ပျင်းရိခြင်းကို ကျော်လွှားရအောင်

https://www.workitdaily.com/wp-content/uploads/2012/01/avoid-laziness-work.jpg

ပျင်းလိုက်တာကွာဆိုတဲ့ အပြောမျိုးနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသလို နေသူမျိုးတွေ တွေ့ဖူးမှာပါ။ အလုပ်မရှိလို့ ပျင်းတဲ့သူတွေကို တွေ့ရသလို၊ အလုပ်ကို နာရီပေါင်းများစွာ လုပ်ပြီးတော့ ဘာမှ မလုပ်ချင် မကိုင်ချင်တော့လောက်အောင် ပျင်းသွားတာမျိုးတွေလည်း တွေ့ကြုံဖူးကြမယ်ထင်ပါတယ်။

လူဆိုတာက ခက်ပါတယ်။ ချမ်းတော့လည်းပျင်း၊ ပူတော့လည်းပျင်း၊ ဆာတော့လည်းပျင်း၊ စားပြီး ဗိုက်အင့် တော့လည်းပျင်း၊ စောလွန်းတယ်၊ နောက်ကျလွန်းတယ်ဆိုပြီး အမျိုးမျိုး ကြံဖန်ပျင်းတာတွေလည်း ရှိတာပဲ။

လူငယ်တွေကို အကြံပြုချင်တာက ပျင်းလွန်းရင် ဖျင်းသွားတတ်တယ်ဆိုတာပါပဲ။ ဓားဆိုတာ အမြဲသွေးနေရ တယ်။ အမြဲမသွေးဘဲ ပစ်ထားလိုက်ရင် သံချေးတက်တတ်ပါတယ်။

ပျင်းတာကို ကျော်လွှားနိုင်တဲ့နည်းလေးတွေ နည်းနည်းပြောကြည့်မယ်။

၁။ ကြီးလေးတဲ့အလုပ် တာဝန်တွေဖြစ်နေရင် သေးသေးလေးတွေ ခွဲလုပ်နိုင်အောင် ကြိုးစားပါ

အလုပ်တာဝန်တွေ ပေးလာတဲ့အခါ ကြီးလေးရင် ကြောက်ကြတယ်။ မနိုင်မနင်းဖြစ်မှာ၊ တာဝန်မကျေမှာ ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အချိန်တွေ အကြာကြီးနဲ့ ပင်ပန်းကြီးစွာ လုပ်ရမယ်ဆိုရင် ဝန်လေးတတ်ကြတယ်။

ဒါကြောင့် တာဝန်ကြီးတစ်ခုက ကိုယ့်ခေါင်းပေါ်ရောက်လာပြီဆိုရင် အဲဒီတာဝန်ကို ဘယ်လို ခွဲဝေယူကြရင် ကောင်းမလဲလို့ ဦးစွာ စဉ်းစားသင့်ပါတယ်။ တစ်နည်းပြောရရင် ပြဿနာကြီးကို ပြဿနာသေးသေးလေးတွေ ခွဲပြီး စဉ်းစားနိုင်ရင် ပြေလည်ဖို့များပါတယ်။ အများကြီးကို အကြာကြီးလုပ်မလား၊ သေးသေးလေးတွေခွဲပြီး တော့ အများက ခွဲလုပ်လိုက်မလား။ ဦးဆောင်တဲ့သူက စဉ်းစားဆုံးဖြတ်နိုင်ဖို့လည်း အရေးကြီးတယ်။

အလုပ်တာဝန်ကို ခွဲဝေလုပ်ကိုင်ခြင်းကို နားမလည်သူတွေ၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရတယ် ဆိုတာတွေကို နားမလည်ရင်တော့ တစ်ကိုယ်ကောင်း၊ တစ်ကိုယ်တော် စွမ်းဆောင်မှုနဲ့ ပန်းတိုင်ကို လွဲချော် တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြီးလေးတဲ့ အလုပ်တွေ တာဝန်တွေကို လုပ်ရမှာ ကြောက်ရင် ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။

၂။ နားလိုက်ပါ၊ အိပ်လိုက်ပါ၊ လေ့ကျင့်ခန်းယူလိုက်ပါ

တစ်ခါတလေ ပျင်းတယ်ဆိုတာ ပင်ပန်းလွန်းလို့၊ စွမ်းအားတွေ ကုန်ခမ်းသွားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ပင်ပန်း နွမ်းနယ်ပြီး မလုပ်ချင် မကိုင်ချင်လောက်အောင် ဖြစ်နေပြီဆိုရင်တော့ အိပ်လိုက်ပါ၊ အနားကောင်း ကောင်းယူလိုက်ပါ။ လေကောင်းလေသန့်ရှူပြီး ကျန်းမာရေး လေ့ကျင့်ခန်းလေးတွေ လုပ်လိုက်ပါ။

