ဘွဲ့ရတော့ ဘာဖြစ်သလဲ

http://www.anu.edu.au/files/event/Graduation2image.jpg

ဘွဲ့ရခြင်းဆိုသည်မှာ အနာဂတ်ကို ရည်ရွယ်ချက်တစ်ခုဖြင့် ရှေ့ဆက်နိုင်စေရန် အဆုံးအဖြတ်ပေးသည့် ကာလတစ်ခုသို့ရောက်ရှိလာခြင်းဖြစ်သည်။ ထိုကာလသည် စိတ်လှုပ်ရှားစရာ ကောင်းသလို စိုးရိမ်စရာလည်း ကောင်းပါသည်။ ဘွဲ့ရပြီးလျှင် ဘာဖြစ်မလဲဆိုသည်မှာ ဘွဲ့ယူမည့် ကျောင်းသားတိုင်း စိတ်ဝင်စားသည့် ကိစ္စ ဖြစ်သည်။ ဘွဲ့တစ်ခုရယူလိုခြင်းကလည်း အနာဂတ်မျှော်လင့်ချက်နှင့် ဆက်စပ်နေသည်ဖြစ်သောကြောင့် ဘွဲ့ဆိုသည်မှာ အဓိပ္ပာယ်မရှိ၊ အလကားအလုပ်တစ်ခုဟူ၍ မှတ်ယူရန် မဖြစ်နိုင်ပေ။

အထက်တန်းကျောင်းပြီးသည်ဖြစ်စေ၊ တက္ကသိုလ် ကောလိပ်တစ်ခုခုမှ ဘွဲ့ရသည်ဖြစ်စေ နောက်အဆင့်သို့ တက်လှမ်းရန်အတွက် တံခါးတစ်ချပ်ပွင့်ခြင်းဖြစ်သည်။ ထိုတံခါးသည် ဘဝအတွက် အလုပ်တံခါး ဖြစ်နိုင်သလို၊ ပညာဆက်လက် လေ့လာလိုသူများအတွက်လည်း ပညာတံခါးဖြစ်နိုင်သည်။

အဘယ်ကြောင့် ဘွဲ့ရစေရန် ကြိုးစားအားထုတ်ကြသနည်း

၁။ အကြောင်းတစ်ခုခုကြောင့် ဘွဲ့ယူရန်ရောက်လာခြင်းဖြစ်သည်

အဘယ်ကြောင့် တက္ကသိုလ်လာတက်သနည်း။ ရှင်းပါသည် ဘဝတွင် တစ်ခုခုကို ရှာဖွေလိုသောကြောင့်ဖြစ် သည်။ ဘဝတွင် တန်ဖိုးရှိစွာ နေချင်သည်။ ဘဝတွင် တစ်ခုခုကို မျှဝေလိုသည်။ ဘဝဆိုသည်မှာ ကိုယ်က ရယူနေရန် သက်သက်မဟုတ်၊ ရှာစရာတွေရှိသည်၊ ယူစရာတွေရှိနေသည်၊ ပေးစရာတွေလည်းရှိနေသည်။ ဘဝအဓိပ္ပာယ်ကို ရှာဖွေရန် ရောက်လာကြခြင်းဖြစ်သည်။

၂။ စိတ်နောက်ကိုယ်ပါ ရောက်လာကြသည်

ကျောင်းအဘယ်ကြောင့်လာတက်ရသနည်း။ စိတ်ပါ၍လာတက်သည်။ စိတ်မပါလျှင် မတက်ချင်လျှင် မည်သူမျှ လာတက်မည်မထင်။ တက္ကသိုလ်ဆိုသည်မှာ လူငယ်တိုင်း၏ စိတ်ကူးအိပ်မက်တစ်ခုဖြစ်နေသည်။ ဘွဲ့ရမည်၊ အလုပ်ရမည်ဆိုသည်မှာ လူတိုင်းအတွက် အနည်းဆုံးရည်မှန်းချက်ဖြစ်သည်။ အခြားအကြောင်းပေါင်းများစွာ ရှိနိုင်သော်လည်း တက္ကသိုလ်လာတက်ခြင်းမှာ စိတ်ဓာတ်ခွန်အား၏ စေ့ဆော်မှုကြောင့်သာဖြစ်သည်။

