နှစ် (၇ဝ) ပြည့် ပြည်ထောင်စုနေ့ ဆန္ဒမွန်

https://sawhtoopwe.files.wordpress.com/2011/02/dsc00061.jpg

မူလတန်းကျောင်းသူဘဝကတည်းက ဖခင်ဖြစ်သူ တာဝန်ကျရာ ပြည်နယ်ဒေသ အချို့သို့ မိသားတစ်စုလုံးပြောင်း ရွှေ့လိုက်ပါကာ နေထိုင်ခဲ့ဖူးပါသည်။ ဇာတိမြေရန်ကုန်မှ တိုင်းရင်းသားလူမျိုးစုတစ်စု အများဆုံးနေထိုင်ရာ ပြည်နယ် တစ်ခုသို့ ရောက်သွားစဉ် ပတ်ဝန်းကျင်အပြောင်း အလဲ၊ နေရာအပြောင်း အလဲ၊ ဒေသစိမ်း၏ ရာသီဥတု အပြောင်းအလဲများကြားမှာ တုပ်ကွေး၊ ဝက်သက်၊ ရေကျောက်စသော ကူးစက်ရောဂါအမျိုးမျိုး၏ တိုက်ခိုက်မှု ဒဏ်ကို တစ်ဦးတည်းကွက်၍ အလူးအလဲခံစားရသောကြောင့် ကျောင်းဖွင့်ပြီး တစ်လကျော်ကြာမှ နောက်ကျစွာကျောင်းတက်ဖြစ်တော့သည်။ ထိုနေ့သည် ဒုတိယတန်းကျောင်းသူဘဝ၏ ပထမဆုံးကျောင်းတက်သည့် ရက်လည်းဖြစ် ပါသည်။

''မင်းကကျောင်းသူအသစ်လား''

''ဟုတ်...ဟုတ်ကဲ့''

ပြန်ဖြေသည့်အသံက တိုးတိုးတိမ်တိမ်နှင့် တုန်ယင်နေသည်။

သူငယ်တန်းနှင့်ပထမတန်းတုန်းက အတန်းပိုင် ဆရာမများနှင့်သာ သင်ကြား ခဲ့ဖူးသဖြင့် အတန်းပိုင် ဆရာ၏ ခပ်ဝဲဝဲလေသံကို စိုးရွံ့နေခဲ့ပါသည်။

''ဘယ်ကပြောင်းလာတာလဲ''

နေ့စဉ်ရက်ဆက် အဖျားဒဏ်ကို ခံစားခဲ့ရသောကြောင့်လားမသိ၊ ခေါင်းအုံပြီး လက်ဖျားများအေးစက်ကာ နှုတ်က အာစေးထည့်ထားသလို ဆွံ့အနေ ဆဲ၊ဘေးနားမှ တိုင်းရင်းသူလေးက ဖျတ်ခနဲမတ်တတ်ရပ်၊လက်ပိုက်ရင်း ခပ်သွက်သွက်ဖြေပေးလိုက်၏။

''သူက ဗမာပြည်ကပါ''

ဆရာက တဟားဟား ရယ်လိုက်သဖြင့် အတန်းဖော်များကလည်း ဝိုင်း၍ရယ်ကြသည်။

''သူက ရန်ကုန်ကပြောင်းလာတာပါကွယ်။ ဗမာပြည်ဆိုတာ ဟောဒီလိုပုံနဲ့ တစ်နိုင်ငံလုံးကိုခေါ်တာကွဲ့''။

ကျောက်သင်ပုန်းပေါ်တွင်မြေဖြူနှင့်မြေပုံအကြမ်း ရေးဆွဲရင်းဆရာကရှင်းပြပါသည်။ အမှန်တော့ ကျောင်းပြောင်းလက်မှတ်ကိုကြည့်ပြီး ဆရာသိနှင့် ပြီးဖြစ်နေသော်လည်း အတန်းဖော်များနှင့်ရင်းနှီးစေရန် မိတ်ဆက်ပေးခြင်းဖြစ် မည် ဟု နောင်ကျမှတွေးမိသည်။ နေ့လယ် ထမင်းစားချိန်တွင် သူငယ်ချင်း သစ်လေး ငြိုငြင်မှာ စိုးပေမယ့် အနည်းငယ် အတွန့်တက်လိုက်သေးသည်။

