တက္ကသိုလ်မပြီးလိုက်သော အောင်မြင်သူများ

https://stylemeceo.files.wordpress.com/2014/05/boys8.jpg

လူတိုင်း အောင်မြင်ချင်ကြသည်။ ချမ်းသာချင်ကြပါသည်။ ပညာတတ်လျှင် အောင်မြင်မည်ဆိုပြီး ပညာများကို ကြိုးစားသင်နေကြသူတွေ ရှိပါသည်။ ပညာသည် အခြေခံဖြစ်ပါသည်။ ပညာသည် အရေးကြီးသည်မှာ မှန်ပါသည်။ သို့သော် ပညာဆိုသည်မှာ ဘွဲ့ဒီဂရီတွေရခြင်းဟု ထင်နေသူအများကို အစွဲကျွတ်စေချင်ပါသည်။ ပညာအရေးမကြီးမဟုတ်။ ပညာအရေးကြီးပါသည်။ သို့သော် ပညာကို တက္ကသိုလ်၊ ကောလိပ်တွင်မရှာ။ ကိုယ်ပိုင်တီထွင်လေ့လာစူးစမ်းမှုများဖြင့် ပညာရှာပြီး ကြီးပွားချမ်းသာ အောင်မြင်သွားသူ သုံးဦးရှိပါသည်။

ထိုသုံးဦးမှာ စတိဗ် ဂျော့၊ ဘီလ်ဂိတ်စ်နှင့် မာ့ခ် ဇပ်ကာဘတ်တို့ဖြစ်ပါသည်။ စတိဗ်ဂျော့ကတော့ ကွယ်လွန် သွားပြီ။ သို့သော် သူထူထောင်ခဲ့သော ပန်းသီး တစ်ကိုက်ပဲ့ (Apple) အမှတ်တံဆိပ်လေးကတော့ ယနေ့တိုင် ကမ္ဘာကျော်နေဆဲဖြစ်သည်။

Microsoft ကုမ္ပဏီကို ထူထောင်ခဲ့သူ ဘီလ်ဂိတ်စ်နှင့် ဆိုရှယ်ကွန်ရက် Facebook ကို ထူထောင်ခဲ့သူ မာ့ခ် ဇပ်ကာဘတ်တို့နှစ်ယောက်ကတော့ ယနေ့တိုင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်။ သူတို့နှစ်ဦးစလုံး ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးစာရင်းဝင်ကြသည်။ ဘီလ်ဂိတ်စ်က နံပါတ်တစ်၊ ဇပ်ကာဘတ်က နံပါတ် ငါးအဆင့်တွင် ဖြစ်လာသည်။ စတိဗ်ဂျော့ကတော့ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီ။

စတိဗ်ဂျော့သည် မိဘက စွန့်ပစ်ခြင်းခံရပြီး မွေးစားမိဘများနှင့် ကြီးပြင်းခဲ့ရသူဖြစ်သည်။ ကျောင်းသားဘဝ ကတည်းက သူလုပ်ချင်တာကို လုပ်လေ့ရှိသောကြောင့် ဆရာတွေနှင့် သိပ်ပြီး အဆင်မပြေသူဖြစ်သည်။ သို့သော် ထူးချွန်သူဖြစ်နေခြင်းကြောင့် အသက် ၁၃ နှစ်သားကတည်းက Hewlett Packard ကုမ္ပဏီက အီလက်ထရွန်းနစ် ပရောဂျက်အတွက် လာရောက်ငှားခြင်းခံရသည်။

၁၉၇၀ တွင် အထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ရန်ဖြစ်လာသည်။ စတန်းဖို့ဒ်တက္ကသိုလ်တွင် တက်သည်။ သို့သော် အီလက်ထရွန်းနစ်ကလပ်တွင် အချိန်ဖြုန်းနေသည်ကများသည်။ အဆောင်မနေနိုင်သဖြင့် သူများအခန်းတွင် ကပ်နေပြီး ကြမ်းပြင်တွင် အိပ်ခဲ့ရသည်။ ပိုက်ဆံမရှိသဖြင့် Coke ပုလင်းများစုဆောင်း ရောင်းချပြီး မုန့်ဝယ်စားရသည်။ နောက်ပိုင်း Reed College ကိုပြောင်းပြီးတက်သည်။ ၁၉၇၂ ခုနှစ်တွင် ကျောင်း ဆက်မတက်တော့ဘဲ ကွန်ပျူတာတီထွင်မှုတွင်သာ စိတ်ကို ဒုံးဒုံးချပြီးလုပ်ကိုင်ခဲ့သည်။ သူ့ကြောင့် Appl ကုမ္ပဏီဟူ၍ ကမ္ဘာတွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။