၃။ ဝါသနာလည်းပါနိုင်သည်

ကျောင်းသားတစ်ယောက်သည် Facebook ဆိုသည့် ဆိုရှယ်မီဒီယာကိုလည်း စိတ်ပါဝင်စားနိုင်သလို ပန်းချီ၊ အားကစား၊ ဂီတ၊ အနုပညာ စသည်တို့ကိုလည်း ဝါသနာပါနိုင်သည်။ အချက်အပြုတ်ဝါသနာပါသူကလည်း စာဖိုမှူးတစ်ယောက်ဖြစ်ရမည်ဆိုသည့် စိတ်ကူးကောင်းရှိနိုင်သည်။ အချက်အပြုတ်ဝါသနာပါသူသည် စားသောက်ဆိုင်ကြီးတစ်ဆိုင်ထူထောင်ရာမှသည် ဟိုတယ်ကြီးတစ်ခုအထိ စိတ်ကူးယဉ်ခွင့်ရှိသည်။ ထို့ကြောင့် ဝါသနာကို အကောင်းဆုံးရှေ့ဆက်နိုင်ရန်လည်း တက္ကသိုလ်ရောက်လာခြင်းဖြစ်နိုင်သည်။

၎။ ဆုံးဖြတ်ချက်ကောင်းကောင်း ချတတ်သည်

မည်သည့်လုပ်ငန်းမဆို အတွေ့အကြုံတစ်ခုခု လိုအပ်သည်။ တက္ကသိုလ်ရောက်လာပြီး စာတွေ့ချည်းသက်သက် တတ်သွားသည်ဆိုစေ တက္ကသိုလ်တွင် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည့် ပညာရှာပုံရှာနည်း၊ ပညာ၏ သဘောတရား၊ ပညာကို တစ်သက်တာသင်ယူနိုင်နည်းများမှာ တက္ကသိုလ်က အခြေခံပေးလိုက်ပြီးဖြစ်သည်။ ကျောင်းတွင် ဖြစ်သလိုနေထိုင်နိုင်သည်။ သို့သော် ကိုယ်ရောက်နေသည့် အဖွဲ့အစည်းက ဖြစ်သလိုဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုမဟုတ်ဆိုခြင်းကို နားလည်ထားကြသည်။ ထို့ကြောင့် တစ်ခုခုကို ငါပညာတတ်ဆိုသည့် ဆင်ခြင်မှုတစ်ခုဖြင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းများ ရှိတတ်သည်။

၅။ အလုပ်အကိုင်အခွင့်အလမ်းများကို လေ့လာနိုင်သည်

ကျောင်းလာတက်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးများကိုလည်း မျှော်လင့်ခြင်းကြောင့် ဖြစ်နိုင်သည်။ အလုပ်ဆိုသည်မှာ ကောင်းသည့်အလုပ်လည်းဖြစ်နိုင်သလို ဆိုးသည့်အလုပ်လည်း ဖြစ်နိုင်သည်။ တက္ကသိုလ်ဆိုသည်မှာ လူမှုရေးဆက်နွှယ်မှုများရှိနိုင်သောကြောင့် တက္ကသိုလ်အဆက်အသွယ်သည် ဘဝအတွက် အဆက်အသွယ်လည်းဖြစ်သွားနိုင်သည်။

