စာသင်ကျောင်းများသို့ရောက်လာသော အကြမ်းဖက်မှုများ

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကွန်နက်တီကတ်ပြည်နယ်၌ မူလတန်း ကျောင်းတစ်ကျောင်းထဲသို့ သေနတ်သမားတစ်ဦး ၀င်ရောက်ပြီး ရက်စက်စွာ ပစ်ခတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ ကြောင်း နံနက်စောစော အ,မင်္ဂလာသတင်းကို ကြားလိုက်ရသည်။

သတင်းအချက်အလက်ခေတ် ဖြစ်သဖြင့် နေ့စဉ် ရေဒီယိုမှအစ၊ အင်တာနက်အဆုံး မပြတ်တမ်း သတင်းများကို စောင့်ဖတ်ရ ကြားသိနေရသည်မှာ ၀မ်းမြောက်စရာဖြစ်သော်လည်း ဤသို့သော သတင်းဆိုးမျိုးကိုမူ မကြားချင် ပေ။ မကြာသေးမီကလည်း ဗုဒ္ဓဘာသာဝင်တို့ နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်ကျော် နောက်တစ်မနက် အကူးတွင် ထိတ်လန့်စရာ သတင်းဆိုးတို့ကို ကြားသိရပြီး Facebook ပေါ်တွင် မမြင်ရက်စရာ ရှုခင်းများကို မြင်တွေ့ ခဲ့ရသည်။

ယနေ့နံနက် ရေဒီယိုမှ သတင်းကြားသဖြင့် လမ်းလျှောက်ပြီး အိမ်ပြန်အရောက်တွင် အင်တာနက်သတင်းများကို ဖွင့်ဖတ်ကြည့်လိုက်သည်။ မူလတန်းကျောင်းသား အယောက် ၂၀ နှင့် လူကြီး ၆ ယောက်ကို သေနတ်သမားက သေနတ်ဖြင့် ပစ်သတ်သွားသည်။ အနာဂတ်အတွက် ဘာမှန်း ညာမှန်းမသိသေးသည့် ကလေး အယောက် ၂၀ ဆုံးရှုံးရခြင်းအပေါ် သူတို့နိုင်ငံ သမ္မတကြီးက ၀မ်းနည်းမျက်ရည်တွေကျပြီး မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ကြီးက တိုင်းပြည်နှင့်ချီပြီး နာကြည်း ၀မ်းနည်းစရာ ဤပစ်ခတ်မှုမျိုး နောက်ထပ်မဖြစ်ပွားရေးအတွက် အမေရိကန်တွင် ဂရုစိုက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊ အမေရိကန် မိဘတိုင်း သူ့လို သောက တောင်လို ပုံအောင် ခံစားနေကြရလိမ့်မည်ထင်ကြောင်း သမ္မတ အိုဘားမားက မျက်ရည်တွေသုတ်ရင်းက ပြောကြားသွား သည်။

ယခုဖော်ပြခဲ့သော အချက်အလက်များသည် နိုင်ငံပိုင်သတင်းမီဒီယာများမှ ထုတ်ပြန်သောကြောင့် သိရသည် မဟုတ်။ အင်တာနက်ထဲ ဟိုဝင် သည်ထွက် လျှောက်ကြည့်ရာမှ ရလာသည့်သတင်းများဖြစ်သည်။ ခေတ်သစ် အွန်လိုင်းမီဒီယာကြောင့် သတင်းအချက်အလက်များကို နာရီ၊ မိနစ်နှင့်မပြတ်ရရှိနိုင်သည့်အတွက် သဘော တွေ့မိသည်ကတော့ အမှန်ဖြစ်သည်။ သို့သော် အင်တာနက်ဆိုသည်ကို စိတ်ရှည် ဇွဲသန် သည်းခံတတ်ဖို့တော့ လိုသည်။

အမေရိကန်တွင် ကျောင်းသားများကို သေနတ်သမားက ကျောင်းတွင်းဝင်ရောက် ပစ်ခတ်မှုသည် သေနတ် သမား၏ မိခင် ကျောင်းဆရာမနှင့် မည်သို့ ဆက်စပ်နေသည်တော့မသိ။ သားဖြစ်သူက မိခင် ကျောင်းဆရာမကို အိမ်တွင် သေနတ်ဖြင့် ပစ်သတ်ပြီးမှ၊ သူ့မိခင်စာသင်သည့်ကျောင်းကိုလာပြီး ကျောင်းသားကလေး ၂၀ နှင့် လူကြီး ၆ ယောက် ကို ပစ်သတ်သွားခြင်းဖြစ်သည်။

အထက်ပါ အဖြစ်အပျက်ကို ပြန်သုံးသပ်ကြည့်လျှင် သားသမီးနှင့် မိဘ အမေရိကန်နိုင်ငံတွင်ဆက်ဆံရေးမျိုးကို ပြန်လည် သုံးသပ်ကြည့်သင့်ပြီထင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်တိုင်းတွင် ပြစ်မှုကျူးလွန်သူတိုင်းကို စိတ်ဝေဒနာ ခံစားနေရ သူများအဖြစ် နိဂုံးချုပ်ပေးလိုက်ခြင်းကလည်း ဘ၀င်မကျစရာဖြစ်သည်။

