အမှုတစ်မှုပင် ဖြစ်ပေသည်။

အမှုမှာ အင်းဝပြည့်ရှင် ဒုတိယဘုရင်မင်းခေါင်၏အမှုထမ်း စစ်သည်တစ်ဦးဖြစ်သော တပ်မှူးမောင်ရန် နိုင်နှင့် မောင်ပိုးဖြူတို့ မယားလုသော အမှုဖြစ်လေသည်။

ဤအမှုမှာ ဓမ္မသတ်ကြောင်းနှင့် ဆိုပါက မည်သည့် နည်းနှင့်မျှ အမှန်ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ အဘယ်ကြောင့် ဆိုသော် ပထမလင်ကြီး တပ်မှူး မောင်ရန်နိုင်သည် ဘုရင့် အမိန့်ဖြင့် ဟံသာဝတီ ဘက်သို့လိုက်ပါကာ အမှုထမ်းရသည်။ တိုက်ပွဲတွင် ကျသည်ဟူ၍ အတူပါတပ်သားများက ပြောကြ သည်။ ကျန်ရစ်သူ မယား မဖော့အူမှာ နှစ်နှစ်တာအထိ စောင့်သော်လည်း မပေါ်လာ၍ နောက်အိမ် ထောင် ပြုလိုက်ရသည်။ ထိုအခါမှ တပ်သားက ပြန်လာကာ မယားကိုတောင်းရာ၊ လင်သစ်ကလည်း မပေးနိုင်သော အမှုဖြစ်သောကြောင့်တည်း။

မှတ်သားထိုက်သော စီရင်ချက်

သို့သော် မောင်ကျဘမ်းသည် ပရိယာယ် ဝေဝုစ် ကြွယ်ဝစွာဖြင့် အမှုမှန်သို့ ရောက်စေရန် စီမံလိုက်ပုံ၊ စီရင်လိုက်ပုံမှာ အလွန်တရာပင် သိထားထိုက်ရုံမျှမက ယခုခေတ်ကဲ့သို့ လင်ကွာ မယားကွာ များသော အခါအထိပင် အသုံးဝင်နိုင်လောက်သော နည်းပင်ဖြစ်ပေသည်။

သက္ကရာဇ် ၈၅၃ ခုနှစ်တွင် အင်းဝပြည်တွင် ဒုတိယမင်းခေါင် စိုးစံနေခိုက်တွင် ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်း နတ်ရွာစံ၍ သားတော် ဗညားရံ မင်းပြုနေသည်ဟု ဘုရင်မင်းခေါင်ကြားသိသောအခါတွင် တောင်ငူမြို့စား မင်းကြီးညိုကို ဆင်၊ မြင်း ဗိုလ်ပါ အလုံးအရင်းနှင့် ချီတက် စုံစမ်းစေလေသည်။

ယင်းသို့စေလွှတ်ရာတွင် ပုဂံမြို့နယ် တူရင်းတိုင် ရွာမှလည်း ပါဝင်ရရာ၊ မဖော့အူ၏ခင်ပွန်း မောင်ရန်နိုင်သည် ထိုရွာမှ လိုက်ပါသောတပ်သားများကို ကွပ်ကဲရသော တပ်မှူးကလေးအဖြစ် လိုက်ပါသွားလေသည်။

ကျောက်ဖျာမြို့စား သိုတိုင်ဘွားသည် လမ်းခရီးမှ ဆီးကြိုတိုက်ခိုက်ရာ၊ နေဝင်ဖျိုးဖျအချိန်တွင် တိုက်ပွဲ အကြီးအကျယ်ဖြစ်၍ တပ်မှူးကလေး မောင်ရန်နိုင်သည် ရန်သူလှံချက်ထိခိုက်ကာ မြင်းပေါ်မှကျသွား လေသည်။ အတူပါတပ်သား တူရင်းတိုင်ရွာသားတို့ကလည်း ကယ်တင်ရန် လုံးပမ်းကြသော်လည်း မအောင်မြင်၍ လက်လျှော့လိုက်ကြလေသည်။

