ရန်လိုသည့်ကလေးများကို ဆက်ဆံနည်း

https://robbynpeters.files.wordpress.com/2013/12/angry-mom-and-boy.png

လေးဘက်သွားတဲ့ အရွယ်လေးတွေကတည်းက ရန်လိုမှုတွေ ပြလာတတ်တာ သတိထားမိကြမှာပါ။ ဒါဟာ ကလေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်ရိုးဖြစ်စဉ်ပါ။ စိုးရိမ်စရာ မရှိပါဘူး။ ဒီအရွယ်လေးတွေမှာ စကားပြောဖို့ ကြိုးစားနေပြီ။ သူတို့ကို ချုပ်နှောင်ထားရင် မကြိုက်တော့ဘူး။ လွတ်လွတ်လပ်လပ်လည်း နေချင်လာကြတယ်။ သူတို့လွတ်လပ်ချင်တာကို အတင်းချုပ်နှောင်ဖို့ မကြိုးစားပါနဲ့။ တတ်နိုင်သမျှ လွှတ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ်က ထိန်းရတော့မှာပေါ့။

“ဒီအရွယ်လေးတွေမှာ ကိုက်ချင်တာတွေ၊ ရိုက်ချင်တာတွေ ဖြစ်လာလိမ့်မယ်။ သဘာဝပဲ” လို့ ဒေါက်တာ နာဒိုင်း ဘလော့ကဆိုပါတယ်။

ကလေးတွေ ကိုက်ချင် ရိုက်ချင်လာတာ သဘာဝပဲဆိုပြီးတော့ ပစ်ထားလို့လည်း မဖြစ်ပါဘူး။ သူတို့စိတ် မကျေနပ်မှုတွေကို ပေါက်ကွဲပြနေရလောက်အောင် လွှတ်ထားဖို့ဆိုတာလည်း မဖြစ်သင့်ဘူး။ ဒါကြောင့် သူတို့ ဘာကြောင့် စိတ်အလိုမကျ အော်ဟစ်ရန်လိုကာ ထုရိုက်ချင်နေရသလဲဆိုတာလည်း ပြဿနာ အဖြေရှာသင့် ပါတယ်။

ဒီလို ရန်လိုအော်ဟစ်သောင်းကျန်းလာရင် ဘာလုပ်ပေးသင့်သလဲ။

ကလေးကို တစ်ယောက်တည်း ကစားခိုင်းဖို့ မကြိုးစားနဲ့တော့။ ဘောလုံးလေးတစ်လုံးကို အခန်းထဲမှာ ပစ်ပေးပြီး အပြန်အလှန်ဆော့ခိုင်းကြည့်စေချင်တယ်။ တကယ်လို့ အကိုတွေ အစ်မတွေ ရှိရင်လည်း ခေါ်ပြီး တော့ အတူတူ ဘောလုံးပစ်တာ၊ ဖမ်းတာတွေ ကစားခိုင်းသင့်တယ်။

ကလေးကို တစ်ခုခုပြောပြီးတော့ နှစ်သိမ့်နိုင်အောင် အဲဒီအချိန်မှာ အားမထုတ်ပါနဲ့။ ကလေးချင်း အတူတူ ထားပြီး ကိုယ်က ကြားကနေ ဒိုင်လူကြီးလုပ်ပေးတာလည်း ပြဿနာကို ဖြေရှင်းတဲ့နည်းပဲ။

ဖြစ်နိုင်ရင် စိတ်ဆိုး ဒေါသထွက် စိတ်ရှုပ်နေတဲ့ကလေးကို စိတ်အေးပြီး ငြိမ်းချမ်းသွားအောင် အားထုတ်သင့် တယ်။ သူတို့စိတ်အလိုမကျတာကို ပစ်ထားလိုက်တာထက် မိဘက ချော့ပြီးတော့ နှစ်သိမ့်ပေးတာ အကောင်း ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးတစ်ယောက်အပေါ်မှာ မိဘကလွဲပြီး စိတ်အချမ်းသာဆုံးဖြစ်အောင် နွေးထွေးမှုနဲ့ နှစ်သိမ့်မှု မပေးနိုင်ဘူးဆိုတာလည်း သတိရစေချင်ပါတယ်။

