ပညာမရှိ ကဝိမဖြစ်

Image may contain: 6 people, people sitting, table and indoor

ဂျပန်နိုင်ငံသည် ကျွမ်းကျင်မှုအထူးမြင့်မား သည့် လုပ်သားအင်အားစု စဉ်ဆက်မပြတ် တည်ရှိနိုင်စေရန် ဆင်းရဲနွမ်းပါးသည့်မိသားစုများမှ ကလေးများအား နိုင်ငံတော်က ပညာသင်စရိတ် အလုံးစုံထောက်ပံ့ပေး မည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်သွားမည်ဟု သတင်းတစ်ပုဒ်တွင် ဖတ်ရှုရလေ သောအခါ နိုင်ငံတော်၏ အမျိုးသားစီးပွား ရေးဘဝ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာ ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ခြေခြေမြစ်မြစ် ရှိဖို့ လိုအပ်ပုံကို ကျွန်ုပ်တွေးတောမိလေ၏။
ဂျပန်နိုင်ငံ၏ စီးပွားရေး မဟာဗျူဟာ အရ ကျွမ်းကျင်မှုအထူးမြင့်မားသော လုပ် သားအင်အားစု အစဉ်အမြဲ အခိုင်အမာရှိ နေရန် ရည်မှန်းထားပုံကို ကျွန်ုပ်လေ့လာ တွေ့ရှိရ၏။

ဂျပန်အစိုးရအဖွဲ့သည် လာမည့် ဇွန်လ ဝန်းကျင်တွင် စီးပွားရေးမဟာဗျူဟာတစ် ရပ်ကို ကြေညာရန် ပြင်ဆင်နေသည်ဟု သိရှိရပြီးလျှင် ကျွမ်းကျင်သူပညာရှင်များ မွေးထုတ်ရေး အစီအစဉ်သစ်တစ်ရပ်ကို နည်းဗျူဟာတစ်ရပ်အဖြစ် ဆောင်ရွက်ပေ လိမ့်မည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့၏ 'အာဘဲ့နိုမစ်' ဟု သိရှိကြသော စီးပွားရေးမူဝါဒလမ်းစဉ် ၏ တစ်စိတ်တစ်ဒေသအဖြစ် စီးပွားရေး မဟာဗျူဟာသစ်ကို အကောင်အထည်ဖော်ရန်ရှိနေသည်။ စီးပွားရေးမဟာဗျူဟာသစ် အရ ကျွမ်းကျင်မှု အထူးမြင့်မားသည့် လုပ်သားအင်အားစု စဉ်ဆက်မပြတ် ထိန်း ထားရန် ရည်မှန်းသည်။

အာဘဲ့နိုမစ်

အာဘဲ့နိုမစ်ဟူသည်ကား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထွေထွေရွေးကောက်ပွဲ ကာလမှစ၍ ရှင်ဇိုအာဘဲ့ကိုယ်တိုင် အလေး ပေးထောက်ခံပြောဆိုလာခဲ့သော စီးပွား ရေးမူဝါဒများကို ရည်ညွှန်းသည်။ ယင်း ရွေးကောက်ပွဲ၌ အောင်ပွဲခံသူ အာဘဲ့က ဒုတိယမြောက် ရာထူးသက်တမ်းအတွက် စိုးစံရန် လမ်းပွင့်ခဲ့သည်။
သုခမိန်စကား အလေးထားမှုအသွင် အဖြစ် ဂျပန်အစိုးရအဖွဲ့သည် အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်၊ နိုဘယ်ဆုရရှိထားသူတစ်ဦးလည်းဖြစ်သူ ဂျိုးဇက်စတီဂလစ်အား အစိုးအရအကြံပေးအဖွဲ့၏ အစည်းအဝေးသို့ မတ် ၁၄ ရက်က ဖိတ်ခေါ်ခဲ့ကာ အကြံဥာဏ်ရယူခဲ့သည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအရေးကြီးလှပုံကို သူက ရှင်းပြခဲ့ပြီး နိုင်ငံသားတိုင်း တက္ကသိုလ် ပညာအထိ သင်ယူခွင့်ရရှိရေးအတွက် အစိုးရက ဆောင်ရွက်ပေးရန် အကြံပြုခဲ့ သည်ဆို၏။