''ငါ..ရန်ကုန်ကပြောင်းလာတာလေ''

''အေးလေ၊ ရန်ကုန်ဆိုတော့ ဗမာပြည်ကပေါ့။ ဟုတ်တယ်ဟုတ်၊ ငါတို့တွေကို မွန်ပြည်ကလို့ပြောတယ်ဟုတ်။ နင်က ဗမာဆိုတော့ ဗမာပြည်ကလာတာပေါ့''

သူပြောသည့်စကားမျိုးကို မကြားဖူးသဖြင့် အိမ်ပြန်ရောက်မှ ဖေဖေ့ ကိုမေးကြည့်ရ သည်။ ဖေဖေက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိကြောင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်ကြကြောင်း၊ တိုင်းရင်းသားအားလုံး စုပေါင်း ပါဝင်သည့်နိုင်ငံ တစ်ခုလုံးကိုသာ ပြည်ထောင် စုမြန်မာနိုင်ငံ ဟုခေါ်တွင်ကြောင်း ရှင်းပြခဲ့ပါသည်။

စာသင်နှစ်တစ်ခုပြီးတစ်ခု ကုန်လွန်ခဲ့သည်နှင့်အမျှ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့ပထဝီ၊ မြန်မာ့ပထဝီ ဘာသာရပ်တို့ကို ပိုမိုသင်ကြားလေ့လာကြရပြီး နေ့ ထူး နေ့မြတ်ကြီးများအကြောင်းကိုလည်း ပိုမိုနားလည်သိရှိ လာရပါသည်။

အထူးသဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသဖြင့် ကောင်းစွာ မှတ်မိနေပါသည်။ အထက်တန်းကျောင်းများကို ကိုယ်စားပြုသည့် ကျောင်း သားကျောင်း သူများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာဝတ်စုံများကိုလှပစွာ ဆင်မြန်းလျက် ပြည်ထောင်စုအလံကို စည်ကားစွာ ကြိုဆိုကြပြီး ပြည်ထောင်စုနေ့ကျရောက်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အငြိမ့်၊ ဂီတ၊ တေးသရုပ်ဖော်ဖျော်ဖြေပွဲများ၊ ချား၊ ရဟတ်များ၊ မုန့်ဈေးတန်းများ၊ ဆိုင်ခန်းများဖွင့်လှစ်ကာ ခြိမ့်ခြိမ့်သဲသဲကျင်းပကြသောကြောင့် အလွန်ပျော် စရာ ကောင်းလှပေသည်။ တစ်ခါက ဖေဖေ့ကိုမေးကြည့်ဖူးသည်။

''ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲဖေဖေ''

''အင်း..သမီးနားလည်အောင်ပြောရရင် ပြည်ထောင်စုဆိုတာ မိသားစုကြီး တစ်ခုနဲ့တူတယ်။ မရှိအတူ၊ ရှိအတူ နေထိုင်စားသောက်ကြတယ်။ တစ်ခါတလေ မောင်နှမ အချင်းချင်း အခန့်မသင့်လို့သဘောထားကွဲလွဲတာ ရှိချင် ရှိမယ်။ စိတ်ကောက်တာမျိုး ရှိချင်ရှိမယ်၊ သူ့ကိုပိုချစ်တယ်၊ ငါ့ကိုဂရုမစိုက်ဘူးလို့ ထင်ချင်ထင်မယ်။ အေး ဒါပေမယ့် တခြားလူတွေက ကိုယ့်မိသားစုကို ထိပါးမယ်တော့မကြံနဲ့။ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်မိသားစု ကို စောင့်ရှောက်ကာကွယ်ကြတာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။

