တောထဲကမူကြို

http://www.slate.com/content/dam/slate/articles/double_x/doublex/2013/12/131202_DX_OutdoorRecessing.jpg.CROP.original-original.jpg

“စမ်းချောင်းလေးကို သွားမယ်”

“စမ်းချောင်းလေးဆီကို သွားကြမယ်”

ဖင်လန်နိင်ငံတွင်ဖြစ်ပါသည်။ ကလေးတွေက တက်ကြွစွာ အော်ဟစ်ပျော်မြူးနေကြသည်။ ကလေးမလေး သုံးယောက် ခုန်ပေါက်ပြီး စမ်းချောင်းဆီပြေးသွားသည်။ မကြာမီ မူကြိုအရွယ် ကလေးတွေအားလုံး ကလေးမလေး သုံးယောက်နောက်ကို ပြေးလိုက်သွားသည်။

ကလေးတွေ၏ ဆရာမ ကိုင်ဂျာ ပီလိုက ကလေးတွေနောက်က ပြေးလိုက်လာသည်။ စမ်းချောင်းလေးဘေးတွင် ရောက်နှင့်နေပြီဖြစ်သော ကလေးတွေက စမ်းချောင်းလေးထဲဆင်းပြီး ဆော့နေကြသည်။ စမ်းချောင်းလေးက တိမ်တိမ်လေးဖြစ်ပါသည်။ အချို့သော ကလေးတွေက စမ်းချောင်းပေါ်က တံတားပေါ်တက်သွားကြသည်။

သူတို့အားလုံး၏ အသက်တွေက ၅ နှစ်မှ ၆ နှစ်ဝန်းကျင်သာရှိမည်။ ဤစမ်းချောင်းလေးဝန်းကျင်သည် ယခုအချိန်တွင် ဆရာမ ပီလိုနှင့် သူမ၏ ကလေး ၁၄ ယောက်အတွက် စာသင်ခန်းဖြစ်နေပြီ။ ဖင်လန်နိုင်ငံတွင် ရာသီဥတုကောင်းလျှင် ကလေးတွေကို အပြင်ခေါ်ထုတ်ပြီး ကစားခိုင်းသည်။ လေ့လာခိုင်းသည်။ သူတို့ ကျောင်း လာတက်သည့်အချိန် ၈၀ ရာခိုင်နှုန်းခန့်ကို သူတို့က ဆော့ကစားခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိကြသည်။

တစ်ပတ်တွင် လေးရက် နံနက် ၈ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအချိန်အထိ ကလေးတွေက သူတို့ ဆရာမနှင့် အတူ ကျောင်းအပြင်တွင် သင်ခန်းစာများကို လေ့လာကြသည်။ ဖင်လန်တွင် မူကြိုကျောင်းများ၌ တိကျသော ပြဋ္ဌာန်းချက်များအတိုင်း ပုံသေနည်းနှင့် သွားနေကြသည်မဟုတ်။ တောတောင်ဝန်းကျင်တွင် ဖွင့်ထားသော ကျောင်းလေးတွေက တောတောင်သည် ကျောင်းစာသင်ခန်းများဖြစ်သွားအောင် လုပ်တတ်သည်။ ရာသီဥတု ကောင်းလျှင် ကျောင်းစာသင်ခန်းထဲကထွက်ပြီး ပြင်ပတွင် စာသင်ကြားရန် ဥရောပကျောင်းများက စိတ်ဝင်စား လာကြပြီ။

ဆရာမ ပီလိုက “တင်မီရေ ဆရာမဆီကို လာပါဦး” ဟုခေါ်လိုက်သည်။ ဆရာမဆီကို ပိန်သေးသေး ကောင်မလေးနှင့် သူ့အဖော်နှစ်ယောက် ပြေးလာကြသည်။ သူတို့ စမ်းချောင်းလေးထဲက တက်လာကြခြင်းဖြစ် သည်။ စမ်းချောင်းထဲတွင် ကောင်လေးသုံးယောက်က ချောင်းကိုပိတ်ပြီး သစ်ကိုင်းသစ်ခက်တွေနှင့် တမံဆောက်နေကြသည်။ သူတို့က ရေလှောင်ကန်လေးတစ်ခုပုံစံလုပ်ပြီး ငါးလေးတွေကို သူတို့ တမံထဲရောက် အောင် မောင်းထည့်နေကြသည်။

ဆရာမအနီးသို့ ရောက်လာသည့် ကလေးများကို ဆရာမက ကျင်းလေးတွေ တူးခိုင်းသည်။ သူတို့တူးထားသည့် ကျင်းလေးများကို ဖင်းနစ်ဘာသာစကားဖြင့် ရေတွက်ခိုင်းနေသည်။