ကျောင်းစရိတ် မတတ်နိုင်သဖြင့် ဆုံးခန်းတိုင် ပညာသင်ယူရန် အခက်အခဲရှိနေကြ သော အိမ်ထောင်စုများကို အစိုးရက ထောက်ပံ့ကူညီရန် မျှော်မှန်းသည်။ ချို့ငဲ့ သော မိဘပြည်သူများ၏ သားသမီးများ အနေဖြင့် မူလတန်းမှသည် တက္ကသိုလ် ပညာရေးအထိ စဉ်ဆက်မပြတ် ပညာဆည်းပူးနိုင်စေရန် အစိုးရအဖွဲ့က ဘဝတစ်သက်တာ ပညာဆည်းပူးစရိတ်ကို အထောက်အပံ့ပေးရန်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ပညာရေးစနစ်မှာ တစ်မျိုးတစ်ဖုံ ထူးခြားသည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် ဂျပန်စာသင်ကျောင်းပုံစံမှာ အမေရိကန်နှင့် ဆင်ဆင်တူသည်။ ယင်းမှာ နိုင်ငံသမိုင်းကြောင်းနှင့် ဆက်နွှယ်မှုရှိသည်ဟု ကျွန်ုပ်လေ့လာသိရှိရ၏။

ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့ရသော ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အောင်နိုင်သူ အမေရိကန်က ကမကထပြု၍ ရေးဆွဲပေးခဲ့ခြင်း ကိုယ်၌ကပင် စစ် အင်အားကြီးဝါဒ အဆုံးသတ်စေရန် ဦးချိုး ပေးလိုက်ခြင်းအဖြစ် ယူဆရသည်။ အတိတ်ကာလတွင် ခြောက်လှန့်ခဲ့သည့် နယ်ချဲ့ဝါဒမျိုး အနာဂတ်ကာလတွင် ကမ္ဘာပေါ်၌ ထပ်မံပေါ်ပေါက်လာခြင်းမရှိစေရေးအတွက် ဒီမို ကရေစီစနစ်ဘက်သို့ ဂျပန်နိုင်ငံအား ကူး ပြောင်းစေခဲ့သည်။

ဤသို့ဖြင့် အမေရိကန်ပုံစံ စာသင်ကျောင်းများ ဂျပန်၌ တည်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေး မှု၏ နှလုံးသည်းပွတ်ပမာ အခြေခံကျကျ ရှိနေသည်မှာ ပညာရေးစနစ်ဖြစ်သည်။
ဂျပန်၏ ပညာရေးစနစ်အရ မူလတန်း ကျောင်းတွင် ခြောက်နှစ်၊ အလယ်တန်း
ကျောင်းတွင် သုံးနှစ်၊ အထက်တန်း ကျောင်းတွင် သုံးနှစ်၊ တက္ကသိုလ်တွင် လေးနှစ် ပညာဆည်းပူးကြရသည်။

ဂျပန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းများ၏ အနှစ်သာရမှာ 'ကျောင်းသားဗဟိုပြု' လေ့ လာစေခြင်းဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသားတို့ကိုယ်တိုင် ပြဿနာဖြေရှင်းနိုင်မှု စွမ်းပကား မြင့်မားလာစေရန် ကိုယ်တိုင် ပါဝင်လုပ်ဆောင်စေသည်။ ဆရာက သဘောပေါက်နားလည်အောင် ရှင်းပြပေး ပြီးလျှင် ကျောင်းသားက မိမိကိုယ်တိုင် စဉ်းစားတွေးခေါ်ကာ ပုစ္ဆာကို ဖြေရှင်းစေခြင်း ဖြစ်သည်။ အလွတ်ကျက်မှတ်ရသည့် နည်းထက် စဉ်းစားသုံးသပ်နိုင်စွမ်း မြင့်မားလာ အောင် လေ့ကျင့်ပေးသည်ဟု ကျွန်ုပ်မှတ် သားရလေသည်။

ကျောင်းသူ၊ ကျောင်းသားတို့ အသိ တရားတိုးလာအောင် ဘာသာရပ်များကို ကိုယ့်အားကိုယ်ကိုး တူးဆွလေ့လာမှုလုပ် ငန်းစဉ်တွင် ဆရာများ၏ ဖေးမကူညီမှုဖြင့် ပေါင်းစပ်ပေးသည်။
ဆရာဗဟိုပြု ချဉ်းကပ်မှုပုံစံမှ ကျောင်း သား ဗဟိုပြုချဉ်းကပ်မှုပုံစံသို့ ပြောင်းလဲ နိုင်ပုံကို ဂျပန်နိုင်ငံက ကမ္ဘာသို့ စံနမူနာ ပြသလျက်ရှိရာ ယနေ့ကာလ ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းကို ကြည့်လျှင် ဂျပန်နိုင်ငံ ၏ ပညာရေးစနစ်ကို စံထားလာကြသည် ကို ကျွန်ုပ်တွေ့မြင်ရလေသည်။