ဖေဖေ့စကားက တိုတိုရှင်းရှင်းပင်။ ထိုအချိန်က ဖေဖေသည် နယ်စွန်နယ်ဖျားသို့ လုပ်ငန်းစစ်ဆေးရန် သွားမည်ဆိုလျှင် အစိုးရဝန်ထမ်းမှန်းမသိအောင် ဆံပင်အရှည်ထားပြီး အသုံးအဆောင်ပစ္စည်းကအစ ဂရုတစိုက် ထုပ်ပိုးကာ ရုပ်ဖျက်၍သွားလာရသည်။ တစ်ခါတစ်ရံ မြစ်ကြောင်းအတိုင်း အစုန်၊အဆန် ခုတ်မောင်းနေသော သင်္ဘောကို ကမ်းတစ်ဖက်တစ်ချက်ဆီက ညှပ်ပူးညှပ်ပိတ် လုပ်လျက် ပစ်ခတ်တိုက်ခိုက်ကြသေးသည်ဟု ဆိုပါသည်။

ကြာအင်းဂိတ်ကို ဝင်စီးသည့်ညတစ်ညကိုတော့ ဘဝမှာ ဘယ်တော့မှမမေ့နိုင် ပါ။ ဖေဖေက ခရီးထွက်နေသည်။ ညီမလေးရင်ကျပ်နေ၍ မေမေ လည်း ဆေးရုံ တက်နေရသည်။ အိမ်တွင်ကျန်ခဲ့သော ခြောက်လသား အရွယ် မောင်လေး အငယ်ဆုံးက စူးစူးဝါးဝါးငိုနေ၍ အကြီးသုံးယောက်က ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေဆဲ။ တဒိုင်းဒိုင်း တဒက်ဒက် သေနတ်သံများသည် ညဥ့်နက်အချိန်ဝယ် ပေါ်ထွက်လာခဲ့သည်။ 'မီးပိတ်'ဟု အမိန့်ပေးသံ၊ တာဝန်ရှိ သူတို့ ပြေးလွှားလှုပ်ရှားသံများကြားမှာ ကလေး၏ကျယ်လောင်သော ငိုကြွေးသံက မရပ်နားခဲ့။ အိမ်နီးချင်း အရာရှိကတော်အန်တီ တစ်ယောက် က မှောင်မှောင် မည်းမည်းထဲပြေးလာပြီး မောင်လေး၏ဗိုက်ကို ပရုတ်ဆီ လိမ်းပေးကာ ဂရိုက်မစ်ချာတိုက်ပေးတော့မှ လေနာသက်သာကာ အငိုတိတ်သွားသည်။ မောင်နှမသုံးယောက်သား မောင်လေးငယ်ကို ဝိုင်းဖက်ထားကာ တစ်ညလုံးနေခဲ့ရ၏။ အခြေအနေအားလုံး အေးချမ်း သွားခဲ့သော်လည်း ငယ်ဘဝ၏ ကြောက်ရွံ့ထိတ်လန့်မှုများသည် မသိစိတ်ထဲမှာ ခိုအောင်းပြီး စိတ်ဒဏ်ရာရတတ်ကြောင်းကိုတော့ မသိခဲ့ကြပါ။ ဂျော် ကီနှင့်တွေ့မှ သိခဲ့ရပါသည်။

