ဒစ်ဂျစ်တယ်လက်နက် ပညာပေးအတွက်

http://www.aljazeera.com/mritems/imagecache/mbdxxlarge/mritems/Images/2017/1/31/c5cfdcce0f5342b28562eda6e77202ba_18.jpg

အသက် ၁၉ နှစ်အရွယ် ဆာဟီးတစ်ယောက် အရွယ်ရောက်လာပြီးနောက် သူ့ကိုယ်ခန္ဓာအချိုးအဆက်များ ပြောင်းလဲလာမှုကိုကြည့်ပြီး ရှက်လည်းရှက်၊ စိတ်လည်းရှုပ်နေမိသည်။ ရာဂျက်စ်သန်ပြည်နယ်မြောက်ပိုင်းရှိ ခိုလာဟီဒါရွာငယ်လေးတွင် အရွယ်ရောက်ပြီး လူပျိုပေါက်ဖြစ်လာရသည့် လူငယ်လေးများအဖို့ သူတို့ သိသင့် သိထိုက်သည့် အကြောင်းကိစ္စများနှင့် ပတ်သက်ပြီး မိဘများကလည်းမပြော၊ အိမ်နီးချင်းများကလည်း ဆွေးနွေး ပေးကြလိမ့်မည် မဟုတ်ပေ။

ခေတ်ပြောင်းလာပြီးဖြစ်သောကြောင့် ဆာဟီးတစ်ယောက် မိုးဘိုင်းလ်ဖုန်းနှင့် သူသိချင်သည့် အကြောင်း အရာများကို အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်သည့် နံပါတ်များကို သိရှိလာသည်။ သူက

“ကျွန်တော့် အဘိုးတစ်ယောက်က လူငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာမှုအကြောင်းကို ပွင့်လင်းစွာနဲ့ လာပြီးရှင်းပြနေသလို ဖုန်းထဲကတစ်ဆင့် သိခဲ့တယ်” ဟု သူကရှက်စနိုးဖြင့် ရှင်းပြသည်။

“ကျွန်တော်ဖုန်းဆက်ပြီး မေးလို့ သိထားရတဲ့ အကြောင်းတွေကို ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ပြန်ပြောပြ တယ်”

ဆာဟီးကြားရသည့် ဖုန်းထဲကအသံသည် ဟင်ဒီဘာသာစကားဖြင့် ပြန်ရှင်းပြထားသည့် အသံဖိုင်ဖြစ်သည်။ ထိုအသံဖိုင်ထဲတွင် လူငယ်တို့၏ ကျားမသဘာဝ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုများအကြောင်းကို သိသင့် သိထိုက်သမျှ ရှင်းလင်းဆွေးနွေးပေးထားသည်။

အိန္ဒိယနိုင်ငံတွင် ထိုသို့ဖုန်းလိုင်းကတစ်ဆင့် သိလို၍မေးလျှင် ပြန်ဖြေပေးခြင်းကို “ကစ်ရှော်ဗာတာ” ဟုခေါ်သည်။ “အရွယ်ရောက်သူများနှင့်ဆွေးနွေးခြင်းကဏ္ဍ” အဖြစ် လူသိများသည်။ ရာဂျက်စ်သန်ပြည်နယ်၊ ဘန်ဒီအနီးရှိ ကျေးရွာပေါင်း ၂၅၀ ခန့်တွင် ထိုအစီအစဉ်များကို ဖုန်းလိုင်းကတစ်ဆင့် မေးမြန်းနားထောင်နိုင် သည်။

ရာဂျက်စ်သန်ပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် လိင်ခွဲခြားမှုအများဆုံးဖြစ်သလို စာမတတ်သူနှုန်းလည်း အများ ဆုံးဖြစ်သည်။ ထို့ပြင် ထိုဒေသသည် နိုင်ငံအတွင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဒုတိယအများဆုံး ဒေသ လည်းဖြစ်သည်။ ထိုပြည်နယ်အတွင်း ကလေးအရွယ်လက်ထပ်မှုနှုန်းများကလည်း မြင့်မားသည်။ မိန်းကလေး များ၏ လက်ထပ်သည့်အရွယ်မှာ ပျမ်းမျှ ၁၅ နှစ်ဖြစ်ပြီး ယောက်ျားလေးများက ၁၉ နှစ်ဖြစ်နေသည်။ သတ်မှတ် ထားသည့် တရားဝင်လက်ထပ်နိုင်သည့် အရွယ်မှာ ၁၈ နှစ်မှ ၂၁ နှစ်ဖြစ်သည်။