၃။ စိတ်ဓာတ်မြှင့်တင်ပါ

ပျင်းတာ စိတ်ဓာတ်ကျနေတာကြောင့်လည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်လည် ဆန်းစစ်ဖို့ လိုလိမ့်မယ်။ အလုပ်အပေါ်မှာ အာရုံမစိုက်နိုင်လောက်အောင် ဖြစ်နေတာ ဘာကြောင့်လဲ အကြောင်းရှာရမယ်။ အလုပ်ဟာ စိတ်ဝင်စားစရာ မကောင်းပေမယ့် မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ့်ကိစ္စဖြစ်နေရင် ပြန်သုံးသပ်ပါ။ ကျော်လွှားလိုက်လို့ရတဲ့ ကိစ္စလား။ မကျော်လွှားနိုင်ရင်၊ ကျော်လွှားဖို့ မဖြစ်နိုင်ရင် ရင်ဆိုင်လိုက်တာ အကောင်း ဆုံးပဲ။

၎။ ဘာကြောင့် လုပ်ရမှာလဲ၊ ဘယ်သူ့အတွက် လုပ်ရမှာလဲ

အလုပ်မှာ တွက်ဆစရာတွေ များပါတယ်။ ငါဘယ်သူ့အတွက် လုပ်ရမှာလဲ၊ ဘာကြောင့် လုပ်ရမှာလဲဆိုတဲ့ အတွေးတွေက ပျင်းနေတာကို ကောက်လုပ်စေချင်တဲ့ အဖြေတွေ ဖြစ်ချင်လည်း ဖြစ်သွားတတ်ပါတယ်။ ဘဝ ဆိုတာ ရှင်သန်ခြင်းတစ်ခုပဲ။ ရှင်သန်မှ အဓိပ္ပာယ်ရှိတယ်။ ရှင်သန်အောင် အလုပ် လုပ်ရမယ်။ ကိုယ့်တစ်ဦး တည်းအတွက်လည်း ရပ်တည်နိုင်အောင် အလုပ် လုပ်ဖို့လိုပါတယ်။

၅။ အကျိုးအမြတ်တွက်ရမယ်

ပျင်းပြီးတော့ မလုပ်ချင် မကိုင်ချင် ဖြစ်နေတာ အကျိုးအမြတ်မရှိတဲ့ အလုပ်ကို လုပ်ရမှာကြောင့်လည်း ဖြစ်နိုင် တယ်။ အကျိုးအမြတ်မရှိနိုင်တော့ ငြင်းပယ်စရာတွေဖြစ်ကုန်တတ်တယ်။ လုပ်ငန်းတိုင်း အကျိုးအမြတ် ရှိချင် မှလည်း ရှိမှာပါ။ အချို့သော လုပ်ငန်းတွေဟာ အကျိုးအမြတ်မရှိလည်း တက်ကြွစွာ လုပ်ချင်ရင် လုပ်နေကြ တာပဲ။ ဥပမာ လူမှုရေးနဲ့ ပရဟိတလုပ်ငန်းတွေပေါ့။ ဒီအလုပ်တွေဟာ အကျိုးအမြတ်မရှိဘူးလို့ ပြောပေမယ့် လုပ်ဆောင်လိုက်လို့ ကောင်းကျိုးတစ်ခုခုဖြစ်သွားရင် ရလိုက်တဲ့ပီတိကလည်း တန်ဖိုးဖြတ်လို့ မရဘူး။ ဝင်ငွေနဲ့ အကျိုးစီးပွားတစ်ခုခုအတွက် လုပ်တာဆိုရင်တော့ အကျိုးအမြတ်တွက်ရမယ်။ အကျိုးလည်းမရှိဘူး၊ ရှောင်လွှဲ လို့လည်း ရမယ်ဆိုရင်တော့ ပြောင်းလုပ်လိုက်တာ အကောင်းဆုံးပဲ။

၆။ အကျိုးဆက်ကို တွက်ဆနေခြင်း

တစ်ခါတလေ ဒါလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုပြီး တွေဝေနေလို့ မလုပ်ချင် မကိုင်ချင် ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး လုပ်သင့်တယ်ထင်ရင် လုပ်လိုက်ပါ။ တွေဝေနေမှုဟာ အခွင့် အရေးတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်လို့ ယူဆရင် အမြန်ဆုံး တစ်ခုခုက စတင်ပြီး လုပ်ကြည့်လိုက်ဖို့လိုတယ်။ အန္တရာယ်ရှိတဲ့အလုပ်၊ ရာဇဝတ်မှု မကင်းတဲ့ အလုပ်တွေဆိုရင်တော့ တွက်ဆတာမှန်ပါတယ်။

၇။ တစ်ခုပြီးမှ တစ်ခုလုပ်

ဘာလုပ်လုပ် တစ်ခုပြီးမှ တစ်ခုကောက်လုပ်သင့်တယ်။ ဟိုဟာလည်း မပြီး၊ သည်ဟာလည်းမပြီး ဟိုနည်းနည်း သည်နည်းနည်း လျှောက်လုပ်နေရင် ဘာမှမပြီးဖြစ်သွားလိမ့်မယ်။ ပျင်းလိုက်တာဆိုတာ အဲဒီလို ဘာမှ မပြီးတာတွေကြောင့်လည်း ဖြစ်သွားနိုင်တာပဲ။ ဘာမှမပြီးရင် အလုပ်က ကိုယ့်ကို နိုင်သွားလိမ့်မယ်။ ပြီးခဲ့တာ တွေက ကိုယ့်အတွက် ရှေ့ဆက်ဖို့ အားတွေ ဖြစ်စေနိုင်တယ်။

