မင်းကွန်း စေတီတော်ကြီး

တစ်နေ့သ၌ ဘိုးတော်ဘုရားက 'ပေါ်ဦးရယ်၊ ငါ့ဘေးလောင်းတော်တို့ တည်ထားတော်မူခဲ့ကြသော ဒဂုန်ဆံတော်ရှင်၊ ပေါက္ကံ ရွှေစည်းခုံ စေတီတော်များကို တည်တော်မူကြသည့်အခါ လူတစ်ရစ် နတ်တစ်ရစ် တည်သည်ဟု ကြားဖူးသည် မောင်မင်း။ ယခု ငါ မင်းကွန်းစေတီတော်ကြီးကို တည်တော် မူရာ နတ်များကူညီတည်ကြောင်း မသိ မတွေ့ရတာ ဘယ်အကြောင်းကြောင့် ဖြစ်လေတယ်မသိ မောင်မင့်း။

ဦး။      ။ မှန်ပါ၊ ရှေး သူဟောင်းစကား ရှိပါကြောင်းပါ ဘုရား။

ဘိုး။    ။ ဘယ်လို သူဟောင်းစကားရှိပေသလဲ။

ဦး။      ။ မှန်ပါ၊ လူမစွမ်း နတ်မသည်ဟု ဆိုသောစကားကိုပါ ဘုရား။ ရှေးရှေးကုန်သော မင်းတို့သည် ဘုန်းတော် ကံတော် မစွမ်းခြင်းကြောင့် နတ်များကူညီမစ ရပါသည်ဘုရား။ အရှင့် ဘုန်းတော် ကံတော်က စွမ်းပြီး ဖြစ်ပါသောကြောင့် နတ်များ ကူညီခြင်း မရှိပါကြောင်း ရှိခိုး သံတော်ဦး တင်ဝံ့ပါ သည်ဘုရား။

ဘိုး။    ။ အင်း၊ ရှေးသူဟောင်း စကားအရ မြှောက်တင်တော်မူနိုင်ပေကွယ်။

ဟု မိန့်တော်မူပြီးလျှင် အတွင်းဆောင်သို့ ဝင်တော်မူလေ၏။

လှံနှင့်လိုက်ခြင်း

တစ်နေ့သော် ဘိုးတော်မင်းတရားကြီးသည် စိတ်တော်မကြည်သဖြင့် ခစားသော မှူးမတ်များကို လှံတော်နှင့် လိုက်တော်မူရာ မှူးမတ်တို့သည် ကစဥ့်ကရဲ ပြေးကြကုန်၏။ နောက် ဘိုးတော်လည်း မောတော်မူသဖြင့် လှံတော်ကို ကိုင်လျက် ထိုင်တော်မူနေသည်ကို ဦးပေါ်ဦးက ကွယ်ရာမှ ချောင်း၍ ကြည့်ရာ ဘိုးတော်အမောပြေသည်ကို သိရသောကြောင့် 'အမတ်မင်းတို့၊ အမတ်မင်းတို့' ဟု ခေါ်သောအခါ မှူးမတ်တို့က တိုးတိုးထူးကြလေ၏။ ဦးပေါ်ဦးက 'ကျွန်ုပ် တစ်ခုစဉ်းစားမိသည်မှာ ဂေါတမ မြတ်စွာဘုရားရှင်သည် မယ်တော်မိနတ်သားအား အဘိဓမ္မာတရားတော်ကို ဟောတော်မူရန် တာဝတိံသာသို့ တက်တော်မူသည်ကား ယူဇနာလေးသောင်းနှစ်ထောင် အမြင့်ဆောင်တဲ့ မဟာ မြင်းမိုရ်တောင်မင်းကို နှစ်လှမ်းသုံးဖဝါးနှင့် ရောက်တော်မူသည်ကို ကျမ်းဂန်အဆိုအရ သဘောမကျလှ ဘူးဗျ။ ယနေ့မှပဲ သဘောကျပေတယ် အမတ်မင်းတို့'

ဘိုး။    ။ ဟဲ့ ဘယ်သူတုံး။

ဦး။      ။ ကျွန်တော်မျိုးပေါ်ဦး ဖြစ်ပါကြောင်းပါ ဘုရား။

ဘိုး။    ။ ရှေ့တော် ဝင်ခဲ့ကြ။

ဦး။      ။ လှံတော်ကို ကြောက်ရပါကြောင်းပါ ဘုရား။

ဘိုး။    ။ ဘာကြောက်စရာ ရှိတုန်းကွယ့်၊ လာ ဝင်သာဝင်ခဲ့ကြ။

မိန့်တော်မူပြီးလျှင် လှံတော်ကို တော်ရာသို့ ပစ်လိုက်လေ၏။

ဦး။      ။ လာကြ အမတ်မင်းတို့၊ လှံတော်သည် ဘုန်းတော်ကို ကြောက်၍ ရွှေလက်တော်မှ အတင်း ရုန်း၍ ထွက်ပြေးရှာပြီ၊ ကြောက်ရန် မရှိဘူးဗျ၊ လာကြ။