ယောက်ျားလေးများကို ပညာပေး အထူးအခွင့်အရေး

ဆာဟီ ပထမဆုံးဖုန်းဖြင့် ဆက်သွယ်ပြီး နားထောင်ရသည့်အကြောင်းမှာ ဘိုးဘိုး ကာဂုဆာပြောကြားပေးသည့် လိင်ပညာရေးအစီအစဉ်ဖြစ်သည်။ သူတို့ဆီတွင် ဘိုးဘိုးဒေါသ၏ အစီအစဉ်ဟု လူသိများသည်။ ဘိုးဒေါသ ပြောပြသည့် ဇာတ်လမ်း လေးပိုင်းရှိသည်။ တစ်ပိုင်းကို ၁၀ မိနစ်မှ ၁၅ မိနစ်ကြာသည်။

ဘိုးဒေါသက သူရှင်းပြစဉ် ဇာတ်လမ်းထက်ဝက်လောက်အရောက်တွင် ဖုန်းခေါ်ပြီး မေးသူကို မေးခွန်းလေးတွေ ပြန်မေးတတ်သည်။ သူပြောနေတာကို ဂရုစိုက်ပြီး နားထောင်မှုရှိ၊ မရှိကို စမ်းသပ်ခြင်းဖြစ်သည်။ သူက မှန် သို့မဟုတ် မှားဟု ဖြေနိုင်သည့် မေးခွန်းလေးများ မေးသည်။

“ကျွန်တော်တို့က လူကြီးတွေရော လူငယ်တွေကိုပါ ဦးတည်ထားပါတယ်။ ကျားမ ခွဲခြားခြင်း မရှိပါဘူး။ ဘယ်သူမဆို နားထောင်ပြီး ဝင်ဖြေနိုင်အောင် စီစဉ်ထားပါတယ်” ဟု ထိုအစီအစဉ်ကို တင်ဆက်ပေးနေသည့် နယူးဒေလီအခြေစိုက် CHSJ အဖွဲ့မှ ဘာဒါ ဥဇာမာကဆိုသည်။ ထိုအဖွဲ့သည် စေတနာ့ဝန်ထမ်း ပညာပေး အဖွဲ့ဖြစ်ပြီး ၂၀၁၅ ဇူလိုင်လကစတင်ကာ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုများကို ဖြေဆိုပြီး ပညာပေးနေခြင်းဖြစ် သည်။ သူတို့ထံကို မေးမြန်းလိုလျှင် ဖုန်းနံပါတ် 1-800-112013 ကိုဆက်သွယ်လိုက်ရုံသာဖြစ်သည်။

အိန္ဒိယလူ့ဘောင်တွင် အမျိုးသား၊ အမျိုးသမီး အဆင့်အတန်း ခွဲခြားမှုများရှိနေသည်။ သူတို့ဘဝတွင် လိင်ကိစ္စ ဆိုသည်မှာ ရှက်ရကြောက်ရမည့် ကိစ္စများဖြစ်နေပြီး လူကြီးများကိုလည်း မမေးရဲ၊ လူကြီးများကလည်း ပညာပေးနိုင်စွမ်း အားနည်းကြသည်။ မိုဘိုင်းလ်ဖုန်းများကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်းက မျက်နှာ ချင်းဆိုင် ရင်မဆိုင်ရဲသည့် ကိစ္စများကို အထူးပြေလည်စေနိုင်သည်။ မိမိသိလိုသမျှ လွတ်လပ်စွာ မေးခွင့်ရှိသလို ဖြေကြားမှုများကိုလည်း မရှက်မကြောက် နားထောင်နိုင်သည်။ ထို့ပြင် သူတို့သိထားသည်များကိုလည်း သူငယ်ချင်းများကို ထပ်ဆင့် မျှဝေနိုင်သဖြင့် အလွန်ထိရောက်သော နည်းစနစ်တစ်ခုဟု ဆိုရမည်။

နောက်ပိုင်းတွင် ဖုန်းဖြင့် မေးမြန်းခြင်းကို စာပို့စနစ်နှင့်လည်း ပြန်လည်ဖြေကြားပေးနေသည်။ ယခုအခါ CHSJ ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသည့် ယောက်ျားလေး တစ်နေ့လျှင် ၁၀၀၀ ခန့်ရှိနေပြီဟုဆိုသည်။

