ထီးနှင့် ဒီမိုကရေစီခရီး

Category: အယ်ဒီတာ့အာဘော်
Published on Friday, 10 October 2014 02:14
Written by အယ်ဒီတာ

http://i.telegraph.co.uk/multimedia/archive/03058/hong-kong-umbrella_3058275k.jpg

၂၀၁၄ ခုနှစ်သည် ဖိနှိပ်သူတို့ အခက်တွေ့ခဲ့ရသည့် ကာလဟု ဆိုရမည် ဖြစ်သည်။ စက်တင်ဘာလက စတင်ပြီး ဟောင်ကောင်ကျောင်းသားများသည် မိမိတို့ အုပ်ချုပ်ခွင့်ရ နယ်မြေပိုင်နက်အတွင်း ကိုယ့်ခေါင်းဆောင်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့် မရသဖြင့် တရုတ်အစိုးရကို ပုန်ကန်ခြားနားကြသည်။ အလားတူစွာ ထိုင်ဝမ်တွင်လည်း မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကျောင်းသားနှင့် အရပ်သားများ ပူးပေါင်းကာ တရုတ်အစိုးရကို ဆန့်ကျင်ပွဲများ ကျင်းပခဲ့ကြသည်။ ထိုင်ဝမ်ကျောင်းသားများက တရုတ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကို နေကြာပန်းဖြင့် တင်စားကြသည်။ ဟောင်ကောင် ကျောင်းသားများကတော့ သူတို့ လှုပ်ရှားမှုကို ထီးဖြင့် တင်စားကြသည်။

ထိုင်ဝမ်နှင့် ဟောင်ကောင်သားတို့ နိုးကြားလာကြပြီ ဖြစ်သည်။ စီးပွားရေးနှင့် နိုင်ငံရေးကို လက်ဝါးကြီးအုပ်၍ မရနိုင်ကြောင်း လက်အောက်ခံ ပြည်သူများက လူသိရှင်ကြား တိုက်ပွဲဆင်လာကြခြင်း ဖြစ်သည်။ အရာရာတွင် လက်နက်နှင့် အာဏာဖြင့် ထိန်းချုပ်စိုးမိုးထား၍ မရနိုင်ကြောင်းကို ကမ္ဘာသိအောင် ထီးနှင့် နေကြာပန်းတို့၏ တိုက်ပွဲဝင်မှုသည် ဒီမိုကရေစီ လမ်းကြောင်းအတွက် အရေးကြီးသည့် ကာလဟုလည်း ဆိုရမည် ဖြစ်သည်။

ကွန်မြူနစ်ပါတီ၏ စိုးမိုးမှုအောက်တွင် တရုတ်သည် ထိတ်လန့်ကြောက်ရွံ့မှုများမှ ရုန်းမထွက်နိုင်သေး။ ကွန်မြူနစ်စနစ်၏ အားနည်းချက်မှာ ကိုယ့်ပြည်သူအပေါ် ကိုယ်မယုံခြင်း ဖြစ်သည်။ မယုံကြည်ခြင်းက အကြောက်တရားတွေ တိုးပွားစေသည်။ ယခုအချိန်သည် ပြည်သူက အစိုးရကို ကြောက်ရမည့်အချိန် မဟုတ်၊ အစိုးရက ပြည်သူကို ကြောက်ရမည့်အချိန် ဖြစ်ကြောင်း နိုးကြား သိမြင်လာကြသည်။ ပြည်သူတို့သည် နှောင်ကြိုး တည်းထားသည့် လွတ်လပ်ရေးထက်၊ နှောင်ကြိုးမဲ့ လွတ်လပ်ရေးကို ပိုပြီး တောင့်တလာကြသည်။ တည်းထားသည့် နှောင်ကြိုးမှန်သမျှကို ဖြတ်တောက်ပစ်ရေးကို လူကြီးတွေ ကြောက်လျှင်၊ လူငယ်တွေက ဦးဆောင်မည်။ ယင်းသည်ပင် ကမ္ဘာ့လှုပ်ရှားမှု နိယာမ ဖြစ်လာသည်။

ကျောင်းသားများသည် သူတို့အတွက် ဆုံးရှုံးစရာ ဘာမျှမရှိဆိုသည့် ခံယူချက်ဖြင့် အခွင့်အရေးတောင်းဆို လှုပ်ရှားမှုတိုင်းကို ရှေ့တန်းမှထွက်ကာ ဦးဆောင်လှုပ်ရှားလေ့ ရှိသည်။ ရှေ့တန်းထွက်ခြင်းဖြင့် သေခြင်းနှင့် အဖမ်းခံရခြင်း ဆုလာဘ်နှစ်မျိုးသာ ရှိကြောင်း သိသော်လည်း သူတို့ တိုက်ပွဲဝင်လေ့ ရှိသည်။ နိုင်ငံရေးသမားတွေကတော့ အခွင့်အရေးကို ချောင်းပြီး ဘက်ပြောင်းတတ်သည်။ အခွင့်အရေး မယူလိုသော ကျောင်းသားများကို တိုက်ပွဲ၏ နောက်ဆုံးအချိန်များတွင် နင်းပြီး ရှေ့တန်းတက်လာသူများမှာ နိုင်ငံရေးသမားများသာ ဖြစ်သည်။ မြန်မာ့သမိုင်းတွင် ကိုအောင်ဆန်းတို့၊ ကိုနုတို့ ကျောင်းသားဘဝမှ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာကြသည် ဆိုသော်လည်း ကျောင်းဝင်းထဲက ခုန်ထွက်ပြီး နိုင်ငံရေးစင်မြင့်ပေါ် တက်လိုက်ခြင်း မဟုတ်ကြောင်း သိထားစေလိုသည်။ ကြားကာလ အခက်အခဲပေါင်း များစွာ၊ တိုက်ပွဲပေါင်း များစွာကို ကျော်ဖြတ်ပြီးနောက် ပြည်သူက တင်မြှောက်ခြင်းကြောင့် ပြည်သူ့ခေါင်းဆောင်များဘဝ ရောက်လာရခြင်း ဖြစ်သည်။

နေကြာပန်းတို့သည် နေလာရာဘက်ကို ငံ့လင့်ပြီး အကွက်ချောင်းနေကြသည်။ ထီးတွေကလည်း မိုးဒဏ်၊ နေဒဏ်ကို ကြံ့ကြံ့ခံပြီး အခွင့်အရေးကို တောင်းနေကြသည်။ အာဏာရှင်များက အာဏာဖြင့် ဖြိုခွင်းလျှင် ကိစ္စက ချက်ချင်းပြတ်သွားမည်။ တရုတ်အစိုးရ အနေနှင့် တိန်အန်မင်တွင် အတွေ့အကြုံများ ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ထီးဆောင်းလာသူများနှင့် နေကြာပန်း ကိုင်ထားသူများကို ကျည်ဆန်အားဖြင့် ဖြေရှင်းမည်ဆိုလျှင် တရုတ်အစိုးရ သိက္ခာကျစရာ ဖြစ်လာမည်။ ကမ္ဘာက စောင့်ကြည့်နေကြသည့် ဒီမိုကရေစီခရီး၏ အနီးအဝေးသည် ထီးနှင့်နေကြာတို့အပေါ် တရုတ်အစိုးရ မည်သို့ တုံ့ပြန်မည် ဆိုခြင်းက အဖြေဖြစ်နိုင်ပါသည်။

အယ်ဒီတာ (၆-၁၀-၂၀၁၄)

Powered by Bullraider.com