မြန်မာတွေ ဘာဆင်းရဲနေလဲ

''မြန်မာစာကြီးကမလိုပါဘူးကွာ''

''မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကျက်နေရဦးမှာလား''

''ဒီခေတ်ကြီးမှာ မြန်မာစာမလိုတော့ပါဘူးဗျာ'' စသဖြင့် ညည်းတွားသံပေါင်းစုံကို စာရေးသူ နားနှင့်မဆံ့အောင် ကြားခဲ့ဖူးပါသည်။ မှန်ရာကိုဆိုပါမည်။ စာရေးသူ ကိုယ်တိုင်ပင် တစ်ချိန်က ထိုကဲ့သို့တွေးမိပါသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုကူးစက်ခံ ယနေ့ခေတ်မြန်မာနိုင်ငံ အဖို့ မြန်မာစာပေ၏ကဏ္ဍမှာ အင်မတန်မှေးမှိန်လာပြီဟု ဆိုလည်း မမှားနိုင်ပေ။

ထိုအသိမှားအမှောင်ထုထဲမှ စာရေးသူအား ကယ်တင်ပေးလိုက်သောလက်တစ်စုံမှာ အခြားမဟုတ် မိမိတို့ တလွဲဆံပင်ကောင်း လေးစားအတုယူနေမိသော တိုင်းတစ်ပါးသားများပင်တည်း။ စာရေးသူသည် အကြောင်းပါကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးတွင် နိုင်ငံခြားဘာသာသင်ကြားဖြစ်ပါသည်။ နိုင်ငံခြားသားများနှင့် ခင်မင်ရင်းနှီးစေရန်မိတ်ဖွဲ့ခဲ့ပါသည်။ မိတ်ဆွေလာအဖွဲ့လည်း ခံခဲ့ဖူးပါသည်။

ကာလအတန်ကြာသော် စာရေးသူအဖို့ နိုင်ငံခြားသား သူငယ်ချင်းမိတ်ဖွဲ့သည်မှာ မဆန်းတော့ပေ။ သို့ရာတွင် အဖြေမထုတ်နိုင်သေးသည်မှာ ကျွန်ုပ်တို့ အထင်မကြီး မလေးမစား ပြက်ရယ်ပြုခဲ့သော မြန်မာစာအား ကျွန်ုပ်တို့ အားကျအတုခိုးနေသော တိုင်းတစ်ပါးသားများ ဘာကြောင့် တလေးတစားလာသင်နေသလဲဆိုသည့် မေးခွန်းပင်ဖြစ်၏။ အဟုတ်တည်း။ ကျွန်ုပ်တို့သည် မြန်မာစာပေသမိုင်း ကြောင်းထက် လူရေးရုပ်ရှင်သမိုင်းကို ကိုးကွယ်နေကြသည်။ ကျွန်ုပ်တို့သည် တန်ဖိုးထားသင့်သော မိခင်ဘာသာထက် ချိစ်စား၍ပြောသော ဘိုစကား၊ ဘိုစာကို ပိုမြတ်နိုး စုံမက်နေကြ၏။ အမှန်စင်စစ် အမေကျော် ဒွေးတော်လွမ်း ဟူသော စကားပုံအတိုင်းပင်တည်း။

ကျုပ်တို့မြန်မာလူမျိုးများကသာ ဟန်လုပ်၊ ဂုဏ်လုပ်ရုံ သက်သက်ဖြင့် နိုင်ငံခြားသားများအား မိတ်ဖွဲ့သော်ငြား ယင်းတို့၏ရည်ရွယ်ချက်မှာကား ကွဲပြား၏။ မြန်မာစာ မြန်မာစကားအား ကျောင်းစာအပြင် ဆရာ ဆရာမ သင်ကြားသည်ထက် ပိုမိုကျယ်ပြန့်စွာလေ့လာလို၍ ဖြစ်၏။ သို့သော် ခေတ်သုံးဗန်းစကားများနှင့် အသိမှား အသုံး လွဲနေသော စကားများသာ လေ့လာခွင့်ရကြဟန်ပေါ်သည်။ စွန်းပျော်တယ်ဟုဆိုကာ အလွန်အစား ''စွန်း'' ကို အသုံးပြုပြောနေကြသဖြင့် မြန်မာစာသင်နိုင်ငံခြားသား တစ်ဦး၏ စပ်စုခြင်းခံခဲ့ရဖူးပါသည်။ စာရေးသူပင် ဤအဓိပ္ပာယ်နှင့် ဇာစ်မြစ်ကို မသိချေ။ သို့ရာတွင် အစွန်းရောက်၊ အစွန်းတစ်ဖက်ဟူသော စကားလုံးတို့အတိုင်း ဆိုလိုရင်းတူကောင်းတူနိုင်မည်ဟု ထင်မှတ်မိသည်။ ဇာစ်မြစ်ကား ကျွန်ုပ်တို့၏ဘဝတစ်စိတ်တစ်ပိုင်းဖြစ်နေသော ဖေ့စ်ဘွတ်ခေါ် အင်တာနက်လူမှုစာမျက်နှာပင်ဖြစ်မည်ဟု ထင်မိ၏။

