ပြု ပြင် ပြောင်း လဲ


လွန်ခဲ့သည့် ၅ နှစ်ခန့်က ပညာရေးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကိုသွားပြီး အင်တာဗျူးပါသည်။ ခက်ခက်ခဲခဲ တွေ့ဆုံခွင့်တောင်းပြီးမှ တွေ့ခဲ့ရခြင်းဖြစ်သည်။ ထို ဆရာကြီးအား ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်တော့မည်ဆိုလျှင် ဘာကစပြီး ပြုပြင်ပြောင်းလဲဖို့လိုမည်နည်းဟု မေးလိုက်မိပါသည်။ ဆရာကြီးက စိတ်ဆိုးမာန်ဆိုးဖြင့် “ဘာပြုပြင်ပြောင်းလဲရမှာလဲ။ ဘာပြုပြင်ပြောင်းလဲဖို့ လိုနေလို့လဲ။ အားလုံးကောင်းနေ တာကို မင်းတို့က ဘာတွေ ပြုပြင်ချင်ရတာလဲ။ ဘာမှပြင်စရာမလိုဘူး” ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ငေါက်ထုတ် ခြင်းကို ခံလိုက်ရဖူးပါသည်။

ထိုအချိန်ကတည်းက မြန်မာ့ပညာရေးသည် ခေတ်နောက်ကျနေသည်။ ပိုက်ဆံချမ်းသာသူတွေက မိမိတို့ သားသမီးတွေကို တိုးတက်ထွန်းကားသည့် နိုင်ငံကြီးများသို့ လွှတ်ပြီး ပညာသင်ခိုင်းနေကြသည်။ နိုင်ငံခြား မပို့နိုင်သေးသည့် ကလေးအရွယ်တွေကိုလည်း မိဘတွေက ပုဂ္ဂလိကကျောင်းတွေကို ပြောင်းအပ်ပြီး ပညာ သင်ခိုင်းနေကြသည်။ သူတို့ဆင်ခြေက ရှင်းပါသည်။ ၁၀ တန်းအောင်လို့မှ အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်နိုင်ခြင်း၊ နိုင်ငံခြားတက္ကသိုလ် ကောလိပ်များသို့ ပို့ချင်လျှင် ထိုနိုင်ငံများမှ သတ်မှတ်ထားသည့် အရည် အချင်းစစ်စာ မေးပွဲများကို မဖြေနိုင်ခြင်း၊ ကျူရှင်ခေါ်သင်သည့် ဆရာများ၏ ဖိစီးမှုကို မခံနိုင်ခြင်း၊ စာဖတ်နိုင် သော်လည်း စာမတတ်ခြင်းစသည့် ကျိုးကြောင်းပြချက်တွေကလည်း ခိုင်လုံနေသည်။

မကြာသေးမီက ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုသည့် စကားလုံးများသည် ဒိမိုကရေစီဆိုသည့် စကားလုံးများနှင့်အတူ ရှင်သန်ဖွံ့ဖြိုးလာသည်။ ပြုပြင်ပြောင်းလဲရန် အိပ်ပျော်နေသော ဆရာတို့ လန့်နိုးလာ သည်။ ရာထူးနှင့် အာဏာတွင် သာယာနေကြသည့် ပညာရေးဌာနမှ ပုဂ္ဂိုလ်များလည်း အော်သံတွေကြောင့် လန့်နိုးလာသည်။ ပြောင်းရန်မလိုဟု ပြောခဲ့သူတွေပါ ပြောင်းလျှင်ကောင်းနိုးနိုး ဖြစ်လာကြသည်။ နိုင်ငံရေးတွင် အမြတ်ထုတ်စရာ၊ လုပ်စရာ မရှိသော သူတွေကလည်း ပညာရေးပြုပြင ပြောင်းလဲမှုဖြင့် ပြည်သူတွေ၏ အာရုံစုစည်းမှုရရှိရန် အားထုတ်နေကြသည်။

အရွေ့တစ်ခုအတွက် အတွန်းလိုပါသည်။ တွန်းနိုင်ရန်အတွက် မြေမြှုပ်ထားသလား၊ ခြေကုတ်ထားသလား ဦးစွာစစ် ဆေးကြည့်ရမည်။ တွန်းနိုင်သည့် အနေ အထားမရှိဘဲ သွားတွန်းလျှင် အားကုန်ပြီး အကျိုးမရှိ ဖြစ်နိုင်ပါသည်။ မပြောင်းလဲလိုသဖြင့် ခြေကုတ်ထားသူများ ခြေကြွရန် ဦးစွာစည်းရုံးရပါလိမ့်မည်။ ခြေကုတ်ကို မဖြုတ်လျှင် သွားတွန်း၍လည်း မောရုံသာရှိမည်။

ပြုပြင်ပြောင်းလဲရေးကို အထက်က မလုပ်လျှင် အောက်ခြေကို လှုပ်ပေးရမည်။ ဆရာတွေကို စည်းရုံးရမည်။ ကျောင်းသားတွေကို စည်းရုံးရမည်။ အောက်ခြေတွင် ပြုပြင်ပြောင်းလဲလိုစိတ်များ ပြင်းထန်နေစေရန် ခေတ်စနစ်နှင့် အခြေအနေအရ တောင်းဆိုပေးနိုင်ရမည်။ မိဘများ ပူးပေါင်းပါဝင်ရမည်။ ပညာရှင်များ အကြံပြုရမည်။ NGO နှင့် ပညာရေးကို စိတ်ဝင်စားသော အဖွဲ့အစည်းများ ပူးပေါင်းလက်တွဲကြရမည်။