ဘီလ်ဂိတ်စ်သည် ၁၉၇၃ ခုနှစ်တွင် အထက်တန်းကျောင်းအဆင့်ပြီးသည်။ SAT (Scholastic Aptitude Tests) စစ်ဆေးခြင်းတွင် အမှတ်ပေါင်း ၁၆၀၀ ပေးထားသည့်အနက် ၁၅၉၀ ရသည်။ ဟားဗတ်ကောလိပ်ကို ဝင်ခွင့်ရသည်။ အစောပိုင်းက ဥပဒေပညာကို ယူသည်။ နောက်ပိုင်း သင်္ချာကိုပြောင်းသင်သည်။ ကွန်ပျူတာ သိပ္ပံကို စိတ်ဝင်စားစွာဖြင့် ကောလိပ်နှစ်များတွင် လေ့လာလိုက်စားသည်။

ဒုတိယနှစ်ရောက်သည်အထိ ကျောင်းကသင်နေသော ပညာရပ်များထက် ကျောင်းတွင်ထားပေးထားသော ကွန်ပျူတာများတွင် အချိန်ကုန်နေသည်ကများသည်။ ပေါလ် အယ်လန်ဆိုသူနှင့်တွေ့ပြီး ကွန်ပျူတာနှင့် ဆော့ဖ်ဝဲ တီထွင်ခြင်းကို ရူးသွပ်စွာ လုပ်ဆောင်တော့သည်။ သူ့အနေအထားက ကောလိပ်တွင် ဆက်တက် နေပါက သူဝါသနာပါသည့် ကွန်ပျူတာပညာကို ကောင်းစွာ မလုပ်ဆောင်နိုင်ဟု မြင်လာသည်။ ထို့ကြောင့် ဒုတိယနှစ် အရောက်မှာပင် ကျောင်းထွက်ပြီး သူ့ကိုယ်ပိုင် ကုမ္ပဏီထူထောင်ကာ ဆော့ဖ်ဝဲတီထွင်မှုကို စလုပ်သည်။ ထိုစဉ်က ကျောင်းထွက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး သူပြောဖူးသည့် စကားလေးတစ်ခွန်းမှာ

“တကယ်လို့ အဲဒါ (Microsoft) မအောင်မြင်ရင် ကျွန်တော် ကျောင်းပြန်တက်ကောင်း တက်မိမှာ။ ဒါကြောင့် အဲဒီအချိန်က ကျောင်းထွက်တယ်လို့တောင်မပြောဘဲ၊ ကျောင်းကနေ ခွင့်ယူထားတဲ့အနေနဲ့ အပြင်မှာ လုပ်ကိုင် နေခဲ့တာ”

သို့သော် သူကျောင်းကို ပြန်မသွားတော့။ ၁၉၇၅ ခုနှစ်ကတည်းက အောင်မြင်မှုတွေ စတင်ရရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နံပါတ်တစ် ဘီလီယံနာ သူဌေးကြီးဖြစ်ခဲ့ရသည်။ ယနေ့ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၈၆ ဘီလီယံဖြစ်နေသည်။

မာ့ခ် ဇပ်ကာဘတ်ဆိုသူကောင်လေးမှာ ၁၉၈၄ ခုနှစ်ဖွားဖြစ်သောကြောင့် သူ့အသက်က ယခုမှ ၃၃ နှစ်သာ ရှိသေးသည်။ ဘီလ်ဂိတ်စ်က ၆၂ နှစ်ဖြစ်ပြီး သူဌေးအဆင့်တစ် ဖြစ်နေချိန်တွင် သူက ၃၃ နှစ်နှင့် ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ငါးအဆင့်ဖြစ်နေသည်။ မျိုးဆက်တို့၏ကွာခြားချက်ကို လေ့လာပိုင်းဖြတ်နိုင်ပါသည်။