ကလေးဟာ စိတ်အလိုမကျလို့ ဒေါသထွက်နေပုံပြနေရင် သူ့ပတ်ဝန်းကျင်အနေအထားနဲ့ အဆင်မပြေလို့ပဲ။ ဒါကြောင့် လတ်တလော သူ့ကို အဲဒီပတ်ဝန်းကျင်ကနေ ခေါ်ထုတ်သွားတာ အကောင်းဆုံးပါ။ နေရာ သို့မဟုတ် အနေအထား တစ်ခုခုကို စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ပြောင်းပေးလိုက်တာနဲ့ သူတို့စိတ်ထဲမှာ သဘောကျသွားတာကိုလည်း တွေ့ရပါလိမ့်မယ်။

ကလေးအခြေအနေ တည်ငြိမ်သွားပြီဆိုရင် သူဘာကြောင့် စိတ်ဆိုးဒေါသထွက်နေရတယ်ဆိုတာ မိဘတွေက ပြန်သုံးသပ်သင့်ပါတယ်။ သူတို့ကို စရင် နောက်ပြောင်နေရင်လည်း မကြိုက်တတ်ပါဘူး။ သူတို့ ဒေါသထွက် နေတာလေးက ချစ်စရာလေးဆိုပြီးတော့ နောက်ပြောင်ပြီး ငိုအောင်လုပ်နေတာလည်း သဘာဝမကျပါဘူး။

ကလေးကို ဒေါသထွက်အောင် လုပ်နေတဲ့ နောက်ဆက်တွဲအနေနဲ့ တိုက်ခိုက် ရန်လိုစိတ်လေးတွေ ဝင်လာတတ်ပါတယ်။ အလိုမကျတဲ့ ကလေးတစ်ယောက်ဟာ အမျိုးမျိုးသော တုံ့ပြန်မှုတွေ လုပ်ပြနိုင်ပါတယ်။ မိဘတွေက ချော့တယ်ဆိုတာ သူတို့နားလည်ပါတယ်။ ဖြေသိမ့်ပေးဖို့ကလွဲပြီး အခြားနည်းလမ်းတွေ မသုံးသင့် ပါဘူး။ စိတ်အလိုမကျလို့ ကိုက်လိုက်တဲ့ ကလေးတစ်ယောက်ကို လူကြီးက လက်တုံ့မပြန်ဖို့ အရေးကြီးပါတယ်။

ကလေးရဲ့ ရန်လိုစိတ်ကို လူကြီးတွေက အပြုသဘောနဲ့ တုံ့ပြန်ပေးတာ အကောင်းဆုံးပဲ။ လူကြီးတွေရဲ့ နှုတ်က တစ်ခုခုပြောပြီး ထွေးပွေ့ထားမယ်။ ကလေးကို ချီမြှောက်ပြီး ပျော်ရွှင်အောင် မွှေ့ကစားမယ်။ သူတို့ကို မခြောက် ပါနဲ့။ ကြောက်အောင်လည်း မလုပ်ပါနဲ့။ ကလေးချင်း အလိုမကျလို့ ကိုက်ဖဲ့ကုတ်ခြစ်နေရင် ကိုယ့်သားသမီး ဖြစ်စေ၊ အခြားသူကိုဖြစ်စေ သူတို့ရှေ့မှာ ရိုက်နှက်အပြစ်ပေးတာတွေလည်း မလုပ်မိပါစေနဲ့။ ကလေး နှစ်ယောက် ပြဿနာဖြစ်နေရင် နှစ်ယောက်စလုံးကို ပွေ့ဖက်ထွေးပိုက်ပြီး နှစ်သိမ့်နိုင်အောင် ကြိုးစားပေးသင့်ပါ တယ်။

ကလေးတွေ ရန်လိုပြီး ဒေါသထွက်နေရင် သတိထားကြည့်သင့်တာက

-       ရန်လို စိတ်ဆိုးပြီး အမြဲဒေါသထွက်နေတာ တစ်ပတ်လောက် ဖြစ်နေသလား

-       အခြားကလေးတွေနဲ့ တွေ့ရင် သူကြောက်နေတတ်သလား

-       လူကြီးတွေကိုရော ရန်လိုတိုက်ခိုက်မှုတွေ ရှိနေသလား

-       လူကြီးတွေကိုယ်တိုင် နှစ်သိမ့်ချော့ပေးနေတာတောင် သက်ရောက်မှု မရှိဘူးလား

အထက်ပါအချက်တွေဖြစ်နေရင် သာမန်မဟုတ်တော့ပါဘူး။ ကလေးအတွက် အကောင်းဆုံးဖြစ်အောင် စိတ်ရောဂါကု ဆရာဝန်တစ်ဦးဦးကိုပြပြီးတော့ အကြံပြုချက်ရယူဖို့ ကြိုးစားသင့်ပါတယ်။

(Ref: Toddler behavior problems and how to handle them, Baby Center)

Powered by Bullraider.com