ဂျော်ကီသည် ပင်လုံမှာ မွေးဖွားခဲ့သော ခွေးလေးတစ်ကောင်ဖြစ်သည်။ သူသည် မိုးခြိမ်းသံကြားတိုင်း ကြောက်ရွံ့တုန်လှုပ်ပြီး ဆောက်တည်ရာမရဖြစ်ကာ ချောင်ထဲမှာ မျက်လုံးအပြူးသားနှင့် တစ်ချိန်လုံးမတ်တတ် ရပ်နေတတ်သဖြင့် ပိုင်ရှင်များက လာပြပါသည်။ ရောဂါ ရာဇဝင်ကို တစ်စစီဆွဲထုတ်မေးမြန်းရင်း သူသုံးလသား အရွယ်မှာ ပင်လုံတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ခွေးလေး ကိုပွေ့ချီပြီး ထွက်ပြေးခဲ့ရသည့်အကြောင်း ပေါ်ပေါက်လာသည်။ ဗုံးပေါက်သံကို ကြားဖူးသည့် အတွေ့အကြုံ၏ ခြောက်လှန့်မှုကြောင့် မိုးခြိမ်းသံကြားရတိုင်း၊ သူကြောက်လန့်သည့်အချိန်တိုင်း အိပ်ဆေးတိုက်ခိုင်းပြီး သက်သာအောင် လုပ်ခဲ့ရသည်မှာ သူ့သက်တမ်း ကုန်ဆုံးသည့် အသက် ၁ဝ နှစ်ကျော် အထိပင်ဖြစ်သည်။

တိရစ္ဆာန်ငယ်လေးတစ်ကောင်သည်ပင် စိတ်ဒဏ်ရာ ရတတ်သေးလျှင် ငြိမ်းချမ်းမှုမရှိသော၊ လုံခြုံမှုမရှိသော၊ တရားဥပဒေစိုးမိုးမှု မရှိသော ဒေသ များမှ ပြည်သူပြည်သားတို့၏ စိတ်ဒဏ်ရာက ပိုမိုနက်ရှိုင်းပေလိမ့်မည်။

စစ်ဘေးရှောင်ပြည်သူ ပြည်သားများ၊ စစ်ဘေးဒဏ် ခံစားနေရသည့် ပြည် သူပြည်သားများသာမက မြို့ပြ ကျေးလက်မကျန်လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးတို့မှာ အရေးကြီးသော အထောက်အပံ့ကောင်း များဖြစ်ကြပါ၏။

ကျေးလက်နှင့်မြို့ပြ၊ ပြည်နယ်နှင့် ပြည်မတို့ကြား ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်ရေးတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုသည် အဓိကနေရာမှာ ရှိနေသည်ဟု ထင်မြင်မိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စာတတ်မြောက်ရေးလုပ်အားပေးအဖြစ် သင်္ဘောတစ်တန်၊ ကားတစ်တန်၊ လှည်းတစ်တန်၊ ခြေကျင်ခရီးပါမကျန် ရိုးမနှင့်နီးသော ကျေးလက်ဒေသများသို့ သွားရောက်ခဲ့သောအခါ ထိုဒေသရှိ သက်ကြီးဝါကြီးတို့၏ ရင်တွင်းဆန္ဒတစ်ခုကို ကြားသိရတော့ စိတ်မကောင်းဖြစ် ခဲ့ရသည်။ ဒီဘဝမှာ ရွှေတိဂုံဘုရားကြီးကို ဖူးခွင့်ရရင် သေပျော်ပါပြီတဲ့။

ဤစကားသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို ညွှန်ပြနေ သကဲ့သို့ ဖြစ်နေ သည်။ သို့ရာတွင် ရုပ်မြင်သံကြားစက်များ ပေါ်ထွန်းလာသည့်ခေတ်မှာ ရွှေတိဂုံ ဘုရားကြီးကိုသာမက အနယ်နယ်အရပ်ရပ်ရှိ စေတီပုထိုးများ ကို မြေကြော ရှုံ့လိုက်သလို ဖူးတွေ့နိုင်ကြပြီ ဟုထင်ပါသည်။

ပညာရပ်ဆိုင်ရာကိစ္စများအတွက် မြန်မာပြည်၏ ကျေးလက်ဒေသများသို့ လေ့လာရေးထွက်သောအခါ ထိုဒေသများတွင် မိရိုးဖလာအလုပ်များ၊ မိဘလက်ငုတ် လက်ရင်းကိုလုပ်ကိုင်မည့်သူများ ရှားပါးကြောင်း သိရှိရသည်။ ထန်းတက်မည့် သူမရှိသောကြောင့် နွားစာခွက်ဖြစ်သွားသော ထန်းလုံးကြီးများ၊ သားသမီးများ မြို့ပေါ်တက်၍ အလုပ်လုပ်ကြသောကြောင့် သက်ကြီး ရွယ်အိုများပါ အလုပ် လုပ်နေရသောဘဝများကို မျက်မြင်တွေ့ခဲ့ရပါသည်။