ထိုတိုက်ပွဲတွင် တပ်မှူးကလေး မောင်ရန်နိုင် တိုက်ပွဲမှာကျရစ်သော်လည်း မင်းကြီးညိုမှာ သိုတိုင်ဘွား ၏ဦးခေါင်းနှင့်တကွ အောင်ပွဲရသဖြင့် တပ်ခေါက်၍ ပြန်သွားလေသည်။

စစ်ပွဲပြီး၍ တပ်သားများသည် မိမိတို့ဆိုင်ရာ ရွာများသို့ ရောက်သော်လည်း လက်ချိုး၍မျှော်နေရရှာ သော မဖော့အူ၏ ချစ်လင် မောင်ရန်နိုင်ကား ပါ၍မလာချေ။

"တိုက်ပွဲတွင် ရန်သူ့လက်ချက်ဖြင့် မြင်းပေါ်မှ လိမ့်ကျခဲ့ပြီ"

ဟူသော သတင်းကိုသာရရှိ၍ ပရိဒေဝမီးကိုသာ ရင်ဝယ်ပိုက်လျက် နေရှာတော့သည်။

မဖော့အူမှာ အခြား စစ်သည်များ ပြန်လာပါလျက်နှင့် မိမိ၏လင်သည်ပါမလာသည်ကို မယုံရခက် ယုံရခက် ဖြစ်၍နေသောကြောင့် တစ်နေ့သော် ရောက်လာနိုး၊ တစ်ရက်သော် ရောက်လာနိုးဖြင့် မျှော်လျက်သာ နေခဲ့လေသည်။

သို့သော်လည်း နေ့တွေ လတွေပြောင်း၊ လချင်းပေါင်းစပ်၍ နှစ်တွေ ဖြစ်လာသည့်တိုင်အောင်ပင် မောင်ရန်နိုင်၏ သတင်းစကားကို မကြားရတော့သော မဖော့အူမှာ မျှော်အားလျော့၍ လာခဲ့လေသည်။

သို့ကြောင့် သေပြီဟူသော သတင်းစကားကို အမှန်ယူအတည်ပြုကာ ကောင်းရာသုဂတိ လားစေရန် ရည်သန်လျက် ရပ်ရွာလူကြီးများကို ဖိတ်ကြားလျက် သံဃာတော်များအား ဆွမ်းကပ် သပိတ်သွပ် အမျှဝေလိုက်ရတော့သည်။

မဖော့အူမှာ လင်ကိုလွမ်းသောကြောင့် အစားပျက် အအိပ်ပျက် ကိုယ်ရေကလေး အနည်းငယ်စစ်သွား သည်မှတစ်ပါး အလှအပတက်၍ လာသလိုပင် ထင်မှတ်နေသူများမှာ တော်တော်ပေါခဲ့လေသည်။

ဤသည့်အထဲမှာ စွဲစွဲမြဲမြဲ အရှိဆုံးသူမှာကား မောင်ပိုးဖြူပင် ဖြစ်ပေသည်။

မောင်ပိုးဖြူမှာလည်း နာမည်နှင့်လိုက်အောင် ဖြူဖြူနွဲ့နွဲ့ကလေးဖြစ်၍ ကြည့်၍ ယဉ်သူဖြစ်ရာ မဖော့အူမှာလည်း မောင်ပိုးဖြူအပေါ် စိတ်ဝင်စားခဲ့လေသည်။

မောင်ပိုးဖြူနှင့် မောင်ရန်နိုင်တို့မှာလည်း ငယ်သူငယ်ချင်း ကျောင်းနေဘက်များဖြစ်ကြ၍ တစ်မျိုးအား ဖြင့်လည်း ငယ်သူငယ်ချင်းဖြစ်သူ၏ မယားအား စောင့်ရှောက်သည့် သဘောဖြင့် သွားလာဝင်ထွက် ကာ စောင့်ရှောက်နေခြင်း ဖြစ်လေသည်။

သို့သော်လည်း ရွာမှလူများက မောင်ပိုးဖြူသည် တကယ်စောင့်ရှောက်ကြည့်ရှုခြင်းလော၊ စောင်မကြည့်ရှုခြင်းလောဟု ရယ်စရာသဘော ပြောရာမှအစ တစ်မျိုးတစ်မည် သမုတ်ကြလေတော့ သည်။