၆။ လက်ရှိအလုပ်ဖြင့်သာ ကျေနပ်ရန်မဟုတ်ပါ

တက္ကသိုလ်ကထွက်ပြီး ရသည့်အလုပ်ဝင်လုပ် ဘဝကိုအဆုံးသတ်ပြီး ကျေနပ်နေလိုက်ရန်မဟုတ်ပါ။ ရှေ့ဆက် ရမည့်ဘဝခရီးအတွက် ပထမအဆင့်ကို တက်ပြီးပြီဆိုလျှင် နောက်တစ်ဆင့်ဆက်တက်နိုင်ရန်အရေးကြီးသည်။ ဘွဲ့မရလျှင် အလုပ်မခန့်ဆိုပါက ရှေ့ကိုတစ်လှမ်းတိုးရန် ခက်ခဲနိုင်သည်။ ရှေ့တစ်လှမ်းတိုးနိုင်လျှင် လမ်းပွင့် သွားပြီ။

၇။ ဘာလုပ်လုပ် ကောင်းအောင်လုပ်သည်

ဘွဲ့ရပြီးလျှင် အလုပ်တစ်ခုခု လုပ်ကြမည်သာဖြစ်သည်။ မည်သည့်အလုပ် ဝင်လုပ်သည်ဖြစ်စေ ဘွဲ့ရပြီးတော့ ဘာမှ မတတ်ဘူးလားဆိုသည့် အပြောကို မခံရစေရန် ကြိုးစားတော့မည်။ ဘွဲ့သည် တွန်းအားတစ်ခုဆိုသည်ကို သဘောပေါက်ထားရမည်။

၈။ အလုပ်သည် ကိုယ့်တစ်ဦးအတွက် အိပ်မက်မဟုတ်

ဘွဲ့ရပြီး အလုပ်လုပ်မည်ဆိုသည့် စိတ်ကူးအိပ်မက်သည် မိမိတစ်ဦးတည်းအတွက်မဟုတ်။ မိသားစုအတွက် ဖြစ်နိုင်သလို၊ ဘဝခရီးဖော်အတွက်လည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ဖိတ်စာတွင် ဂုဏ်ရှိကြောင်း တစ်ခုခုကို ထုတ်ပြနိုင်သည်။ ဘွဲ့အမြီးသည် တစ်ခုခုအတွက် အရေးကြီးနေတတ်သည်။

၉။ ဘဝကို ရင်ဆိုင်ရဲသည်

တက္ကသိုလ်ဆိုသည့်နေရာက နှစ်တိုတိုလေးအတွင်း ယူတတ်လျှင် ယူတတ်သလိုရနိုင်သည့် သင်ခန်းစာတွေကို ထုတ်ပေးတတ်သည်။ အများထဲတွင် ပေါင်းသင်းနေထိုင်ခဲ့ခြင်းကြောင့် သင်ခန်းစာတွေလည်း ရခဲ့သည်။ ဘဝကို အဆိုးချည်းမမြင်၊ အကောင်းမြင်သဘောတရားများကိုလည်း ကြည့်တတ်အောင်ဖြည့်တွေးပေးနိုင်စေရန် လေ့ကျင့်ပေးတတ်သည်။

၁၀။ မျိုးစေ့ချအပင်စိုက်ခဲ့သည်

တက္ကသိုလ်ရောက်လာခြင်းသည် မျိုးစေ့တစ်ခုကို လာစိုက်ခြင်းဖြစ်သည်။ ခုစိုက် ခုစားရန်မဟုတ်။ အနာဂတ် အတွက် လာရောက်စိုက်ပျိုးခြင်းဖြစ်သည်။ ကိုယ့်မျိုးကို ကိုယ်ကောင်းအောင်စိုက်ရသည်။ ပျိုးထောင်၊ ပေါင်းသင်၊ ရေလောင်း၊ မြေသြဇာထည့်ရသည်။ ကိုယ်စိုက်သည်ကို ကိုယ်ပြန်ရိပ်သိမ်းရသည်ဆိုသော စကားရှိပါသည်။ တက္ကသိုလ်တွင် သင်စိုက်ခဲ့သမျှ သင်ပြန်ပြီး ရိပ်သိမ်းရလိမ့်မည်။ သင်ဘာတွေ စိုက်ခဲ့သနည်း။

Powered by Bullraider.com