ထိုပရိုဂရမ်ကို ဒစ်ဂျစ်တယ် ပလက်ဖောင်းပြောင်းပြီး တိုက်ရိုက်အသံဖြင့် တုံ့ပြန်ဖြေကြားနိုင်ရန် စီစဉ်ထားသည်။ မေးမြန်းမည့်သူက ဖုန်းခေါ်လာပြီး သူတို့သိလိုသည့် အကြောင်းအရာကို စုံစမ်းသည်နှင့် ကိုက်ညီသည့် ဇာတ်ကြောင်းလေးများကို ပြန်လည်ထုတ်လွှင့်ပေးလိုက်သည်။ သူတို့ အစီအစဉ်ကို စတင်ပြီး ပထမ သုံးလ အတွင်း ဖုန်းဖြင့်ခေါ်ဆို မေးမြန်းမှုပေါင်း ၅၀၀၀၀ ရှိလာသည်။ ထိုသူများကတစ်ဆင့် သူတို့သိသမျှ အကြောင်း အရာများကို ပြန်လည်မျှဝေပေးသူ ၆၀၀၀၀ ရှိပြီး ထိုသူများကလည်း သူတို့သိလိုသမျှ ထပ်ဆင့် မေးမြန်းလာကြ သည်။

ကျေးရွာအဆင့်အနေဖြင့် နောက်ပိုင်းတွင် လူငယ်ကလပ်များ ထူထောင်ရန် သူတို့စီစဉ်နေကြသည်။ ကျေးရွာ လူငယ်အဖွဲ့ဝင်များသည် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ရှိမည်ဖြစ်ပြီး ခေါင်းဆောင်အဖြစ် ကျေးရွာကပင် ရွေးချယ်ပေးရန် စီစဉ်ထားသည်။ လူကြီးများလည်း စိတ်ပါဝင်စားလျှင် ပါဝင်နိုင်ပြီး လူငယ်ကလပ်အတွင်း၌ လိင်ပညာပေးအတွေ့အကြုံ ဗဟုသုတများကိုပါ မျှဝေပြောကြားပေးနိုင်ရန် စီစဉ်ထားသည်။

ထိုကလပ်များ ဖွင့်နိုင်ခဲ့သည့်အတွက် အောင်မြင်မှုတစ်ခုမှာ ကျေးရွာတစ်ရွာတွင် လူငယ်များအကြား အရွယ် မတိုင်မီ လက်ထပ်ခြင်းကို တားမြစ်နိုင်ခဲ့ခြင်းဖြစ်သည်။ လူငယ်များက လူကြီးများကို အရွယ်မတိုင်မီ အိမ်ထောင်ချပေးခြင်းနှင့် ပတ်သက်ပြီး သူတို့သိထားသည်များကို ထောက်ပြဆွေးနွေးဝေဖန်နိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။ အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးကို သတို့သမီးအဖြစ် အဓမ္မ တွန်းပို့နေခြင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ရပ်အဖြစ် သူတို့ဆွေးနွေးလာနိုင်ကြသည့် အနေအထားကို ရောက်လာခြင်းမှာ အောင်မြင်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။

ကစ်ရှော်ဗာတာ အဖွဲ့သည် ဘန်ဒီနယ်အတွင်း အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းပေါင်း ၃၀ ခန့်တွင် လိင်ပညာပေးအစီအစဉ်များကို လိုက်ပြီးဟောပြောပို့ချနိုင်ခဲ့ကြသည်။ သူတို့ကို ဒေသဆိုင်ရာ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် မန်ဂျာရီအဖွဲ့ကလည်း အကူအညီပေးသည်။ မန်ဂျာရီအဖွဲ့က ဒေသအတွင်း လူမှုရေး ဆိုင်ရာ တရားမျှတမှုနှင့် တန်းတူညီမျှမှုများကို လှုန့်ဆော်နေသည့် အဖွဲ့အစည်းဖြစ်သည်။ သူတို့လှုပ်ရှား ဆောင်ရွက်မှုများကို ဒေသအတွင်း ပညာရေးအရာရှိများသာမက ရဲတပ်ဖွဲ့ကလည်း ထောက်ခံကြသည်။ သူတို့ လိုက်လံပညာပေးသည့် ပရိုဂရမ်များကို ယခုအခါ ကျောင်းသင်ခန်းစာထဲတွင် ထည့်သွင်းသင်ကြားပေးရန် စီစဉ်နေကြပြီဖြစ်သည်။