လင်သစ်နှင့် မဖော့အူ

မဖော့အူမှာ လင့်အပေါ်တွင် သစ္စာရှိစွာဖြင့် စောင့်စားခဲ့သည်မှာ ၂ နှစ်ပင်ကြာ၍ လင်သေသောအခါ အားကိုးရာ အားကိုးကြောင်း လင်ကောင်းတစ်ယောက် ယူရဦးမည့်အရွယ် ဖြစ်သောကြောင့် မောင်ပိုးဖြူ၏ မေတ္တာရေစက်ကို လက်ခံလိုက်ပြီး လူကြီးစုံရာတို့ဖြင့် တင့်တောင်းတင့်တယ် မင်္ဂလာဆောင်ကာ အတူတကွ နေထိုင်လိုက်ကြလေတော့သည်။

လောက၌ မမျှော်လင့်သော အကြောင်းအရာများသည် မျှော်လင့်သည့် အကြောင်းအရာများထက် ပို၍ တွေ့ကြုံတတ်လေရာ၊ မောင်ပိုးဖြူနှင့် ပေါင်းသင်း၍ သုံးလအကြာတွင် သေပါပြီဟု ဧကန်ဧက ယူဆရသော မောင်ရန်နိုင်သည် ဘွားခနဲ ပေါ်လာတော့သည်။

မောင်ရန်နိုင်မှာ မိမိအား စောင့်စားနေသော မဖော့အူတစ်ယောက်ကို တွေ့ရမည့်အစား မောင်ပိုးဖြူနှင့် ညားနေသည်ကို တွေ့ရသောကြောင့် မခံမရပ်နိုင်ဖြစ်ကာ တူရင်းတိုင်ရွာ အကြီးအကဲများထံ တိုင်ကြား ရာ၊ နှစ်ဘက်စစ်ချက်များကိုကြည့်ပြီးလျှင် ဆုံးဖြတ်ရန် ခက်ခဲနေသဖြင့် ပုဂံပြည်ရှိ ခုံတော် မောင်ကျဘမ်းရုံးသို့ လိုက်၍ ပို့လိုက်လေသည်။

မောင်ကျဘမ်းက အမှုသွားအမှုလာကို ကြားနာပြီးနောက် လိုချင်သည်များကို ထပ်၍ မေးလေသည်။

"မောင်ရန်နိုင်ဟာ ရန်သူ့လက်နက်ထိတယ်ဆိုတာ ဟုတ်ပါက ရသောဒဏ်ရာကို ပြနိုင်ပါသလား"

မောင်ရန်နိုင်က "ပြနိုင်ပါသည်" ဟုဆိုကာ ဒဏ်ရာကို အင်္ကျီလှန်၍ပြသည်။

"ဒီဒဏ်ရာရရှိတဲ့နောက် ဘယ်လောက်ကြာမှ ပျောက်ပါသလဲ"

"ဇလဲတောင်ဘုန်းကြီး ကုသပေးလို့ တစ်နှစ်လောက်မှာ ပျောက်ပါတယ်"

"ပျောက်ပြီးတဲ့နောက် ဘာကြောင့်အိမ်ကို ပြန်မလာသလဲ"

"နောက်တစ်ခါ တပ်ထဲလိုက်ဖို့ ဆင့်ခေါ်မှာ ကြောက်လို့ဖြစ်ပါတယ်"

"ဒီကြားထဲမှာ မယားမဖော့အူဆီ သတင်းစကားမှာကြားသလား၊ စာနဲ့ကောရေးသေးသလား၊ စားဖို့ သောက်ဖို့ စားနပ်ရိက္ခာ အသပြာ ငွေကြေးများ ပို့သေးသလား"

"မမှာကြားပါ၊ မပေးပို့ခဲ့ပါ"

"အခုပြန်လာတာ မဖော့အူ လင်သစ်ယူကြောင်းကြားလို့လား၊ ဒါမှမဟုတ် ဘာကြောင့် ပြန်လာတာလဲ"

"မယားကိုလွမ်းလို့ ပြန်လာတာ ဖြစ်ပါတယ်"