ကိုယ်တိုင် တူးဆွလေ့လာစေသော နည်းစနစ်အရ ကျောင်းစာကြည့်တိုက်များ၏ အခန်းကဏ္ဍမှာ အရေးပါလှသည်။ ပညာ ရွှေအိုးနှင့်တူသော စာကြည့်တိုက်ကို သော့ခတ်မထားဘဲ ကလေးတို့ကိုယ်တိုင် လွတ် လွတ်လပ်လပ် ဝင်ထွက်၊ စိတ်အေးချမ်း သာ လေ့လာ၊ တည်တည်ငြိမ်ငြိမ် ဆည်းပူး နိုင်ကြစေဖို့ အသွင်ပြောင်းလဲကြရပေမည်။

စာကြည့်တိုက်က ပေးစွမ်းသော သုတ၊ ရသများကို ကျောင်းသားများကိုယ်တိုင် မြိန် ရေရှက်ရေ ခံစားစေပြီးလျှင် ဆရာများနှင့် တွေ့ဆုံသည့်အခါ သူတို့ကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခွင့်ပေးခြင်းဖြင့် ကလေးများ
၏ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားလာ စေခြင်းငှာ အကြောင်းဖြစ်အပ်ရာ၏။
အရေးကြီးလှသည်မှာ ကျောင်းသား ကိုယ်တိုင် အထူးစိတ်ဝင်စားလှသော အကြောင်းခြင်းရာများနှင့်ပတ်သက်၍ သူ ကိုယ်တိုင် သုတေသနပြုလုပ်ကာ နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်းကို အားပေး မြှင့်တင်ကြရပေမည်။
၂၁ ရာစုခေတ်တွင် အွန်လိုင်းမှတစ်ဆင့် ဆည်းပူးလေ့လာစရာတွေ တစ်ပုံတစ်ပင်ရှိ နေပေရာ စာကြည့်တိုက်ပမာ သုတ၊ ရသ များကို သာတူညီမျှပေးစွမ်းနိုင်သော ဒီဂျစ် တယ်သုတပဒေသာ ဘဏ်တိုက်ကြီး အတွင်း ကျောင်းသူ၊ ကျောင်းသားတို့ကိုယ် တိုင် လေ့လာဆည်းပူးနိုင်ကြလေပြီ။

ဂျပန်နိုင်ငံ၌ မူလတန်းအဆင့်မှာပင် မိမိ၏ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ် ခွင့်ပေးနိုင်ရန် ဆရာများက လေ့ကျင့်ပေး သည်။ ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှု အောက်တွင် ကျောင်းသူ၊ ကျောင်းသား များအား အစုအဖွဲ့အလိုက် ဆွေးနွေးငြင်း ခုံစေခြင်းဖြင့် မိမိကိုယ်မိမိယုံကြည်မှု၊ အား ကိုးမှု၊ လေ့လာဆည်းပူးမှုနှင့် လူ့အဖွဲ့အစည်းအတွင်း တက်ကြွစွာ ပါဝင်ဆောင် ရွက်လိုမှုစိတ်ဓာတ်တို့ကို အထုံအစွဲဖြစ်စေအောင် လေ့ကျင့်ပေးသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် အရေးကြီးသည့် ဦးတည်ချက်တစ် ရပ်မှာ စာသင်ကျောင်းများကို လွတ်လွတ် လပ်လပ် ဆွေးနွေး ပြောဆိုခွင့်ရှိသည့် နေရာ၊ ဒီမိုကရေစီ အသွင်ဆောင်သည့် လေ့လာဆည်းပူးခွင့်ရှိသည့် နေရာအဖြစ် သို့ ပြောင်းလဲခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာရှတိုက်တွင် စစ်ရေးအရ ပါဝါကြီးမားလှသည့် နိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင် ကူးပြောင်းနိုင်ခဲ့ရကား နိုင်ငံတကာ ပညာ ရေးပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင်ဂျပန်က စံနမူနာ ပြသနိုင်လေသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆင့်မြင့် မြင့် ဂုဏ်ဝင့်စွာ ပညာတတ်သူဦးရေ များ ပြားသည့်နိုင်ငံတော်အဖြစ် ရပ်တည်လာ နိုင်ခြင်းမှာ ဂျပန်နိုင်ငံ၏ မဟာအောင်မြင် မှုဟူ၍ ကျွန်ုပ်တို့ ဝှဲချီးထိုက်လှပေသည်။
ဂျပန်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲ ရေး ဖြစ်တည်မှုကိုကြည့်လျှင် အခြေခံအကျဆုံးမှာ မူလတန်းပညာရေးဖြစ်၏။ မူလတန်းကျောင်းသားဘဝကတည်းကပင် စာသင် သားတို့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရင့် သန်လာအောင် ဆရာများက ပြုစုပျိုးထောင်ပေးကြသည်။ ဂျပန်ရှိ အခြေခံပညာ
ကျောင်းများတွင် သန့်ရှင်းရေးဝန်ထမ်းဟူ ၍ပင် သီးသန့်မထားရှိဘဲ ကျောင်းသူ၊ ကျောင်းသားများကိုယ်တိုင် စုစည်းညီညာ စွာ လုပ်ကိုင်ကြသည်။
ဂျပန်နိုင်ငံ၏ စာသင်သား ကလေးများ ၏ ထူးခြားသော အလေ့အကျင့်ကောင်း တစ်ရပ်မှာ သူတို့၏ သဘောထားအမြင် များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြော ဆိုခြင်းဖြစ်သည်။ ကလေးများကိုယ်တိုင် သူ့အမြင်ကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချခွင့် ရှိသလို စူးစမ်းလိုစိတ်က မြင့်မြင့်မားမား ရှိနေသည်။