ပညာပေးအဖွဲ့များသည့် ကျောင်းများကို ရောက်ချိန်တွင် ကျောင်းသားများနှင့်တွေ့ဆုံပြီး ဟောပြောသည်။ သူတို့ကို ဆက်သွယ်နိုင်မည့် ဖုန်းများကို ပြောပြခဲ့သည်။ ထို့အပြင် မိမိတို့ သိလိုရာကို မေးမြန်းနိုင်သည့် ဇာတ်လမ်းတွေအကြောင်းလည်း မိတ်ဆက်ပေးခဲ့သည်။

လူတိုင်းအတွက် နည်းပညာလက်နက်

“ပြောင်းလဲမှုက ချက်ချင်းကြီးတော့ ဖြစ်လာတာ မဟုတ်ဘူးဗျ။ ကလေးတွေက ဒီဇာတ်လမ်းလေးတွေ ပုံမှန် နားထောင်လာအောင် နှစ်လ သုံးလလောက် အချိန်ပေးခဲ့ရတယ်” ဟု နိုင်ဝါကျေးရွာမှ ဦးဆောင်သူတစ်ဦးက ဆိုသည်။

ပညာပေးအစီအစဉ်သည် လူငယ်များကတစ်ဆင့် တစ်ယောက်စကား တစ်ယောက်နားပေါက်ကာ ပျံ့နှံ့သွား ခဲ့ရခြင်းဖြစ်သည်။ ကီလိုမီတာ ၁၀၀ ပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များပင် ထိုအစီအစဉ်များကို တောင်းဆို နားထောင်လာသောကြောင့် အလွန်ထိရောက်သည့် အစီအစဉ်တစ်ခုဟုဆိုရမည်။

၂၀၁၆ ခုနှစ် မတ်လတွင် CHSJ ကို ခေါ်ဆိုဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ကို ထုတ်ပြန်လိုက်ပြီးနောက် အခက်အခဲများ ကြုံတွေ့ကြရသည်။ အဓိကပြဿနာမှာ ထုတ်လွှင့်စက်များကို ထိန်းသိမ်းပြုပြင်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျေးရွာအသီးသီးရှိ ဖွဲ့စည်းထားသော လူငယ်အဖွဲ့များထံ ဒစ်ဂျစ်တယ် ဖိုင်များကို ဖြန့်ဝေပေးထားပြီး ကျေးရွာအလိုက် နားထောင်နိုင်စေရန် စီစဉ်ကြသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် CHSJ ပရိုဂရမ်ကို Vodafone ဖောင်ဒေးရှင်းက “Mobile for Good Award” ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ဒေါ်လာ ၂၂၅၀၀ ကိုလည်း ထောက်ပံ့ငွေအဖြစ် ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ကျေးရွာများတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်သည့် စက်ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ခြင်းမရှိသေး သောကြောင့် လိင်ပညာပေးရေးကိစ္စများမှာ အပြည့်အဝ မအောင်မြင်နိုင်သေးဟုဆိုရမည်။ ကျေးရွာ ကျောင်းများရှိ ဆရာများပင် ဖုန်းများကတစ်ဆင့် လိင်ပညာပေး အစီအစဉ်များကို ထုတ်လွှင့်ပေးနေကြောင်း မသိကြသေးပေ။ သို့သော် ဆာဟီးလို ကျောင်းသားအများစုက ဆရာတွေထက် ဖုန်းများတွင် လေ့လာထား သဖြင့် အကြောင်းအရာ အတော်များများကို သိနေကြသည်။ သိပ္ပံသင်သည့်ဆရာတစ်ဦးဖြစ်သူ ဂျာဂျာဗာ ကျေးရွာမှ ဆာရာဖတ် အလီဆိုသူက

“ကျောင်းသားတွေက ကျောင်းမှာ ဘိုးဒေါသပြောတဲ့ အကြောင်းတွေကို ဆွေးနွေးကြတယ်။ သူတို့ အတွေး အမြင်တွေ ပြောင်းလဲလာတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်” ဟုပြောကြားသည်။

အိန္ဒိယလူ့ဘောင်အဖွဲ့အစည်းထဲတွင် မပြောရမဆိုရဆိုကာ နှစ်ပေါင်းများစွာ ကန့်သတ်ပိတ်ပင်ထားသည့် ကိစ္စ များကို လူငယ်တွေ ပြောလာဆိုလာခြင်းမှာ ကြိုဆိုရမည်သာဖြစ်သည်။ မိဘများပါ စိတ်ပါဝင်စားလာသည် ဆိုခြင်းမှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်နည်းဖြစ်နေသည်။

