စာမေးပွဲ မအောင်သေးသော နိုင်ငံ

editorial logoတရားဝင်သတ်မှတ်ထားသည့် ၁၀ တန်း စာမေးပွဲကြီးကာလမှာ လွန်မြောက်ခဲ့ပြီး ဖြစ်ပါသည်။ မတ်လ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် ၀င်ရောက်ဖြေဆိုခွင့် မရရှိသေးသော ကျောင်းသူကျောင်းသား ထောင်သောင်းချီပြီး ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် အကျပ်အတည်းများစွာဖြင့် ကြုံတွေ့ခဲ့ရသော ကလေးငယ်များ အတွက် မည်သို့ စဉ်းစားကြပါမည်နည်း။ ကျောင်းသားလူငယ်များ၏ ဘ၀ခရီးအတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ အရေးပါ နေဆဲ ၁၀ တန်း စာမေးပွဲကြီးကို တရားသဖြင့် ၀င်ရောက်ဖြေဆိုခွင့် ရရှိကြသင့်ပါသည်။

စာစစ်ဌာန မရှိသည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများသည် ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက် ဖြေဆိုနေရဆဲဖြစ်သည်ဟု သိရသည်။

စာစစ်ဌာနဖွင့်ခွင့် ရရှိရေးအတွက် ယမန်နှစ်ကတည်းက သက်ဆိုင်ရာသို့ တင်ပြ တောင်းခံထားသော်လည်း ခွင့်ပြုချက် မချပေးသေးသဖြင့် ဘုရားသုံးဆူမြို့မှ မိုင် (၅၀) ခန့် ဝေးသည့် ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက် ဖြေဆိုကြရခြင်းပင်။ စိတ်ဖိစီးမှုရှိနေသော ကလေးများ သာမကဘဲ စာမေးပွဲကာလအတွက် စီစဉ်ဆောင်ရွက်ရာတွင် ကျောင်းသားမိဘများနှင့် ဆရာဆရာမများအတွက် အပို ဒုက္ခများနေဆဲဟု ဆိုရပါလိမ့်မည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူကျောင်းသားများ အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။ မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်
နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်းရေးမှူးက မီဒီယာသို့ တရားဝင် ရှင်းပြခဲ့သည်။ သင်ရိုး အဘယ်သို့ ကုန်ပါမည်နည်း။ ဤကချင်ကလေးငယ်များနှင့် အခြားသော ကျေးလက်၊ တောင်ပေါ်၊ ရွေ့လျားဒေသများ အတွက်လည်း အထူး စဉ်းစားပေးစေလိုပါသည်။

ပို၍ စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ အောက်မြန်မာပြည် စာစစ်ဌာနအတွက် မှတ်ပုံတင်ထားသူ ၁၀ တန်းကျောင်းသားများအနက် တစ်သောင်းငါးထောင်ကျော် စာမေးပွဲ လာမဖြေကြခြင်းပင်ဖြစ်ပါ၏။ နောက်ခံအကြောင်းရင်း များစွာ ရှိနေပါသည်။ အထူးသဖြင့် ကလေးငယ်များနှင့် မိဘများတွင် မည်သို့သော အတားအဆီးများ ရှိနေပါသနည်း။ ပျက်ကွက်သူ အရေအတွက်မှာ ယခင်နှစ်ကထက် ရာခိုင်နှုန်း တိုးလာနေသဖြင့်  စုံစမ်း ဖော်ထုတ်ရမည်ဖြစ်ပါသည်။

ပညာရေးဆိုင်ရာ တန်းတူအခွင့်အရေး၊ တရားမျှတမှုနှင့် ဖေးမကူညီမှုတို့ကိုလည်း စတင်ဆွေးနွေးကြရန် အချိန်သင့်ပြီဟု ထင်မြင်ယူဆ ပါသည်။

ယခု နောက်ဆုံးမိတ္ထီလာ အရေးအခင်းတွင် စာမေးပွဲ မဖြေလိုက်ရရှာသော ဆယ်တန်း ကျောင်းသားများအတွက် ၀ိုင်းဝန်း စဉ်းစားပေးကြ ပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

သင်ရိုး မကုန်ခဲ့ခြင်း၊ ကျောင်းသား သောင်းနှင့်ချီပြီး စာမေးပွဲ လာရောက်ဖြေဆိုခွင့် မရရှိခြင်း၊ စာမေးပွဲ ကျရှုံးခြင်းမှာ တစ်ဦးတစ်ယောက် ကိစ္စ၊ တစ်ကျောင်းကိစ္စဟူ၍သာ မရှုမြင်သင့်ပါ။ နိုင်ငံ၏ စာမေးပွဲ ကျရှုံးမှုပင် မဟုတ်ပါလော။

မောက္ခပညာရေးမဂ္ဂဇင်း

၂၃ မတ်လ ၂၀၁၃

Powered by Bullraider.com