ပညာစွမ်းအား

http://hir.harvard.edu/wp-content/uploads/2016/06/caitclark.2013.72.jpg

ပညာဆိုသည်မှာ ကမ္ဘာတွင် အားအကြီးဆုံးသောအရာဖြစ်ပါသည်။ ပညာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် လုပ်ပေးနိုင်သည်။ အသိပညာများ ကြွယ်ဝအောင် ကြံဆောင်ပေးနိုင်သည်။ မိမိရှေ့တွင် ပိတ်ဆို့တားဆီး ထားသည့် အတားအဆီးများကို ဖယ်ရှားနိုင်သည်။

ကလေးများအတွက် ဘဝတစ်ခုကို ပိုကောင်းသည့် ဘဝတစ်ခုဆီသို့ ရောက်သွားစေရန် ပညာဆိုသည့် သော့နှင့် ပိတ်ထားသော တံခါးများကို ဖွင့်သွားနိုင်ပါသည်။ သို့သော် ကမ္ဘာပေါ်မှာရှိသော ကလေးတိုင်း ထိုသော့ကို မပိုင်ဆိုင် နိုင်ကြသေးပေ။ သူတို့သည် ဆင်းရဲခြင်းနှင့် တန်ဖိုးမဲ့စွာ စွန့်ပစ်ထားခြင်းဆိုသည့် နွံထဲတွင် ရောက်နေကြရသေးသည်။ မာလာလာက ထိုအကြောင်းကို

“ကမ္ဘာရဲ့ အချို့သော အစိတ်အပိုင်းတွေမှာ ကလေးတိုင်း ကျောင်းသွားနိုင်ကြတယ်။ ဒါဟာ သူတို့ရဲ့ နေ့စဉ် ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ဒါပေမဲ့ ကမ္ဘာ့အချို့သော အပိုင်းတွေမှာ ပညာငတ်နေသူတွေ အများကြီးရှိနေ သေးတယ်။ ပညာဆိုတာ သူတို့အတွက်တော့ တန်ဖိုးကြီးလှတဲ့ ရတနာတစ်ခုလိုဖြစ်နေသေးတယ်။ ပညာဆိုတာ သူတို့အတွက် စိန်လောက်ကို တန်ဖိုးကြီးနေတယ်” ဟုဆိုခဲ့သည်။

ပညာဆိုသည်မှာ အလွန်တန်ဖိုးကြီးစွာနှင့် ရယူရမည့် အနေအထားတွင် ရှိမနေသင့်ပါ။ ထိုတန်ဖိုးရှိသည့် အရာကို ကလေးတိုင်း မပင်မပန်းနှင့်ရယူနိုင်စေရန် လုပ်ဆောင်ပေးနိုင်ရမည်။ ကလေးတိုင်း တန်ဖိုးရှိသည့် အရာကို ရရှိပိုင်ခွင့်ရှိကြောင်း နိုင်ငံတိုင်းတွင် ကတိပေးနိုင်ရမည်။

ပညာရေး ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ပန်းတိုင်တစ်ခုအနေဖြင့်ထားကာ နိုင်ငံတိုင်း အတူပူးတွဲ လုပ်ဆောင် သွားကြရန် ရည်မှန်းချက်များ ချမှတ်ထားပြီးဖြစ်ပါသည်။ The Sustainable Development Goals ကိုလည်း ချမှတ်ထားပြီးဖြစ်ပါသည်။ မူကြမ်းများကို သဘောတူပြီး အကောင်အထည်ဖော် လုပ်ဆောင်လျက် လည်းရှိကြသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ကလေးတိုင်းသည် အရည်အသွေးပြည့်ဝသည့် Quality ပညာရေးကို သင်ယူပိုင်ခွင့်ရှိရမည်ဟု သဘောတူသတ်မှတ်ခဲ့ပြီးဖြစ်သည်။

ကမ္ဘာပေါ်တွင် ကျောင်းတက်ပြီး ပညာသင်ကြားနိုင်သည့် ကျောင်းသားကျောင်းသူပေါင်း ၂၆၃ သန်း ရှိပါသည်။ လေးတန်း (Grade 4) အဆင့်ကို ရောက်ရှိသင်ကြားနိုင်သည့် ကလေးပေါင်း သန်း ၁၃၀ ခန့်ရှိပြီး ထိုကလေး များသည် အရေး၊ အဖတ်၊ အတွက် သုံးမျိုးစလုံးကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ကြသူများ မဟုတ်ခဲ့ပေ။

ကမ္ဘာပေါ်တွင် အမျိုးသမီးငယ်များသည် ပညာရေးနှင့် နီးစပ်ရေးအတွက် အတားအဆီးများ ခံနေကြရသည်။ သူတို့သည် အရွယ်ရောက်လာသည်နှင့် ပညာသင်ပေးရန်ထက် အတင်းအဓမ္မလက်ထပ်ပေးခြင်းများကို ခံနေကြရသည်။

ကမ္ဘာပေါ်တွင် ၇ စက္ကန့်တိုင်း အမျိုးသမီးငယ် ၁၅ ဦးတွင် ၁ ဦးသည် လက်ထပ်ပေးခြင်းကို ခံနေကြရသည်။ သူတို့သည် ဘဝအစကိုကျောင်းတွင် စရမည့်အစား၊ အိမ်ထောင့်တာဝန်များကို ထမ်းဆောင်နေကြရသော ကြောင့် အကျိုးမဲ့သည့်အနေအထားများ ဖြစ်နေကြရသည်။ ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးကို ၂၀၃၀ မတိုင်မီ ကတိပေးထားသည့်အတိုင်း ဆောင်ရွက်နိုင်ရန်လိုသည်။