မြို့ပြဒေသရှိ အခြေခံလူတန်းစားများနှင့် လူလတ် တန်းစားများ၏ ဘဝများကို လေ့လာကြည့်လျှင်လည်း မိသားစုဝင်အားလုံးနီးပါး အလုပ် လုပ်ကြရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူလူထုသည် နယ်ချဲ့ခေတ်၊ ဖက်ဆစ်စနစ်ဆိုးများကို ကျော်ဖြတ်ခဲ့ရသည်။ ကျူးကျော်သူများ၏ရန်ကို တွန်းလှန်၍ တိုင်းရင်း သားအားလုံးတို့ တညီတညွတ်တည်း ကြိုးပမ်းပြီး လွတ်လပ်ရေးအား အရယူနိုင်ခဲ့ပြီးပြီ။ အတိတ်ကာလ က ဘိုးဘေးတို့၏ အသက်၊သွေး၊ ချွေးတို့ဖြင့် ရင်းနှီးခဲ့ရသောကြောင့် လွတ်လပ်ရေး၏ အသီးအပွင့်တို့ကိုခံစား ကြရခြင်းဖြစ်သည်။ ယခုအချိန်မှာကောင်းသော အတွေး၊ ကောင်းသောဆန္ဒများဖြင့် လုပ်ဆောင်မှုမှန်သမျှသည် နောင်အနာဂတ် ကာလတွင် ကောင်းသောအသီးအပွင့်များအဖြစ် ပေါ်ထွက်လာနိုင်မှာ သေချာပါသည်။

ကျော်ဖြတ်ခဲ့ရသည့်ကာလ ခရီးရှည်ကြီးတွင် တိုင်းရင်းသားပြည်သူလူထု၏ မသိစိတ်ထဲမှာ ဒဏ်ရာများ၊ ထိတ်လန့်ကြောက်ရွံ့မှုများ၊ အမုန်းနှင့် အာဃာတ များ၊ စိုးရိမ်မှုများ၊ မလုံခြုံမှုများရှိနေနိုင်သည်။ ထိုဒဏ်ရာများ ကြောင့်ပင် အချို့က သူတစ်ပါးကို အပြစ်တင်ကြသည်။အချို့က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြ သည်။ မိမိ၏ စိတ်ဒဏ်ရာကို ကုစားနိုင်သည်မှာ မိမိတို့ကိုယ်တိုင် ပင်ဖြစ်ပါ သည်။

ယခုပစ္စုပ္ပန်အချိန်သည် အရေးအကြီးဆုံးအချိန်ဖြစ်သည်။ မြန်မာနိုင်ငံထက် များစွာခေတ်နောက်ကျနေခဲ့သော နိုင်ငံအချို့တို့သည် မိမိတို့၏ အတိတ်က ဒဏ်ရာများကို တယုတယပိုးမွေးသလို မမွေးမြူတော့ဘဲ လက်ရှိ အချိန်ကို အရှိအတိုင်းလက်ခံပြီး အကျိုးရှိအောင် ဆောင်ရွက်ကြခြင်းကြောင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြသည်ကို သက်သေပြနိုင်လာပါသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးသည် ပြည်ထောင်စု စိတ်ဓာတ်၏ နမူနာကောင်းများကို မမေ့လျော့ဘဲ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင်တည်ဆောက်ကာ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝများကို တိုးတက်မြင့်မားအောင် လုပ်ဆောင်နိုင်ကြပါစေဟု ဆန္ဒမွန်ပြု ရင်း နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုလိုက်ရပါတော့သည်။

MOI Webportal Myanmar

Powered by Bullraider.com