မျိုးဆက်သစ်တို့၏ ကိုယ်ပိုင်အတွေး အမြင် ရင့်သန်မှုသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ဘဝအတွက် လင်းရောင်ခြည်ပင် ဖြစ်သည်။
မည်သည့်နိုင်ငံတွင်မဟူ ပြည်သူတို့၏ အနာဂတ်ဘဝ တောက်ပြောင်ရေးမှာ မျိုးဆက်သစ်တို့အတွက် ပညာရည်မြင့်မားရေး ပေါ် အခြေခံသည်။ နိုင်ငံ့သားကောင်းများ ဖြစ်လာစေဖို့ အခြေခံပညာရေးမှာ နိုင်ငံ၏ အုတ်မြစ်ပမာ အရေးပါလှသည်။

ဤတွင် ကျွန်ုပ်စဉ်းစားမိသည်ကား ပညာရေး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ပညာရေးဟူသည် လူတို့၌ကိုယ်စီကိုယ်ငှရှိနေကြသော အစွမ်းအစ များကို ညီညီညွတ်ညွတ် ပေါင်းစည်းတိုး တက်စေရေးဖြစ်၏။ ပညာရေး၏ ရည်မှန်း ချက်ပန်းတိုင်မှာ ဘွဲ့၊ ဒီဂရီရရှိခြင်းတွင်သာ တန့်နေသည်မဟုတ်၊ ကျွန်ုပ်တို့အတွက် ဘဝတစ်သက်တာလုံး ဆည်းပူးနေအပ် သော အဆုံးမရှိသည့် ပန်းတိုင်သာတည်း။ သို့ဖြစ်ရကား အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးလှုပ်ရှားမှု ခေါင်းဆောင်ကြီးလည်းဖြစ် နိုင်ငံသားအခွင့်အရေး ရရှိရေးလှုံ့ဆော်သူလည်းဖြစ်သူ မဟတ္တမဂန္ဒီကြီးက ''မနက်ဖြန်သင်သေဆုံးရတော့မည်ဘိသကဲ့သို့ မွန်
မြတ်သန့်စင်ဆုံးစိတ်ဓာတ်ဖြင့် နေထိုင်ပါ။ အမြဲထာဝရ အသက်ရှင်နေရမည်ဘိသကဲ့သို့ ထာဝစဉ်ဆည်းပူးလေ့လာပါ'' ဟူ၍ ဆိုမိန့်ခဲ့၏။