ဆို၍ ရှေ့တော်၌ စုံညီစွာ ခစားကြလေ၏။

ဘိုး။    ။ ဘာလဲပေါ်ဦး၊ မောင်မင်း ခုတင်က ဝန်များကို ပြောတာ။

ဦး။      ။ မှန်ပါ၊ လေးသောင်းနှစ်ထောင် အမြင့်ဆောင်တဲ့ မဟာမြင်းမိုရ်တောင်မင်းကို မြတ်စွာဘုရား သည် နှစ်လှမ်း သုံးဖဝါးနှင့် တာဝတိံသာ ရောက်တော်မူသည်ဟု စာမှာဆိုတာ တယ်ပြီးတော့ သဘောမကျလှပါ၊ ယနေ့မှ သဘောကျပါကြောင်းပါ ဘုရား။

ဘိုး။    ။ မောင်မင်းက ဘာကြောင့် ယနေ့မှ သဘောကျပါတုံးဗျ။

ဦး။      ။ မှန်ပါ၊ ယနေ့ လှံတော်နှင့် နှံမှာ ကြောက်လှသောကြောင့် ထွက်ပြေးရာ တစ်ဆယ့်တစ်ထစ် ရှိတဲ့ နန်းဦး လှေကားတော်ကြီးကို ဆင်း၍ပြေးပါသည်ကို ကျွန်တော်မျိုး ပေါ်ဦး တစ်ထစ်မှ မနင်းမိပါ ကြောင်းပါ ဘုရား။

ဘိုး။    ။ ကြံကြံဖန်ဖန် နင် တင်လျှောက်တတ်ပေ့ဟယ်။

ဟုရယ်မော မိန့်ဆိုတော်မူပြီးလျှင် အတွင်းတော်ကို ဝင်တော်မူလေ၏။

သံနှင့် မတည့်ကြောင်း

တစ်နေ့သော ဘိုးတော်က ထွက်သောလမ်းပေါက်က ပိတ်လျက် 'ဟဲ့ ပေါ်ဦး၊ တစ်ခါ နင် သေပေတော့၊ သည်လှံနှင့် နင့်ကို  ထိုးသတ်ရတော့မည်' ဟု မိန့်တော်မူလေရာ-

ဦး။      ။ မှန်ပါ၊ ကျွန်တော်မျိုး ပေါ်ဦး လျှောက်ထားရန် ရှိပါကြောင်းပါ ဘုရား။ သည်းခံတော်မူမှ လျှောက်ထားခွင့် ရပါမည် ဘုရား။

ဘိုး။    ။ ဘာ မောင်မင်း လျှောက်မလဲ၊ မြန်မြန်လျှောက်၊ စဉ်းစားမနေနှင့်….လျှောက်။

ဦး။      ။ မှန်ပါ၊ ယနေ့ နန်းတော်ကြီးသို့ ခစားရန် လာသည့်အခါ ဆရာပုဏ္ဏားများက ဟောလိုက်ပါ သည်ဘုရား။

ဘိုး။    ။ ပုဏ္ဏားက ဘယ်လို ဟောလိုက်သလဲ။

ဦး။      ။ အတွင်းဝန်မင်း သတိထားလိုက်ပါ၊ သည်လမှာ သံနှင့်မတည့်ဘူး၊ ကြပ်ကြပ်ရှောင်လိုက်ပါဟု ဟောလိုက်ပါကြောင်းပါ ဘုရား။

ဘိုး။    ။ (လှံတော်ကို သိမ်းပြီးလျှင်) အလျှောက်ကောင်းလို့ တော်တော့တယ်၊ မောင်မင်း လွတ်ရာ သွားတော့။

ဟုမိန့်တော်မူလေ၏။

ပေါ်ဦးသည် မျက်စိမှိတ်လျက် ထွက်သွားသည်ကို ဘိုးတော်မြင်လျှင် 'ဟဲ့ ပေါ်ဦး၊ ဘာဖြစ်လို့ မျက်စိမှိတ်သွားသလဲ'

ဦး။      ။ မှန်ပါ၊ သံကို မကြည့်ဝံ့ကြောင်းပါ ဘုရား။

ဟု လျှောက်သောအခါ ဘိုးတော်သည် ရယ်တော်မူ၍ မျက်နှာလွှဲလျက် နေတော်မူလေသည်။

မှော်ဘီဆရာသိန်း (ပါးစပ်ရာဇဝင်)

Powered by Bullraider.com