ကျောင်းများတွင် ခေတ်မီနည်းစနစ်ဖြင့် စာသင်ကြားရေးဆိုသည်မှာ အပြသဘောသာရှိသည်။ သင်ကြား မည့်ဆရာတွေက အိုင်စီတီကို မရင်းနှီး၊ အကျွမ်းမဝင်။ ကွန်ပျူတာ၊ အင်တာနက်တို့၏ စွမ်းအားကို ကောင်းကောင်းမသိသော ဆရာများက ယနေ့တိုင် ကျောင်းသားရှေ့ထွက်ထိုင်ပြီး ဆရာဗဟိုပြုစနစ်ဖြင့် သင်ကြားနေဆဲဖြစ်သည်။ ကျောင်းစာသင်ခန်းအနေအထား၊ ဆရာ ကျောင်းသားအရွယ်အစာများ မမျှမတ ဖြစ်နေသည့်ကြားမှ အထက်ပိုင်းက ကလေးဗဟိုပြုချဉ်းကပ်မှုဖြင့် စိတ်ကူးယဉ်ကာ ဆရာတွေကို အကောင်အထည်ဖော်ခိုင်းနေကြသည်။ ဆရာတစ်ယောက်ကို ကျောင်းသား ၆၀ လောက်ဖြင့် သင်နေရ သည့်ဆရာက ပတ်ဝန်းကျင်မှ ဆူညံသော အသံတို့ကြောင့် အော်ရလွန်းသဖြင့် အသံတွေနာနေသည်။

ကလေးကို ဗဟိုပြုခြင်းဆိုသည်မှာ အနောက်တိုင်းနိုင်ငံများနှင့် တိုးတက်နေသည့်နိုင်ငံကြီးများ၏ ပညာရေးစနစ်ကို တိုက်ရိုက်ကူးယူကာ မွေးစားနေခြင်းဖြစ်သည်။ သူတို့နိုင်ငံများတွင် ဆရာတစ်ယောက် ကျောင်းသား ၂၀ နှုန်းဖြင့် အကွက်ချသင်ကြားနေချိန်၊ ပတ်ဝန်းကျင်အနေ အထား၊ စာသင်ခန်းအနေ အထားကောင်းကောင်းဖြင့် ပညာမြင့်ပြီး လူမျိုးဂုဏ်မြင့်ရန် ကြံဆောင်နေချိန်တွင် တဲကျောင်း၊ ဝါးကျောင်း၊ သစ်သားကျောင်းထဲမှ ကလေးကိုဗဟိုပြုခိုင်းနေခြင်းမှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီးများတွင် ကျောင်းသား၏ သင်ယူနိုင်စွမ်း၊ ဉာဏ်ရည် အနိမ့်အမြင့်၊ ပတ်ဝန်းကျင်၊ အိမ်တွင်းအခြေ အနေ၊ ငွေကြေးတတ်နိုင်မှုတို့ကိုပါကြည့်ပြီး  ကျောင်းသားဗဟိုပြု သို့မဟုတ် သင်ယူသူ ဗဟိုပြု ပိုင်းဖြတ်သင်ကြားမှုများကို ဆောင်ရွက်နေကြပြီဖြစ်သည်။ ခေတ်မီနည်းစနစ်များဖြင့် သင်ကြားခြင်းကသာ အမြန်ဆုံး ဖြတ်လမ်းမှလိုက်ခြင်းဟု ခံယူထားသော အာဖရိကနိုင်ငံများကလည်း မိုဘိုင်းသင်ယူလေ့လာမှု နောက်ကိုလိုက်ပြီး ရသည့် နည်းပညာလက်နက်ဖြင့် ပညာရေးကို ပြုပြင်ပြောင်းလဲရန် ကြံဆောင်နေကြသည်။

e-Learning ကို စတင်မဆောင်ရွက် နိုင်သေးသည့် နိုင်ငံများစွာရှိနေချိန်၌ m-Learning ဆိုသည့် မိုဘိုင်းသင်ယူမှု ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲသည့်နိုင်ငံတွေက ဆင်နွှဲနေကြပြီ။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းများဖြင့် ပညာရေးကို ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ်များရှိရန်လည်း လိုပါသည်။ ခေတ် နောက်ပြန်ဆွဲချင်သည့် စိတ်ဓာတ် အရိုးစွဲနေသူများဖြင့် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို အောင်မြင်စေရန် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်တွင် ဆွေးနွေးဝေဖန် လေကန်နေကြသူတိုင်းကလည်း ပျက်စီးယိုယွင်းနေသည့် ပညာရေးမကောင်းကြောင်းကိုသာ အာပေါင်အာရင်းသန်သန် ဆွေးနွေး ပြောဆို နေကြသည်။ မကောင်းသည်ကို အကောင်းဆုံးဖြစ်စေရန် မည်သည့်အပိုင်းကစလုပ်မည်၊ မည်သူတွေနှင့် လက်တွဲမည်၊ ငါတို့ မည်သည့်အခန်းကဏ္ဍကပါဝင်မည်ဆိုသည့် အပြုသဘောဆောင်သော လက်တွဲ ပူးပေါင်းလိုသည့် စိတ်ဓာတ်များရှိရန်လိုပါ သည်။

လူ့သဘောသဘာဝက မကောင်းကြောင်းပြောရန်အားသန်ပြီး ကောင်းကြောင်းချီးကျူးရန် အားနည်းပါသည်။ ကောင်းကြောင်းပြောတတ်ရန် အကောင်းမြင်ဖို့လိုသလို၊ ပြောရမည့်အကြောင်းကလည်း ကောင်းရန်လိုပါသည်။ 

Powered by Bullraider.com