ယင်းသို့ကောက်ချက်ချမိသည်ကား တခြားမဟုတ်။လူမှုစာမျက်နှာပေါ်တွင် ''ယ်''အစား ''ရ်''သုံးနေသည်ကို တွေ့မြင်ဖူးသည်။ ''ရ်''ကို ရှေးမြန်မာစာပေတွင် အသုံးပြု ဖူးသည်ကို လေ့လာခဲ့ဖူးပါသည်။ ''တဲ့''ကိုပင် ''တက်''ဟု ဖော်ပြခဲ့ဖူးသေးသည်။ ထိုအခါ ရှေးမြန်မာစာ လေ့လာ ကျက်စားသည်မဟုတ်ပေတကားဟု ထင်မှတ်မိပါသည်။

သို့သော် ယခုအသုံးပြုနေကြတော့ ''ကွီး''၊ ''မွီး'' ဆိုသည်ကား မည်သည့်အဘိဓာန်မှ ကောက်နုတ်ထားသည် ကို မသိရိုးအမှန်ပေ။ ယခုအခါ ''ပဲ''နှင့် ''ဘဲ''၊ ''လည်း''နှင့် ''လဲ'' စသည့်အသုံးပင်မမှန်တော့ပေ။ ဖေ့စ်ဘွတ် အဘိဓာန်ကျမ်းစာအရ ပြောင်းသွားသည်လား။ မြန်မာစာ အသုံး ကျမ်းမကျေတော့သည်ကား စာရေးသူမပြော တတ်ပေ။

သို့သော် ပြတင်းပေါက်ကို ပြူတင်းပေါက်ဟု သင်နေသော ဆရာမ။ ကြေညာအား ကြေငြာဟုရေးနေသော သတင်းဆောင်းပါးရှင်။ ကိုယ့်ကိုယ်ကိုယ်ဟုမရေးဘဲ ကိုယ့် ကိုကိုဟု ရေးတတ်သည့်စာရေးဆရာတို့ကို မြင်တွေ့ရသော် စာရေးသူ အင်မတန်တုန်လှုပ်သွားမိပါသည်။

လမ်းတွင်ထောင်ထားသော ဘေဘုတ်မှ မြန်မာစာ သတ်ပုံအမှားများ၊ လက်ကမ်းကြော်ငြာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့တွင်ပါလာသည့် ကျွန်ုပ်တို့မြန်မာလူမျိုးများ၏ မြန်မာစာအမှားကို မြန်မာစာသတ်ပုံကျမ်းကိုင်ကာ ထောက်ပြနေသော နိုင်ငံခြားသားများရှေ့မှောက်တွင် ရပ်နေမိသော စာရေးသူ ထွက်ပြေးသွားချင်မိသည်မှာ မှန်သောစကား သစ္စာတည်း။

ဘာကြောင့် မြန်မာတွေ မြန်မာစာအခြေခံတောင် မှားနေရတာလဲဟူသော အမေးအောက် စာရေးသူ အရိုးထိအောင်နာကျင်မိသည်။

ရှက်သည်မဟုတ်။ ရွံ့သည်မဟုတ်။ ဤတိုင်းတစ်ပါးသား ငါ့နိုင်ငံလာ ငါ့လူမျိုးကိုနှိမ်ပြောတာလားဟူ၍လည်း စိတ်မဆိုးမိပါ။ နာကျင်သည့်အကြောင်းမေးလျှင် မသိ လိုက်ခြင်း၊ မသိမိခြင်းဟုပင်ဖြေရမည်။ ကျုပ်တို့အားလုံး ရုပ်ပိုင်းဆိုင်ရာ အလွယ်ဖွံ့ဖြိုးဖို့ရည်မှန်းကာ နည်းပညာ အသစ်အဆန်းတွေ၊ တိုင်းတစ်ပါးဘာသာစကားတွေ လေ့လာကြ၊ ဆည်းပူးကြနဲ့ အချိန်တွေကုန်ပြီး ဆင်းရဲလာကြတာမသိလိုက်ကြဘူး။ မြန်မာလူမျိုးဖြစ်ပြီး လူတိုင်း မြန်မာစာမရေးတတ်ကြဘူး။ ဘာသာပြန်မပေးနိုင်ကြဘူး။ မြန်မာစာမသင်ပေးနိုင်ကြဘူး။

ဒီလိုပြောလို့ စာရေးသူကိုယ်တိုင်လည်း မြန်မာစာ အဓိက မဟုတ်ရပါဘူး။ မြန်မာစာအကျွမ်းတဝင် လေ့လာ သူလည်း မဟုတ်ရပါဘူး။ သို့ရာတွင် လေ့လာဆဲ၊ လေ့လာ မြဲပါ။ ဒါကြောင့် ကိုယ့်ဘာသာစကား ဂုဏ်မငယ်ရလေအောင် မြန်မာဖြစ်ပြီး မြန်မာစာမဆင်းရဲရလေအောင် မြန်မာစာကိုမပစ်ပယ်ကြစေလို၍ အပြုသဘောနှင့် အသိပေးလိုက်ပါရစေ။

ခြူး
B.A (japan)

ကြေးမုံသတင်းစာ (၁.၁.၂၀၁၇)

Powered by Bullraider.com