သတ္တဝါတို့အနက် အသိÓဏ်အရှိဆုံး လူတို့မှာ ပင်ကိုသဘာဝအရ သိလိုသော
ဆန္ဒရှိကြပြီး သိချင်သည့် စိတ်၏စေ့ဆော်မှုအလျောက် စေ့ငုလေ့လာရာမှ အသိတရား တိုးပွားလာသည်။ ထိုမှတစ်ဆင့်တက်သော်အတတ်ကို ရရှိလာသည်။ အသိနှင့် အတတ်တို့နှင့်အတူ 'ပညာ' သည်ပေါ်ထွန်းလာရ ပေတော့သည်။

ရှင်မဟာ သီလဝံသ၏ 'ပါရာယနဝတ္ထု' ၌ ပညာဟူသော်ကား အကျိုးနှင့် အပြစ်အား ခွဲခြမ်းစိတ်ဖြာနိုင်သော ဥာဏ်တည်းဟူ၍ ဖော်ပြထားသည်ကို ကျွန်ုပ်မှတ်သားရဖူး သည်။ အသိကိုKnowledge၊ အတတ်ကို Art၊ ပညာကိုWisdom ဟူ၍ သတင်းစာ ဆရာကြီးနှင့် စာရေးဆရာကြီး တက်တိုး က ရေးသားသီကုံးခဲ့သည်ကိုလည်း မှတ် သားမိပြန်သည်။
ဂျပန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ပင် နိုင်ငံဖွံ့ဖြိုးရေးအတွက် တတ်သိပညာ ရှင်များ၏ အခန်းကဏ္ဍကို အစဉ်အလေး ပေးနေရချိန်တွင် ကျွန်ုပ်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတော်တည်ဆောက်ရာ၌ တတ်သိပညာရှင်များ လိုအပ်ပုံမှာ အထူး ဆိုဖွယ်ရာ မရှိပါချေ။ ကျွန်ုပ်တို့ မြန်မာမှု နယ်ပယ်တွင် ပြောစမှတ်ပြုကြသည်မှာ 'ပညာကားရှေ့ ဥစ္စာကားနောက်' (ပညာကိုအရင်ရှာ) ဟူသော ဆိုရိုးစကားဖြစ်၏။ ဥစ္စာထက် ပညာရှာဖွေမှုကို အလေးထား ရန် တိုက်တွန်းနှိုးဆော်သည့် စကားဖြစ်၏။
သို့ဖြစ်ရကား ပညာရှာဖွေမှုကို ယနေ့ လူငယ်တို့ အလေးမူကြဖို့ အထူးလိုအပ်လှ သည်။ လူငယ်မောင်မယ်တို့သည် ပညာရှာ ပမာသူဖုန်းစားပမာ ကျင့်ကြံရမည်သာ ဖြစ်ပြီး လူငယ်တို့ပညာဆည်းပူး နိုင်ရေး အတွက်လည်း မိဘ၊ ဆရာတို့မှသည် နိုင်ငံ့ ခေါင်းဆောင်တို့အထိ ရင်းနှီးမြှုပ်နှံမှု အမျိုး မျိုး ပြုလုပ်နေကြရမည်သာ။

'ယနေ့ လူငယ် နောင်ဝယ်လူကြီး သင် လည်းတစ်ဦး သားထူးသားမြတ်' ဖြစ်စေဖို့ မောင်တို့မယ်တို့အနေဖြင့် ပညာရေးဆိုင်ရာ ရည်မှန်းချက်များ မြင့်မြင့်မားမား ဦးထိပ်ထားကြဖို့ ကျွန်ုပ်တိုက်တွန်းလို၏။
ကျွန်ုပ်တို့၏ နိုင်ငံတော် အနာဂတ်ဘဝ တောက်ပြောင်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးမှုများ ပြုလုပ်နေကြခြင်း ဖြင့် တတ်သိပညာရှင်များ ပေါကြွယ်ဝသည့် နိုင်ငံတော်အဖြစ် ရပ်တည်ကာ ကမ္ဘာ့အလယ် ဝင့်ထည်မည်မှာ မြေကြီးလက်ခတ် မလွဲနိုင်ပါ။ ပညာရှင် ခေါင်းပါးလေလေ တိုင်းပြည်ညံ့ဖျင်းလေလေဟူသော သဘော တရားကို လူငယ်တို့ နှလုံးသွင်းကြလျက် ပညာရှိ (ကဝိ)ဖြစ်အောင် အစဉ်ကြိုးစား ကြဖို့လိုသည်ဟု တွေးတောမိရင်း ''ပညာ မရှိ ကဝိမဖြစ်'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

ကြေးမုံသတင်း (၁၉.၃.၂၀၁၇)

Powered by Bullraider.com