"မောင်ရန်နိုင်နဲ့ ပေါင်းသင်း နေစဉ်က မဖော့အူဟာ အခုယူတဲ့ မောင်ပိုးဖြူနဲ့ဖြစ်ဖြစ်၊ တခြားယောက်ျား နြဲ့ဖစ်ဖြစ် လော်လည်မှုရှိတယ်လို့ ပြောနိုင်သလား"

"ကျွန်တော်မျိုးနဲ့ ပေါင်းသင်းနေစဉ်က လော်လည်မှုကင်းပါတယ်"

ဤသို့ မောင်ရန်နိုင်အား မေးမြန်းပြီးနောက် လင်သစ်မောင်ပိုးဖြူကို ခေါ်ယူမေးမြန်းသောအခါတွင် လည်း မောင်ပိုးဖြူက "မိမိမှာ သူငယ်ချင်း သေဆုံးပြီဟု ယုံကြည်သဖြင့် နှစ်နှစ်ကျော်ကြာမှ ယူခြင်း ဖြစ်ပါသည်၊ ခိုးယူပေါင်းသင်းခြင်း မဟုတ်ပါ၊ ယခုလည်း ဆက်၍ပင် ပေါင်းသွားပါမည်" ဟု ထွက်ဆို လေ၏။

တစ်ဖန် မဖော့အူအား ခေါ်ယူကာ စစ်ဆေးမေးမြန်းသောအခါတွင် "လင်ဟောင်းနှင့်လင်သစ် မည်သူ့ ကိုမျှပို၍မချစ်ပါ အတူတူ အညီအမျှပင် ချစ်ပါသည်' ဟု ပြောဆိုအစစ်ခံလေရာ၊ မောင်ကျဘမ်းမှာ အစဉ်းစားရခက်၍ နေလေတော့သည်။

သို့ကြောင့် ယခု ဤအမှုကို မဆုံးဖြတ်နိုင်သေး၊ ခုနှစ်ရက်စဉ်းစားမည်၊ ယခု လူကြီးများရှေ့တွင် မဖော့အူကို ထားခဲ့ပါ။ နောက် ခုနှစ်ရက်အကြာတွင် တရားစီရင်မှု နာခံဖို့လာခဲ့ကြပါ" ဟုဆိုကာ မဖော့အူအား ခေါ်ထားကာ လင်ဟောင်းရော လင်သစ်ပါ ပြန်လွှတ်လိုက်လေတော့သည်။

မဖော့အူ သေရှာပြီ

ခုံတော် မောင်ကျဘမ်း ချိန်းဆိုလိုက်သောရက် မတိုင်မီ တစ်ရက်အလိုတွင် မောင်ကျဘမ်းအိမ်ရှေ့၌ ကနားဖျင်းထိုးကာ ကန့်လန့်ကာများကာလျက် ကွမ်း၊ ဆေး၊ လက်ဖက် စသည်များ ကျွေးမွေးဧည့်ခံ လျက်ရှိလေသည်။

သင်္ဂြိုဟ် ငြင်းသူငြင်းနှင့်လည်းကောင်း၊ လူလတ်ပိုင်းသမားသည် သစ်ပင်ရိတ်တွင် သုံးပုံဖဲ ကစားနေ၍ လည်းကောင်း မောင်ကျဘမ်းသည်လည်း ခုံရုံးပိတ်လျက် မျက်နှာမသာမယာနှင့် ဖြစ်နေသကဲ့သို့ အိမ်သားများလည်း စိတ်လက် မကြည်မသာသော အမူအရာများဖြင့် ရှိသည်ကိုလည်းကောင်း၊ အိမ်တွင်းတစ်နေရာတွင်လည်း ခေါင်းသေတ္တာကို လုပ်ကိုင်နေသူများကို ကြည့်ခြင်းအားဖြင့် အသုဘ အိမ်ဟု သိသာ၍ နေလေသည်။