“တစ်ကျင်း၊ နှစ်ကျင်း၊ သုံးကျင်း၊ လေးကျင်း”

ဆရာမ ပီလိုက သူဘာကြောင့် ကလေးတွေကို တောထဲခေါ်လာရသည့်အကြောင်း ရှင်းပြနေသည်။ တောထဲတွင် စာသင်ရခြင်းကို ကလေးတွေ စိတ်ဝင်စားကြသည်။ စာသင်ခန်းထက် တောထဲတွင် လျှို့ဝှက်ချက် တွေများစွာရှိနေသည်။ စာအုပ်တွေထဲက အကြောင်းအရာထက် တောထဲက သစ်ရွက်လေးတွေ၊ သစ်ပင်တွေ၊ စမ်းချောင်းနှင့် ငါးလေးတွေက ကလေးတွေကို ပိုပြီး ဖမ်းစားထားနိုင်သည်။ သူတို့ စာအုပ်ထဲတွင်မပါသည့် အကြောင်းအရာတွေကို သူတို့ခြေထောက်တွေ၊ လက်တွေ၊ ခွန်အားတွေကို အသုံးပြုပြီး ဖော်ထုတ်လေ့လာနိုင် ကြသည်။ မြေပြင်ပေါ်တွင် စာတွေကို တုတ်ချောင်းတွေနှင့်ရေးသည်။ ခူးလာသည့် မှိုပွင့်လေးတွေကို ရေတွက် ကြသည်။ ပန်းလေးတွေကို နမ်းကြည့်ကြသည်။ လိပ်ပြာလေးတွေကို လိုက်ဖမ်းပြီး စူးစမ်းနေကြသည်။ တကယ့် သဘာဝ စာသင်ခန်းကြီးတစ်ခုထဲတွင် သူတို့ ပျော်ရွှင်စွာဖြင့် လေ့လာသင်ယူနေကြသည်။

ဖင်လန်တွင် မူကြိုကလေးများကို တောထဲတွင် သင်ကြားရန်အတွင် မူအသစ်များ၊ ရန်ပုံငွေအသစ်များ ချမှတ် ပေးပြီး စတင်ဆောင်ရွက်နေကြသည်။ ရာသီဥတုသာယာသည့်နေ့များတွင် အပြင်ထွက်ကာ ပညာရှာခြင်းကို အချိန်တစ်ခုအနေဖြင့် သတ်မှတ်ပေးထားသည်။ ကလေးတွေ ကိုယ့်စိတ်ကြိုက် လေ့လာနိုင်သည်။ ဆရာတွေက လွတ်လပ်စွာ သင်ကြားနိုင်သည်။ မြက်ခင်းပေါ်တွင် ပျော်မည်။ အော်ကြမည်။ အားလုံးကို ဆရာမက သစ်ပင် အောက်တွင် ပုံပြင်တွေ ပြောချင်လည်း ပြောနေမည်။

နောက်ဆုံးသတ်မှတ်ချက်အရ ဖင်လန်နိုင်ငံ မူကြိုကျောင်းများတွင် ကလေးတွေကို တောထဲတောင်ထဲတွင် နှစ်နာရီကစားရန် ခွင့်ပြုထားသည်။ နေ့ခင်းစာ မစားမီ တစ်မနက်လုံး တောထဲတွင် ပျော်ပါးစွာ ဆော့ကစားပြီး ကိုယ်ပိုင်လေ့လာချိန်ကို ကောင်းစွာ အသုံးချကြသည်။

ကလေးဆိုသည်မှာ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့သာ ကစားရမည်ဆိုခြင်းကို ဖင်လန်နိုင်ငံတွင် စတင် တော်လှန်နေကြပြီဖြစ်သည်။ တောထဲသွားရမှာ ပျင်းတယ်ဟုပြောသည့် ကလေးတစ်ယောက်မှမရှိ။ ဆရာမ ပီလိုက “ဆောင်းတွင်း ရောက်လာရင်တောင် တစ်ခါတစ်လေ ကျွန်မတို့ နှင်းတွေကို ထွက်ကြည့်ကြတယ်” ဟုပြောပြသည်။ နှင်းတွေနှင့် ပေါက်ကစားကြရသည့် အတွေ့အကြုံကိုလည်း ကလေးတွေက နှစ်သက်ကြသည်။

သူတို့တစ်ခါတစ်ရံ တောင်တက်ခရီးကို သွားကြသည်။ တောင်တက်ရတာလည်း ပျော်စရာကောင်းသည်။ အဖွဲ့တွေ ခွဲသွားရသည်။ ရှေ့အဖွဲ့ကထားခဲ့သည့် အမှတ်အသားတွေကို ရှာရသည်။ သစ်ကိုင်းတစ်ကိုင်းတွင် လက်ကိုင်ပုဝါတစ်ထည်ကို ချည်နှောင်ထားသည်ကိုတွေ့လျှင် ပျော်သွားကြသည်။ အချို့ကလည်း သစ်ပင် တွေကို အမှတ်အသားတွေ လုပ်သွားကြသည်။