ကလေးသူငယ်လက်ထပ်ရေးတားဆီးပေး

ဖုန်းများကတစ်ဆင့် ပညာပေးဇာတ်လမ်းများ နားထောင်နိုင်ခြင်း၏ ကြီးမားသော အကျိုးကျေးဇူးတစ်ရပ်မှာ ကလေးသူငယ်အရွယ်ကတည်းက မိန်းကလေးများကို လက်ထပ်ပေးကြသည့် ဓလေ့ပျောက်သွားခြင်းဖြစ်သည်။ အသက် ၁၆ နှစ်အရွယ် ကရီတီဆိုသည့် မိန်းကလေးက စောစီးစွာလက်ထပ်ခြင်း၏ အကျိုးမဲ့ပုံများကို ဖုန်းက တစ်ဆင့် နားထောင်ခဲ့ပြီးဖြစ်သည်။ သူတို့က ထိုသို့လက်ထပ်ပေးခြင်းသည် တရားဥပဒေနှင့်ပါ မညီကြောင်း သိရှိလိုက်ကြရသည်။ ထို့ကြောင့် အိမ်က သူမကို လက်ထပ်ပေးရန် စီစဉ်သည့်အခါတွင် ငြင်းဆိုခဲ့သည်။ သူကျောင်းဆက်တက်ချင်သေးသည်။ သူ့ကို အိမ်ကအကြမ်းဖက်ပြီး ယောက္ခမလက်ထဲအပ်ရန် စီစဉ်သည့် အခါတွင် ရဲစခန်းကိုသွားပြီး တိုင်သည်။ ရဲတပ်ဖွဲ့က အကြမ်းဖက်လာခေါ်သူများကို ဖမ်းပြီး ရဲစခန်းတွင် ဆုံးမစကားပြော ခံဝန်ချက်တွင် လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်လိုက်သည်။

ပြည်တွင်း သတင်းစာတစ်စောင်က ကရီတီအကြောင်းကို ဖော်ပြလိုက်သည်။ ထိုဒေသတွင် ကလေးအရွယ် ကတည်းက မိန်းကလေးများကို လက်ထပ်ပေးနေကြရာ ထိုသတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြရ သည်။ ယခုအခါ ကရီတီသည် ကျောင်းဆက်တက်နေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသားများက အမျိုးသမီးများထက် ၂၅ ရာခိုင်နှုန်းပိုပြီး ဖုန်းများကို ကိုင်ဆောင်နိုင်ကြ သည်။ ကျေးလက်များတွင် အမျိုးသမီး အများစုမှာ ဖုန်းကိုင်နိုင်သေးသည့် အဆင့်တွင် မရှိသေးပေ။ သူတို့အိမ်မှ အဖေနှင့် အစ်ကိုမောင်များက ဖုန်းကိုင်နိုင်သော်လည်း မိန်းကလေးများမှာ ဖုန်းကိုင်နိုင်သည့် အဆင့်သို့ မရောက်ကြသေးပေ။ CHSJ ကထုတ်လွှင့်သည့် လိင်ပညာပေးအစီအစဉ်များကို ဖုန်းများထဲတွင် သိမ်းထားပြီး အချို့သော အစ်ကိုမောင်များက အိမ်ရှိ အစ်မများ ညီမများကိုပေးနားထောင်သောကြောင့် သိကြရသည်လည်း ရှိသည်။

အိန္ဒိယနိုင်ငံတွင် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ တားဆီးပိတ်ပင်မှုတွေကများလှသည်။ သို့သော် CHSJ အဖွဲ့၏ ပြောကြားသည့် စကားမှာ စိတ်ဝင်စားစရာဖြစ်သည်။

“ရာစုနှစ်ပေါင်းများစွာ စွဲမြဲလာတဲ့ စံတစ်ခုကို ချက်ချင်းကြီးပြောင်းဖို့ဆိုတာ ခက်တော့ခက်တာပေါ့။ ဒါပေမဲ့ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး”

သူတို့ဦးတည်ချက်က ရှင်းသည်

“ကောင်လေးတွေ အရင်ဆုံး နားထောင်ဖို့အရေးကြီးတာ။ သူတို့သိထားရင် ကျွန်တော်တို့အောင်မြင်ပြီ”

ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး ရသလောက်ပညာပေးနေကြသည့် အိန္ဒိယနိုင်ငံ ကျေးလက်မှ လိင်ပညာပေး အစီအစဉ်ဖြစ်ပါသည်။

(Ref: Digital tool teaches Indian boys about gender equality, Shaifali Agrawal)

Powered by Bullraider.com