နောက်တစ်ရက်သို့ ရောက်သောအခါတွင်လည်း ယမန်နေ့ကအတိုင်းပင် ကနားဖျင်း၌ စည်ကား၍ နေလေသည်။ ရက်ချိန်းစေ့၍ အမှုဆိုင်ရန် ပထမလင် မောင်ရန်နိုင်သည်လည်းကောင်း၊ ဒုတိယလင် မောင်ပိုးဖြူသည်လည်းကောင်း၊ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြရာ၊ ခုံတော်မင်းအိမ်၌ ထူးခြား စေပုံကို စိတ်မော၍ နေကြလေသည်။ ခုံတော်မင်းကလည်း အိမ်ရှေ့ခလောက်ဆွဲတွင် ချထားသော ခေါင်း၏ခေါင်းရင်းတွင် ထိုင်ရင်းခေါင်းပေါ်တွင် လက်တစ်ဖက်တင်ကာ မောင်ရန်နိုင်နှင့် မောင်ပိုးဖြူတို့ ကို ခေါ်ယူလိုက်လေသည်။ မျက်နှာမှာလည်း ယခင်ကထက်ပို၍ ညိုးငယ်သောအသွင် ရှိလေသည်။

"ကဲ …. အဖြစ်အပျက်ကတော့ မြင်ကြတဲ့အတိုင်းပဲ မောင်ရင်တို့ ပြန်သွားပြီးတဲ့နောက် ၃ ရက်မြောက် ညကစပြီး မဖော့အူဟာ အပြင်းအထန်ဖျားတာပဲ၊ ဒါကြောင့် ဟောဒီသမားတော်ကြီး ကုသပါတယ်။ ဒါပေမယ့် မဖော့အူရဲ့ရောဂါဟာ မသက်သာပဲ နောက်တစ်ရက်ညမှာ သေဆုံးသွားတာပါပဲ၊ မောင်ရင်တို့ နှစ်ဦးဆီကိုလဲ လူလွှတ်လိုက်ပါတယ်၊ လမ်းမှာပဲ လွဲရော့သလား မပြောတတ်" ဟု ဝမ်းနည်းစွာ ပြောဆိုလိုက်လေသည်။

မောင်ပိုးဖြူရော မောင်ရန်နိုင်ပါ နှစ်ယောက်စလုံးမှာ မျက်နှာကလေးများ ညိုးငယ်စွာဖြင့်သာ နား ထောင်၍ နေကြလေသည်။ ဘာမှပြန်မပြောဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြန်၍ ငုံ့နေကြလေသည်။ ထိုအခါ မောင်ကျဘမ်းကဆက်၍ ပြောပြန်လေသည်။

"အဲဒီလို မဖော့အူက ရုတ်တရက် အပြင်း ဖျားတော့ဆရာနဲ့ ကုရလို့ ဆေးဖိုးဝါးခ ကန်တော့လို့ ကုန်ကျ တာရယ်…… သေဆုံးပြန်တော့ လာလာသမျှဧည့်ပရိတ်သတ်တို့ကို ကွမ်း၊ ဆေး၊ လက်ဖက်တွေနဲ့ ဧည့်ခံရတာတွေ ….၊ ခေါင်းအတွက် ဝယ်ရတဲ့ ပျဉ်ပုတ်ဖိုး လက်ခတွေအတွက် ကုန်ကျတဲ့ငွေတွေကို အခုတော့ ကျုပ်က စိုက်ထုတ်ထားပါတယ်။

ဒီတော့ မဖော့အူရဲ့ အလောင်းကိုယူလိုတဲ့လူက အဲဒီငွေတွေကို ပေးပြီး ဖုတ်ကြည်း သင်္ဂြိုဟ်မှု ပြုကြပါ" ဟု ပြောဆိုလိုက်လေရာ၊ မောင်ရန်နိုင်နှင့် မောင်ပိုးဖြူတို့မှာ တွေးတောစဉ်းစား၍ နေကြလေ သည်။