ဇပ်ကာဘတ်သည် ကွန်ပျူတာကို အလယ်တန်းကျောင်းသား အဆင့်လောက်ကတည်းက အသုံးပြုသည်။ ၁၉၉၀ ပြည့်နှစ်လောက်တွင် သူက Atari BASIC Programming ကို ရေးနေပြီဖြစ်သည်။ ဆော့ဖ်ဝဲရေးသမား ဒေးဗစ် နျူးမင်းထံတွင် တပည့်ခံပြီး သူဝါသနာပါသည့် ကွန်ပျူတာပညာကို စူးစိုက်လေ့လာသည်။ အထက်တန်း ကျောင်းတွင် တက်နေကတည်းက အိမ်အနီးရှိ Mercy ကောလိပ်တွင် ကွန်ပျူတာပညာများကို သွားရောက် လေ့လာနေသည်။ အထက်တန်းကျောင်းသားဘဝကတည်းက သူ့လမ်းကို သူရွေးချယ်ထားပြီးဖြစ်သည်။ Intelligent Media Group ကုမ္ပဏီတွင် ဝင်ရောက် အလုပ် လုပ်ကိုင်နေပြီး ကွန်ပျူတာကို ကောင်းစွာ အသုံးပြုကာ တီထွင်ဖန်တီးမှုများကို လုပ်ဆောင်နေပြီဖြစ်သည်။

အထက်တန်းကျောင်းအောင်ပြီးနောက် ဟားဗတ်တွင်ကျောင်းဆက်တက်သည်။ Facemash ဆိုသည့် ပရိုဂရမ် ကို ကိုယ်တိုင်တီထွင်ရေးသားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် “Thefacebook” ဆိုသည့် အစီအစဉ်လေးကို စတင်ပြီး ကျောင်း၌ အသုံးပြုနိုင်ရန် အွန်လိုင်းပေါ်တင်လိုက်သည်။

ဇပ်ကာဘတ်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ သူနေထိုင်သည့် ဟားဗတ်ကျောင်း အဆောင်ထဲမှ “Facebook” ကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်းပေါက်သွားပြီး လူသိရှင်ကြား ဖြစ်သွားခဲ့ရသည်။ ၂၀၀၇ ခုနှစ်မှ Facebook ကိုတရားဝင်လွှင့်တင်ကြောင်း ကြေညာနိုင်ခဲ့ပြီး ယခုအခါ သူပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၁ ဒသမ ၄ ဘီလီယံဖြစ်ကာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ငါးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ သူလည်း Facebook ကို အကောင်အထည်ဖော် ကြိုးပမ်းရင်းက ကျောင်းပြီးသည်အထိ ဆက်မတက်လိုက်ရဘဲ ကျောင်းထွက်ကာ ချမ်းသာ အောင်မြင်သူဖြစ်လာခဲ့ရသည်။

သူတို့အကြောင်းကို လေ့လာသုံးသပ်ကြည့်လျှင် အောက်ပါအချက်များကို တွေ့ရှိရမည်ဖြစ်သည်။

အောင်မြင်ရန် ဘွဲ့မလို

ဘွဲ့ဒီဂရီကြီးက ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးနိုင်သည်မဟုတ်၊ ကိုယ့်ဘဝကို ကိုယ်ကသာ အဆုံးအဖြတ် ပေးနိုင်သည်။ ထို့ကြောင့် ငါတော့ ဆယ်တန်းလည်းမအောင်၊ ဘွဲ့လည်းမရတော့ပါဘူးဆိုကာ စိတ်ပျက်နေရန် မဟုတ်။ ပညာဆိုသည်မှာ ကျောင်းမှာသာ ရှာနိုင်သည်မဟုတ်။ အထူးသဖြင့် အသက်မွေးပညာရပ်များဆို သည်မှာ ကိုယ်တိုင်စိတ်ပါ လေ့လာသင်ယူကြိုးစားမှ ရနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံ ဂုဏ်ထူး ထွက်မှ၊ ဆေးတက္ကသိုလ်တက်ရမှသာ လူရာဝင်မည်ဟု ထင်ခြင်းကမှားပါသည်။ ဘွဲ့မရဘဲ မိမိဝါသနာပါသည့် အလုပ်ကို ကြိုးစားအားထုတ်၊ စွဲမြဲစွာ လုပ်ခြင်းဖြင့်လည်း အောင်မြင်နိုင်ပါသည်။