အလားတူဖြစ်ရပ်မျိုး တစ်နေ့တည်းတွင် တရုတ်ပြည် ဟေနန်နယ်၊ ရှန်ပန်းကျေးရွာ မူလတန်းကျောင်းလေးတစ် ကျောင်းတွင်လည်း ဖြစ်ပွားခဲ့သေးသည်။ ဓားကိုင်ထားသည့် အသက် ၃၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ကျောင်းထဲသို့ ၀င်လာပြီး ဓားဖြင့်သောင်းကျန်းမှုကြောင့် မူလတန်းကလေး ၂၂ ဦးဒဏ်ရာရရှိသွားခဲ့သည်။ ထိုသူကိုလည်း စိတ်ဝေဒနာရှင်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ထားသည်။ တရုတ်ပြည်တွင် ၂၀၁၀ ခုနှစ်မှ စတင်ကာ ကျောင်းများအတွင်းဝင်ပြီး ဓားကိုင် သောင်းကျန်းမှုတွေ များလာသည်။ ထို့ကြောင့် ယခုအခါ ဓားရောင်းသည့် ဆိုင်များ တွင် ဓားလာဝယ်ပါက မှတ်ပုံတင်ထုတ်ပြပြီး မှတ်တမ်းဖြင့် ဓားရောင်းရန် အမိန့်ထုတ် ထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် မကြာခဏ ကျောင်းဝင်းများအတွင်းဝင်ပြီး၊ ကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ်နေခြင်းသည် အမေရိကန်နိုင်ငံ၏ သေနတ်ပိုင်ဆိုင်ခွင့်ဥပဒေကြောင့်ဖြစ်သည်။ အမေရိကန် သမ္မတ ဘီလ် ကလင်တန် လက်ထက် ၁၉၉၄ ခုနှစ်ကတည်းက ထို မိမိကိုယ်ကာကွယ်ပိုင်ခွင့်အတွက် သေနတ်ကိုင်ခွင့် ဥပဒေကို တားမြစ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက် ၁၀ နှစ်အကြာ သမ္မတ ဂျော့ ဘုရှ် လက်ထက်တွင် ထိုတားမြစ်ချက်မှာ ပျက်ပြယ်သွားခဲ့ရသည်။ သေနတ်ကိုင်ဆောင်ခွင့်ကို ဥပဒေဖြင့် မထိန်းချုပ်နိုင်သမျှ ဤသို့ သော အကြမ်းဖက်မှုများ ဖြစ်ပွားနေဦးမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ၊ စရိုက်အနေအထားအရ ဤသို့သော ကျောင်းတွင်း အကြမ်းဖက် တိုက်ခိုက်စရာ အဖြစ်မျိုးနှင့် မကြုံတွေ့ခဲ့ရပေ။ သို့သော် တစ်ဆက်တည်းဆိုသလိုပင် မရေရာသော သတင်းများ ကိုလည်း ကြားနေရပြန်သည်။ ကျောင်းဆရာမတစ်ဦးက ဆရာကန်တော့ကြေး ငွေ ၁၀၀ မပေးနိုင်သည့်အတွက် ကျောင်းသားကို သံပေတံဖြင့်ရိုက်ရာ ကျောင်းသားလက်ကျိုးဆိုသည့် သတင်းမျိုးဖြစ်သည်။ မြန်မာ့ပညာရေး လောကတွင် ထိုသတင်းသည် မှန်ကန်မည်ဆိုပါက ရင်ကျိုးစရာ သတင်းဆိုးမျိုး ဖြစ်မည်ထင်သည်။ အကြမ်း ဖက်မှုကို ဆရာကိုယ်တိုင် ကျူးလွန်သကဲ့သို့ဖြစ်နေသောကြောင့် ဖြစ်သည်။

ရုပ်ဝတ္ထုဆိုင်ရာ မြင်တွေ့ရသည့် ကျူးလွန်မှုများအဖြစ် သေနတ်ဖြင့် ပစ်ခြင်း၊ ဓားဖြင့်ထိုးခြင်းများကို ကျူးလွန်သူ တွေက ကျူးလွန်ကြသည်။  ကျောင်းသို့ရောက်လာသော ကလေးသူငယ်များကို စိတ်ဝေဒနာရစေရန် ဆရာများ က မကျူးလွန်စေလိုပါ။ ကျောင်းသူလေးတစ်ဦးကို ဆရာမဖြစ်သူက ရည်းစားနှင့်ချိန်းတွေ့ခြင်းအား အကိုင် အတွယ် မတတ်သဖြင့် ကျောင်းသူလေး အဆိပ်သောက်သေသွားသည့် သတင်းကလည်း ရင်နင့်ဖွယ်ရာဖြစ် သည်။ ကျောင်းကိုရောက်လာသော ကျောင်းသားများအား စာသင်ပေးရုံသက်သက်ဖြင့် တာဝန်ကျေပြီဟု ခံယူနေသော ဆရာမျိုးများ၊ ကလေးစိတ်ပညာသဘောတရားကို နားမလည်ဘဲ ဆရာဝင်လုပ်နေသည့် ဆရာ ဆရာမများ ပေါများလာလျှင် မြန်မာ့ပညာရေးလောကတွင်လည်း အကြမ်းဖက်မှုတွေ များလာမည်ထင်သည်။

အယ်ဒီတာ

 

Powered by Bullraider.com