ပညာရေးအတွက် ဒေါ်လာပေါင်းများစွာ အသုံးပြုနိုင်မှုများ မလုပ်နိုင်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ၂၀၀၂ ခုနှစ်ကတည်းက ပညာရေးအတွက် အသုံးပြုနိုင်ခဲ့သည့် ငွေကြေးပမာဏမှာ ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းခန့်သာရှိကြောင်း Davos တွင် ကျင်းပသည့် World Economic Forum ၌ ဖော်ပြထားသည်။

ပညာရေးကို ကလေးတိုင်း သင်ကြားခွင့်မရနိုင်သေးခြင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ထိုစိန်ခေါ်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်ရန်လည်း မဖြစ်နိုင်သေးပါ။ ၂၀၅၀ ပြည့်နှစ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ သန်းထောင်ခန့်ဆုံးရှုံးသွားမည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာပေါ်တွင် လူသားနေရာ၌ အစားထိုးလာမည့် စက်ရုပ်လုပ်သားပေါင်းများစွာ ရှိနိုင်သည်။ ပြောင်းလဲသွားမည့်ကမ္ဘာအတွက် လူငယ်တွေ ပညာမတတ်လျှင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုပြီးဆုံးရှုံးသွားနိုင်စရာ အကြောင်းရှိသည်။

ကမ္ဘာပေါ်တွင် ကလေးပေါင်း သန်းတစ်ထောင်ကျော် (၁ ဒသမ ၆ ဘီလီယံ) သည် လာမည့် ၂၀၃၀ ပြည့်နှစ် တွင် ကျောင်းမတက်နိုင်လောက်အောင် ဖြစ်သွားစရာရှိသည်။ ပညာရေးပန်းတိုင်က ၂၀၃၀ တွင် အပြည့်အဝ ဖြစ်ရမည်ဟု ကြိမ်းဝါးထားသည်။ ကျောင်းမတက်နိုင်လောက်သည့်အနေအထားတွေက ကမ္ဘာ့နေရာ အနှံ့အပြား တွင်ဖြစ်နေသည်။ နောက်နှစ်ပေါင်း ၅၀ တိုင်အောင်ပင် ပညာရေးတွင် နာလံထူလာစရာအကြောင်းမမြင်ပေ။

ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုများကို အသွင်လေးရပ်ဖြင့် အကောင်အထည်ဖော်သွားရန်လိုသည်။

ပထမအချက်မှာ ပညာရေးကို (Performance) ကောင်းအောင် ဆောင်ရွက်သင့်သည်။ ရလဒ်ကို အဆုံးရောက်မှ ဆွဲခြင်းထက် အစအလယ်အဆုံး နိဂုံးချုပ်သည်အထိ Performance ကောင်းအောင် လုပ်သွား သင့်သည်။ ပညာရေးစနစ်အောင်မြင်စေလိုလျှင် performance ကောင်းချင်လျှင် လုပ်ငန်းတိုင်း အဆင့်တိုင်း တွင် ထိုက်တန်စွာဖြင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရမည်။

ဒုတိယအချက်မှာ ပညာရေးတွင် Innovation ရှိရမည်။ ပညာရေးဆိုသည်မှာ နှစ်ပေါင်းများစွာ ရပ်နေသည့်အရာ မဟုတ်။ ခေတ်စနစ်နှင့်ညီစေမည့် တီထွင်ဖန်တီးမှုများ ရှိနေရမည်။ ပုံတူကူးခြင်းထက် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး စနစ်နှင့် ကိုက်ညီစေရန်၊ အခြေအနေ၊ အနေအထားများနှင့် လိုက်လျောညီထွေရှိစေရန် တီထွင် လုပ်ဆောင် နိုင်စွမ်းရှိရမည်။ ပြောင်းလဲစရာမလိုဟုထင်နေသူများသည် တီထွင်လုပ်ဆောင်မှုများလည်း လုပ်ဆောင်လိုမည် မဟုတ်ပေ။

တတိယအချက်မှာ Inclusion ရှိရမည်ဖြစ်သည်။ ကလေးတိုင်းပါဝင်ရမည်။ မည်သည့်ကလေးမှ မကျန်ခဲ့စေရ ဆိုသည့် သဘောမျိုးထားနိုင်ရမည်။ ကလေးတိုင်းကို ပန်းတိုင်ဆွဲခေါ်နိုင်ရမည်။ ပညာရေးတွင် ဦးဆောင်နေသူ တိုင်းသည် ကလေးများ ပညာရေးနှင့်မဝေးစေရန် ကြံဆောင်နေရမည်။ ဆင်းရဲသူ၊ မိန်းကလေး၊ အဆင့်မတူ၊ မသန်စွမ်းသူ မခွဲခြား အားလုံးတန်းတူညီမျှ ပန်းတိုင်ကို ဆွဲခေါ်နိုင်ရမည်။

စတုတ္ထအချက်မှာ Finance ဖြစ်သည်။ ငွေမရှိလျှင် ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်သည့် လုပ်ငန်းများ ရှိသည်။ ပါးစပ်နှင့် မလုပ်နိုင်သည့်ကိစ္စများကို ငွေနှင့် အကောင်အထည်ဖော်မှရမည်ဆိုလျှင် ငွေကုန်ကြေးကျ ခံပြီး လုပ်ဆောင်နိုင်စွမ်းရှိရမည်။

(Ref, The power of education, Save the Children)

Powered by Bullraider.com