စတိဗ်ဂျော့၊ ဂိတ်စ်နှင့် ဇပ်ကာဘတ်တို့ သုံးယောက်စလုံး ကောလိပ်ကျောင်းကို ပြီးအောင် မတက်ခဲ့ကြပေ။ သို့သော် ကွန်ပျူတာနှင့် အိုင်တီလောကတွင်တော့ သမိုင်းမှတ်တိုင် စိုက်ထူးနိုင်ခဲ့သူများဖြစ်သည်။ သူတို့သည် ကျောင်းတက်မှ၊ ဘွဲ့ရမှဆိုသည့် အစဉ်အလာ ဘောင်ထဲကအတွေးကို မတွေး။ ဖောက်ထွက်ပြီးတွေးခဲ့ကြသည်။ သူတို့ ဘာဖြစ်ချင်သည်ကို ကောင်းကောင်းသိသည်။ ဘာလုပ်သင့်သည်ကိုလည်း ကောင်းစွာ ဆုံးဖြတ်နိုင်ခဲ့ သူများဖြစ်သည်။

ဘာလုပ်သင့်ကြောင်း ကောင်းစွာမြင်

သူတို့အနာဂတ်သည် မရေရာ မှုန်ဝါးလွန်းလှသည်။ သို့သော် သူတို့သည် မှုန်ဝါးနေသောအတွင်းကို ထိုးဖောက် မြင်နိုင်စွမ်းရှိသည်။ သူတို့သည် SMART ဖြစ်နေသူများပင်။ SMART ဆိုသည်မှာ (Specific, Measurable, Realistics, Time-bound) ကို အတိုကောက်ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် သူတို့တွင် ပြတ်သား သောအတွေးအမြင်ရှိသည်။ သူတို့တိုင်းဆပိုင်းဖြတ်နိုင်စွမ်းရှိသည်။ လက်တွေ့ကျကျ သုံးသပ်နိုင်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်သူများဖြစ်သည်။

ဇပ်ကာဘတ်၏ Facebook အောင်မြင်ရခြင်းမှာ သူ့တီထွင်ထားမှုသည် ကမ္ဘာကြီးကို ပြောင်းလဲသွားနိုင်မည် ဖြစ်ကြောင်း ကြိုတင်မြင်ထားပြီးဖြစ်နေသည်။ Facebook ဖြင့် တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများ အဆက်အသွယ် တွေ ပိုကောင်းလာမည်။ သူတို့သိထားသမျှ ဝေမျှလာမည်ကို ကြိုတင်ခန့်မှန်းပြီးသားဖြစ်နေသည်။ လူတွေ၏ စိတ်ဝင်စားမှုမှ သူမည်သည့် အကျိုးတရားများကို ဝန်ဆောင်မှုအနေဖြင့် မည်မျှပြန်ရနိုင်ကြောင်း သူတွက်ဆ ထားပြီးဖြစ်နေသည်။ ထို့ကြောင့် သူကျောင်းထွက်ခဲ့ရခြင်းမှာ သူ့အတွက် ထိုက်တန်လွန်းလှသည်။

လူငယ်များအနေဖြင့် ပန်းတိုင်မည်မျှအရေးကြီးကြောင်း သူကသက်သေပြသွားသည်။ အကျိုးမရှိသည့်ကိစ္စ များတွင် အချိန်ဖြုန်းနေမည့်အစား အကျိုးရှိသည့် တစ်ခုခုကို တီထွင်ဖောက်ထွက်နိုင်လျှင် အကျိုးရလဒ်တစ်ခုခု ပိုင်ဆိုင်နိုင်ကြောင်းသူက နည်းပေးလမ်းပြလုပ်သွားသည်။

သူတို့အနေအထိုင်ကို စံပြုနိုင်သည်

ကမ္ဘာကျော် သူဌေးကြီးသုံးယောက်စလုံးတွင် တူညီသည့် စတိုင်တစ်ခုမှာ အဝတ်အစားကို ဂရုမစိုက်။ သင့်သလို နေထိုင်၊ ရိုးကုတ်စွာ ကြိုးစားအားထုတ်ကြခြင်းဖြစ်သည်။ ဂိတ်စ်ကလည်း သူဌေးသာဆိုသည် ရိုးရိုးလေးဝတ်ပြီး ရိုးရိုးလေးနေထိုင်သည်။ စတိဗ်ဂျော့နှင့် ဇပ်ကာဘတ် တစ်မျိုးတည်းဝတ်သည်။ သူဌေးလေး ဇပ်ကာဘတ်ကို ကြည့်လိုက်လျှင် မီးခိုးရောင်တီရှပ်လေးနှင့်သာဖြစ်သည်။ သူတို့ဘဝတွေက အောက်ခြေက တက်လာသူများဖြစ် သည်။ ဘဝမမေ့။ သူတို့ဘဝတွေကို လုပ်ဖော်ကိုင်ဘက်တွေနှင့်အတူ ထူထောင်ခဲ့သောကြောင့် အားလုံးနှင့် အတူ တစ်သားတည်းနေ၊ တစ်တန်းတည်းစားသောက်နေထိုင်တတ်ခြင်းမှာ ထူးခြားချက်ဖြစ်သည်။