တောင်တက်လျှင်လည်း သူတို့ ပါးစပ်က နာမည်လေးတွေကို အော်ခေါ်ရသည်။ နာမည်ကို သူတို့ အပြည့် မခေါ်ရ။ တောင်ပေါ်မတက်မီကတည်းက သတ်မှတ်ပေးထားသည့် အတိုကောက်နာမည်လေးတွေကိုအော်ပြီး ဆက်သွယ်ကြရသည်။ “ဂျို ဟို လို နာ” ဆိုသည့် ချစ်စရာအသံလေးတွေကို အတိုင်းသားကြားနေရသည်။

ကလေးတွေကို စုရပ်ထားသည်။ ဆရာတွေက နောက်ကလိုက်ကြသည်။ ကိုယ့်အုပ်စုလိုက် တောင်ပေါ်ကို တက်ရင်းက နောက်ဆုံးတွင် စုရပ်ကိုရောက်သည်အထိ ချီတက်ကြရသည်။ ကလေးတွေက ပျော်ရွှင်စွာ မမောနိုင် မပန်းနိုင် အပြိုင်တက်ကြသည်။

ဖင်လန်နိုင်ငံပညာရေးစနစ်အပေါ် ပညာရှင်များ လေ့လာ၍မကုန်နိုင်လောက်အောင်ဖြစ်သည်။ သဘာဝကိုမြတ် နိုးအောင်လုပ်ပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးလုပ်ဆောင်တတ်အောင် လုပ်ပေးခြင်းများက သူတို့ ကလေးတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားကောင်းစေရန် တည်ဆောက်ပေးလိုက်သလိုဖြစ်စေခဲ့သည်။ သူတို့ ကလေးတွေအများစုမှာ စိတ်ကစင့်ကလျားဖြစ်နှုန်းတွေနည်းလာသည်။ ခေါင်းဆောင်မှုစွမ်းရည်၊ ပူးပေါင်းဆောင် ရွက်နိုင်စွမ်းတွေ တိုးတက်လာသည်။ ထိုသဘောတရားက စတင်တီထွင်သူမှာ ရစ်ချတ်လုဗ်ဆိုသူဖြစ်ပြီး သူက “Children and Nature Network” ဆိုသည့် ကွန်ရက်တစ်ခုကို ထူထောင်ထားကာ ကလေးတွေကို သဘာဝအပေါ် မြတ်နိုးတတ်စေရန် လုပ်ဆောင်ပေးနေသည်။ သူက

“ကလေးတွေက တောထဲတောင်ထဲ ခေါ်သွားတော့ ဘာတွေ ထူးခြားလာသလဲဆိုရင် အချင်းချင်း အနိုင်ကျင့် တာတွေ နည်းသွားတယ်။ ကလေးတွေ အဝလွန်မှုတွေကို လျှော့ချပေးလာနိုင်တယ်။ စိတ်ဓာတ်အရရော ကိုယ်ခန္ဓာမှာပါ စွမ်းအင်အထူးကောင်းသူတွေ ဖြစ်လာတယ်” ဟုဆိုသည်။

နောက်ပိုင်း ဖင်လန်နိုင်ငံကျောင်းများတွင် တစ်မနက် ၂ နာရီ သဘာဝပတ်ဝန်းကျင်တွင် လေ့လာပြီး ပညာရှာသော အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုတွင်ပါ သင်ကြားရန် လေ့လာအတူယူနေကြပြီဖြစ်သည်။

ကလေးတွေကို စာသင်ခန်းထဲတွင် ပိတ်လှောင်ထားပြီး ဖတ်စာအုပ်တွေနှင့် ချောင်ပိတ်ထားမည်လော။ ဖွံ့ဖြိုးတိုး တက်သည့်နိုင်ငံများတွင် စာကိုမသင် စိတ်ကိုသင်နေကြသည်။ စာကိုမသင် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန် သင်နေကြသည်။ ပညာဆိုသည်မှာ စာသင်ခန်းထဲတွင်သာရှိသည်ဟု ထင်နေကြသော၊ စာသင်ခန်းထဲတွင် ဘဝတွေကို ပေးဆပ်ခဲ့ကြရသော ဆရာတွေ ဆရာမတွေနှင့် တောထဲတောင်ထဲက စာသင်ခန်းပညာရေးမှာ အလှမ်းဝေးနေဦးမည်မှာ သေချာသည်။

(Ref: Finnish Kindergarten in the Forest, Tim Walker)

Powered by Bullraider.com