ဇာတိခင်မင်စိတ်နှင့် သဘာဝဥာဏ်ရည်
- Details
- Category: အယ်ဒီတာ့အာဘော်
- Published on Sunday, 04 September 2011 18:06
- Written by အယ်ဒီတာ
ခပ်လှမ်းလှမ်းမှ မှိုင်းညို့ ညို့ တောင်တန်းကလေးက အလွမ်းပုံပြင်တစ်ပုဒ်ကို ပြောပြနေသည့်နှယ်။ လူသား မျိုးနွယ်စု၏ သွေးကြောသဖွယ်ဖြစ်သည့် မြစ်ချောင်းတို့၏ နှုတ်ဆက် ငိုကြွေးသံကိုလည်း မကြားရက်နိုင်ပါ။ ကျေးငှက်တို့၏ တောင်းဆိုသံကိုလည်း နားထောင် ကြည့်ပါလေ။ တောင်သည်လည်းကောင်း၊ တောသည်လည်းကောင်း၊ မြစ်သည် လည်းကောင်း တာဝန်ကျေခဲ့ပြီ။ အဆီးအတားမဲ့ ပေးဆပ်နိုင်သူတို့၏ ဝေဒနာကို မိမိတို့က မစာနာ သင့်ပြီလော။
သဘာဝက ပေးအပ်ထားသည့် မြေဆီလွှာ လက်ဆောင်ဖြစ်စေ၊ ရေကြည်သန့်နှင့် ငါးလေးများ ပါရှိသည့် စမ်းချောင်းငယ်ဖြစ်စေ၊ အေးရိပ်မြမြ တောနှင့် တောင်တန်းဖြစ်စေ ဤ မျိုးဆက် တစ်ခုအတွက်သာ မဟုတ်သည်ကို သတိချပ်သင့်ပါသည်။
မိမိတို့ကိုသာလျှင် ပိုင်ဆိုင်စေမှု ကန့်သတ်ထားသည့် ကမ္ဘာကြီးတော့လည်း မဟုတ်ခဲ့ပါ။
ဥာဏ်ရည်အထွေအထွေနှင့် စွမ်းရည် အမျိုးမျိုးထဲတွင် "Naturalist Intelligence" ဟူ၍ ခေါ်ဆိုသည့် “သဘာဝတရားကို သိမြင်ခံစားတတ်မှု ဥာဏ်ရည်” မှာ အနိမ့်အမြင့် မတူကြပါ။ မပြည့်စုံမှုဖြင့် ကြီးပြင်းလာကြရာဝယ် လေ့ကျင့် ပျိုးထောင်ပေးရမည့် အရေးကြီးသော စွမ်းရည်၊ ဥာဏ်ရည်တစ်ရပ်အဖြစ် ကျောင်းပညာရေးက တာဝန်ယူရတော့သည်။
ပူသည်ကို သိခြင်း၊ အေးမြခြင်း၏ အရသာကို ခံစားတတ်ခြင်း၊ စမ်းရေစီးသံ ဂီတ ကို နားထောင်တတ်ခြင်း၊ သစ်ပင်ပန်းမန်တို့နှင့် ကျေးငှက် သာရကာတို့နှင့်အတူ နေထိုင် တတ်ခြင်း တို့မှာ လေ့ကျင့်ပေးရမည့် “သဘာဝ ဥာဏ်ရည်” ၏ အစိတ်အပိုင်းများလည်း ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်တတ်ခြင်း၊ တာဝန်ယူတတ်ခြင်းနှင့် အပျက်အစီးတို့မှ ကာကွယ်တတ်ခြင်း အခြေခံအတွက်လည်း ပြင်ဆင်ပေးရာ ရောက်ပါသည်။ ပြုပြင် ပြောင်းလဲလိုစိတ်များလည်း ရရှိလာကြမည်။
ဇာတိပုည၏ အစိတ်အပိုင်းများဖြစ်သည့် မြန်မာတို့၏ ရေ၊ မြေ၊ တောတောင်နှင့် သက်ရှိ၊ သက်မဲ့ သဘာဝ အလှတရားများကိုလည်း ပိုမို သိမြင်၊ ခံစားလာကြမည်။ တန်ဖိုးကိုလည်း မြင်လာမည်။ လက်ဆင့်ကမ်းပေးလိုစိတ်လည်း ရှင်သန်လာပါမည်။
ကလေးဗဟိုပြု ပညာရေးဟု ဆိုထားရာ သူတို့လေးတွေ နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်ကို အဘယ်မျှ သတိပြုမိကြပါသနည်း။ သိမြင် ခံစား နားလည်ကြပါသနည်း။ ဇာတိ ခင်တွယ် လိုစိတ်ကို မည်သို့ လေ့ကျင့် ပေးကြပါသနည်း။ ဖတ်စာအုပ်များ၏ အကန့် အသတ်ကို ကျောင်းဆရာဆရာမများ သိရှိ နားလည်သင့်ပါသည်။ ဖတ်စာအုပ်ထဲတွင် မပါရှိ သေးသော အရေးကြီးသည့် သင်ခန်းစာများမှာ ပတ်ဝန်းကျင်တွင် ရှိနေပါသည်။
အဝေးမျှော် ခံစားမှုများ လွှမ်းမိုးနေတတ်သည့် ယခုအချိန်အခါဝယ် အနီးစပ်ဆုံး ကျေးရွာ လူအဖွဲ့အစည်းနှင့် ဇာတိ ပတ်လည်ရှိ သဘာဝတရားကို သိမြင် နားလည် ခံစားတတ် စေရန် လေ့ကျင့်ပေးကြပါစို့။
ကမ္ဘာကြီး ကျန်းမာပါစေ။
မောက္ခပညာရေး မဂ္ဂဇင်း (အမှတ် ၇)
ဩဂုတ်လ ၂၀၁၁
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