အလုပ်အပေါ်အားစိုက် ဇွဲသန်

သူတို့သုံးယောက်စလုံး တီထွင်မှုနှင့် သူတို့အလုပ်အပေါ် အားထည့်မှု လွန်ကဲကြသူများဖြစ်သည်။ ကိုယ့်အလုပ် အပေါ်ကိုယ်ချစ်မြတ်နိုးပြီး တန်ဖိုးထားလေးစားလွန်းသူများဖြစ်သောကြောင့် ဤမျှအောင်မြင်လာကြရခြင်း လည်းဖြစ်သည်။

တီထွင်သူဆိုသည်မှာ ငွေတစ်ခုတည်းအတွက်ကြောင့် ဖြစ်ချင်မှဖြစ်မည်။ ငွေက နောက်ပိုင်းမှ လိုက်လာခြင်း ဖြစ်သည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံရသည်မှာ အလုပ်အပေါ် ထားသည့် စိတ်စေတနာဖြစ်သည်။ သူတို့ အချိန် အကန့်အသတ် မရှိ အလုပ်တွေ လုပ်ခဲ့ကြသည်။ နာရီ ၂၀ လောက်လုပ်ကြသည်။ အခက်အခဲတွေ၊ ဖိအားတွေ၊ အဖျက်အမှောင့် တွေများစွာ ကြုံတွေ့ခဲ့ကြရသည်။ သို့သော် သူတို့ စိတ်ဓာတ်မကျ။ ဇွဲမလျှော့ စိတ်မပျက်ဘဲ ဆက်လုပ်ကြသည်။ သူတို့ဦးတည်ချက်ပန်းတိုင်ကို မရောက်ရောက်အောင် ဆက်လျှောက်ခဲ့ကြသူများဖြစ်သည်။

သူတို့ကိုယ်သူတို့ ယုံကြည်ကြသည်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးသည်။ မည်သည့် အနေအထား ရောက်နေသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ဆက်လုပ်နိုင်သည်။ သူတို့ ဘာမှန်းမသိ၊ ဈေးကွက်မရေရာသော ကွန်ပျူတာတွေ ဆော့ဖ်ဝဲတွေကို တီထွင်ခဲ့ကြသည်ဟု ထင်စရာရှိသည်။ သို့သော် သူတို့တီထွင်မှုတွင် အနာဂတ်တွေရှိနေသည်။ ကွန်ပျူတာကို လူတိုင်းမကိုင်ပါဘူးဟု ဝေဖန်သူများရှိနေသည့်ကြားက တစ်နေ့တွင် တစ်အိမ်တစ်လုံး အနည်းဆုံး သုံးလာလိမ့်မည်ဆိုသည့် အနာဂတ်ကို မျှော်ကြည့်နိုင်စွမ်းများဖြင့် တီထွင်ခဲ့ကြ သောကြောင့် သူတို့အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

Nassim Nicholas Taleb ဆိုသူပြောသွားသည့် စကားတစ်ခွန်းကို ရည်ညွှန်းချင်ပါသည်။

“စတိဗ်ဂျော့၊ ဘီလ်ဂိတ်စ်နဲ့ မာ့ခ် ဇပ်ကာဘတ်တို့ ကောလိပ်ကျောင်းမပြီးသွားကြဘူး။ သူတို့က ကျောင်းသင် ပညာဆိုတာထက် သူတို့လေ့လာသင်ယူချင်တာတွေကို လေ့လာသင်ယူသွားခဲ့ကြတာ။ ကျွန်တော်က ကျွန်တော့်ကလေးတွေကို မင်းတို့ အမှတ်ကောင်းကောင်းမရလို့၊ အဆင့်မကောင်းလို့ စိုးရိမ်ပူပန်ခြင်းမရှိဖို့ သူတို့နဲ့ နှိုင်းယှဉ်ပြောပြတယ်။ ဘာဖြစ်ဖြစ် လေ့လာသင်ယူမှုကို ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ပဲလိုတယ်”

(Ref: Times, CBC News)

Powered by Bullraider.com