တကယ့်မေတ္တာ

ထိုအခါ တပ်မှူးကလေးဟောင်း မောင်ရန်နိုင်က ပြောဆိုသည်မှာ "အခုသေဆုံးတဲ့ မဖော့အူဟာ ပထမ ကျွန်တော့်မယားဖြစ်ခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် မင်းရေး မင်းခွင် မင်းတိုင်းကျ၍ စစ်မှုထမ်းဘဝနဲ့ ဟံသာဝတီဘက် စစ်ထွက်ခဲ့ရတဲ့အခါ ဒဏ်ရာရရှိလို့ ပုန်းလျှိုးကုသနေရတဲ့အခိုက်မှာ ကျွန်တော့်အား မစောင့်ဘဲ တစ်ယောက်လင် ထားခဲ့သူဖြစ်ပါတယ်။

ဒီလိုလင်သစ်ယူရင် လင်ဟောင်းကို လျော်ကြေးပေးသင့်ပါလျက်နဲ့ မပေးတဲ့အပြင် တရားခုခံ ပြောဆို ပြန်ပါတယ်၊ အခုတစ်ခါ သေဆုံးမှ သင်္ဂြိုဟ်စရိတ်ကို ကျွန်တော်က ခံရမည်ဆိုလျှင် (ရှင်စဉ်က မပေါင်း ရ၊ သေတော့မှ ကိုယ့်မသာ) ဆိုတာလို လူတကာက ကဲ့ရဲ့ကြမှာ ရှက်စရာကောင်းတာမို့ သင်္ဂြိုဟ်စရိတ် လဲအကုန်မခံနိုင်ပါ" ဟု ပြောကြားလိုက်လေသည်။

ထိုအခါ မောင်ကျဘမ်းက 'မောင်ရန်နိုင်ရဲ့ သဘောထားကိုတော့ ရပါပြီ၊ မောင်ပိုးဖြူရဲ့ သဘောထား ကို သိပါရစေဦး' ဟုဆို၍ မောင်ပိုးဖြူက ၎င်း၏ သဘောထားကို ပြောပြလိုက်လေသည်။

"ကျွန်တော်မောင်ပိုးဖြူမှာ မဖော့အူအား ရပ်ရွာအတူနေအဖြစ် မောင်နှမလို ခင်မင်ခဲ့ရာမှ သူငယ်ချင်း မောင်ရန်နိုင်နဲ့ အကြောင်းသင့်ခဲ့ပါတယ်၊ အဲဒီနောက် မောင်ရန်နိုင် သေဆုံးကြောင်း အခိုင်အမာကြား သိရတဲ့အခါမှာ စောင့်ရှောက်အပ်တဲ့ ဝတ္တရားလဲရှိ၊ မေတ္တာလဲရှိလို့ လူကြီးစုံရာနဲ့ မင်္ဂလာဆောင်ပြီး ယူကာပေါင်းသင်းရင်း ရောဂါ ဖြစ်ပွား သေဆုံးခဲ့ရတာမို့ ကျွန်တော့်မယားကို ကျွန်တော်ပဲ သင်္ဂြိုဟ်လိုပါ တယ်"

ဟု ပြောကြား လိုက်လေတော့ရာ၊ ကြားကြားသမျှသော သူတို့က သာဓု ခေါ်ကြလေတော့သည်။

ထိုအခါ မောင်ကျဘမ်းက "ဒီလိုဆိုရင် မဖော့အူကို မောင်ပိုးဖြူ ပိုင်သင့်သည်" ဟု ပြောဆိုကာ လက်ခုတ်တီးလိုက်ရာ၊ သနပ်ခါး ပန်းမန်များနှင့် ဖီးလိမ်း ဝတ်စားထားသော မဖော့အူသည် အခန်း တွင်းမှ ထွက်၍ မောင်ပိုးဖြူကိုအားရ ကျေနပ်စွာ ကြည့်ပြုံးရင်းလာရာ၊ မောင်ကျဘမ်းက မောင်ပိုးဖြူနှင့် ယှဉ်တွဲထိုင်စေ၏။ မောင်ရန်နိုင်မှာ တအံ့တသြကြည့်ရင်းမှ မိမိအမှားပင်ဖြစ်ကြောင်း သတိရခိုက် မဖော့အူမှာ မောင်ပိုးဖြူအနီး ရောက်လေသည်နှင့် မျက်နှာညိုးငယ်စွာနှင့်ထ၍ ပြန်သွားလေတော့ သတည်း။

Powered by Bullraider.com