၈။ စိတ်ကူးကောင်းဖို့လိုတယ်

အလုပ်တစ်ခုခုလုပ်မယ်လို့ ကြံလိုက်ရင် စိတ်ကူးကောင်းကောင်းနဲ့ ဘယ်လိုလုပ်ရင် အမြန်ဆုံးပြီးနိုင်မလဲ၊ အကောင်းဆုံး ဖြစ်သွားမလဲလို့ တွက်ဆနိုင်ဖို့ အရေးကြီးတယ်။ အမေမှာ မှာတဲ့အတိုင်း လုပ်တတ်သူတွေဟာ ပြဿနာနဲ့ အခက်အခဲတစ်ခုခု ကြားဖြတ်ပေါ်လာရင် မဖြေရှင်းတတ်တော့ လက်မှိုင်ချပြီး ထိုင်နေရာက ပျင်းသွားတတ်တယ်။ စိတ်ကူးကြည့်၊ အားထုတ်ကြည့်၊ အကောင်အထည်ဖော်ကြည့် ပျင်းတဲ့စိတ်တွေ ပျောက် သွားလိမ့်မယ်။

၉။ ထပ်ကာ ထပ်ကာ အားပေးပါ

ကိုယ့်ကိုယ်ကိုယ်ပြောရမှာတွေက

“မပြီးပြီးအောင် လုပ်နိုင်ရမယ်” “ငါဖြစ်ချင်တာကို ငါလုပ်နိုင်တယ်” “ငါ မဖြစ်ဖြစ်အောင် လုပ်နိုင်တယ်” “အလုပ်က ငါ့ကို ခွန်အားဖြစ်စေတယ်” ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်၊ ကျော်လွှားမယ်”

၁၀။ အလုပ်ဟာ လေ့ကျင့်ခန်း လုပ်နေသလိုပါ

အလုပ်လုပ်တယ်ဆိုတာ ကာယ၊ ဉာဏ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်နေသလို သဘောထားနိုင်ရမယ်။ ဘာဖြစ်ဖြစ် သန်စွမ်းအောင်လုပ်နေတာ။ အလုပ်ဟာ ငါ့ဘဝရဲ့ အဆုံးအဖြတ်၊ ငါ့ဘဝရဲ့ ယုံကြည်ချက်ဆိုပြီး ခံယူထားနိုင်ရင် မပျင်းတော့ဘူး။

၁၁။ အချိန်မဆွဲပါနဲ့

အလုပ် လုပ်ရတော့မယ်ဆိုရင် ဘယ်တော့မှ အချိန်မဆွဲနဲ့။ အလုပ်ပြီးမှနား။ လုပ်စရာရှိရင် ချက်ချင်း ကောက်လုပ်။ အလုပ်တစ်ခုခု မပြီးရင် ဘယ်လောက်နားနား စိတ်မဖြောင့်တော့ဘူး။ ဒါကြောင့် လုပ်စရာရှိနေ သလား။ ချက်ချင်းကောက်လုပ်လိုက်။

၁၂။ အောင်မြင်သူတွေကို မြင်အောင်ကြည့်

ကိုယ့်ရှေ့မှာ အောင်မြင်သူတွေ အများကြီးရှိတယ်။ သူတို့ထိုင်နေပြီး၊ အိပ်နေပြီး အောင်မြင်သွားကြတာတွေ မဟုတ်ဘူး။ သူတို့ဘယ်လိုပြော၊ ဘာတွေလုပ်၊ ဘယ်လိုရင်ဆိုင်၊ ဘယ်လိုကျော်ဖြတ်၊ ဘယ်လောက် ပေးဆပ်ခဲ့ရတယ် ဆိုတာတွေဟာ ကိုယ့်အတွက် သင်ခန်းစာတွေချည်းပဲ။

ပျင်းလွန်းတဲ့သူတစ်ယောက်ဟာ စိတ်ရော ကိုယ်ပါ ဗုံးဗုံးကျသွားတတ်တယ်။ အကောင်းမြင်စိတ်မွေးနိုင်အောင် ကြိုးစား။ ပျင်းရင် လဲကျတော့မယ်၊ ကျဆုံးတော့မယ်လို့ ယူဆထား။ ဘယ်လောက်ပျင်းပျင်း ကိစ္စမရှိဘူး။ ဘဝမှာ သေရင်လည်း ပျင်းပြီးသေသွားမယ်ဆိုတဲ့သူတွေအတွက် ပြောစရာစကားမရှိဘူး။ အောင်မြင်ချင်ပြီး မစတင်ရသေးတဲ့ သူတွေအတွက်ပြောတာ။ ပျင်းဖို့ အချိန်မရှိဘူးဆိုတဲ့သူတွေသာ ဘဝမှာ အောင်မြင်ခဲ့ကြတာ။

(Ref: 12 Tips to Overcome Laziness, Remez Sasson)

Powered by Bullraider.com