ပညာရေးစနစ်နှင့် ကျူရှင်ပြဿနာ

ဒီခေတ်ကျောင်းသူ၊ ကျောင်းသားတိုင်း ကျူရှင်နဲ့မကင်းကြပါဘူး။ မွေးလာလို့အရွယ်လေးနည်းနည်း ရောက်တာနဲ့ မူကြိုကျောင်းကို ပို့ကြတော့တာပါပဲ။ တချို့ကျတော့လည်း မိဘနှစ်ပါးလုံးက အလုပ်လုပ် နေရတော့ မအားလပ်လို့ နေ့ကလေးထိန်းကျောင်းဆိုတာကို ပို့ကြရပြန်တယ်။

အရွယ်လေးနည်းနည်းရောက်လာတော့ သူငယ်တန်းတက်ဖို့ ကျောင်းအပ်ရပြန်တယ်။ ဟိုတုန်းက တော့ နိုင်ငံတော်အစိုးရကဖွင့်တဲ့ အမက၊ အလက၊ အထက၊ မူလတန်းကျောင်း၊ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်းတွေမှာ အပ်ရတာပေါ့။ ငွေကြေးတတ်နိုင်သူက သက်ဆိုင်ရာ အတန်း ပိုင်ဆရာ၊ ဆရာမဆီမှာ ကျူရှင်ပြန်ထားတယ်။ မတတ်နိုင်သူတွေက မထားရဘူးပေါ့။ ဒါပေမဲ့အတန်း ပိုင်ဆရာမဆီမှာ ကျူရှင်တက်တဲ့ကလေးနဲ့ ကျူရှင်မတက်တဲ့ကလေးတွေမှာ ကွာဟချက်တွေရှိတယ် လို့ ပြောကြဆိုကြတာကိုကြားရလို့ ဘာတွေများကွာခြားတာပါလိမ့်လို့ စဉ်းစားနေတုန်းမှာ ကျွန်တော့် တပည့်ကျော်မောင်စပ်စု ရောက်လာပါတယ်။ သူမေးမယ့်မေးခွန်းကို ကြိုသိနေတဲ့ ကျွန်တော်ကသူ မမေးခင် ပြောလိုက်ပါတယ်။ 'ငါအခုစဉ်းစားနေတာက ပညာရေးစနစ်နဲ့ ကျူရှင်တွေအကြောင်းပဲကွ။ မင်းမမေးခင်ကတည်းက ငါကြိုပြောထားတာနော်'။

စပ်စု။   ။ ကျွန်တော်လည်း စိတ်ဝင်စားတယ်ဆရာ။ ကျွန်တော်တို့လူငယ်တွေသိအောင် ပြောပြစမ်းပါ ဆရာရယ် . . .။

ဖြေ။    ။ အင်္ဂလိပ်လိုတော့ Tuition ပေါ့။ အင်တာနက်မှာ Google ကနေ Tuition လို့ရိုက်ပြီးရှာကြည့် ရင် မင်းအကျယ်တဝင့်တွေ့လိမ့်မယ်။ တကယ်တမ်းကျတော့ ပညာရေးမှာ အတိုးတက်ဆုံးနိုင်ငံတွေ ဆိုတဲ့ အမေရိကန်တို့၊ အင်္ဂလန်တို့တောင် ကျူရှင်နဲ့မကင်းပါဘူး။ တကယ်လည်း တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ တို့နိုင်ငံမှာ အခုရင်ဆိုင်နေရတဲ့ ကျူရှင်နဲ့တော့ မတူဘူးပေါ့ကွာ . . .။

စပ်စု။   ။ ဘယ်လိုကွာလို့လဲ ဆရာ . . .။

ဖြေ။    ။ တို့နိုင်ငံမှာ ပညာရေးအတိုးတက်ဆုံးခေတ်လို့ခေါ်တဲ့ လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာမသိမ်းခင်အထိကာလမှာ ကျောင်းသားတွေပညာသင်ယူရတဲ့ ကျောင်း သုံးမျိုးသုံးစားရှိတယ်။

နိုင်ငံခြားသားတွေ ဦးစီးပြီးဖွင့်တဲ့ စိန့်ပေါလ်၊ စိန့်မေရီ၊ စိန့်ဂျွန်း၊ မက်သဒစ်စတဲ့ ကျောင်းတွေရှိတယ်။ ဆရာကြီးဦးတက်တိုးတို့၊ ဆရာကြီးဦးလူဖေဝင်းတို့၊ ဆရာကြီးဦးဘလွင်တို့စတဲ့ ဆရာကြီးတွေ ဦးစီးဖွင့် လှစ်တဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံတော်အစိုးရက ဖွင့်လှစ်တဲ့ အစိုးရအထက်တန်းကျောင်း၊ တန်းမြင့် ကျောင်းဆိုတာတွေရှိတယ်။ တက္ကသိုလ်ဝင်တန်းလို အစိုးရစစ်စာမေးပွဲတွေကျတော့ အစိုးရကစစ်တဲ့ စာမေးပွဲကိုပဲ အားလုံးဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြရတယ်။

စပ်စု။   ။ ဒါဆိုပျော်စရာကြီးပေါ့နော်။ ကျောင်းသားတွေအားလုံး အပြိုင်အဆိုင် ကြိုးစားကြရမှာပေါ့နော် . . .။

ဖြေ။    ။ ကျောင်းသားတွေတင် ကြိုးစားကြရတာ မဟုတ်ဘူး။ မောင်ရင်ရဲ့ . . .။ ကျောင်းတွေက အပြိုင်အဆိုင် ကြိုးစားကြရတာ။ နိုင်ငံခြားသားတွေဦးစီးတဲ့ကျောင်းရော၊ မြန်မာပြည်ရှိတွေ ဖွင့်လှစ်တဲ့ ကျောင်းရော၊ အစိုးရအထက်တန်းကျောင်းတွေရော အပြိုင်အဆိုင် ကြိုးစားကြရတာ။ ဒီတော့ ပညာ ရေးအဆင့် တိုးတက်မှုက ပိုကောင်းလာတာပေါ့။ အဲဒီခေတ်ကဆိုရင် အခြေခံပညာအဆင့်တင် မဟုတ်ဘူး။ တက္ကသိုလ်ပညာရေးအဆင့်လည်း တော်တော့်ကိုမြင့်တယ်။ အခြားနိုင်ငံတွေကတောင် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ပညာသင်ယူကြတယ်။ ဆေးပညာဆိုရင်လည်း အထက်တန်းစားပါ ပဲ။ မြန်မာပြည်က MBBS ဘွဲ့ကို တစ်ကမ္ဘာလုံးက လက်ခံတယ်။ ဒီခေတ်မှာ စင်ကာပူကိုသွားပြီး ဆေးကုကြသလိုမျိုးပဲ ကျန်တဲ့နိုင်ငံတွေကလည်း ရန်ကုန်ဆေးရုံကြီးကိုလာပြီး ကုသကြရတယ်။ ပြီးတော့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံးလေဆိပ်၊ အကောင်းဆုံးရုပ်ရှင်ရုံ၊ အကောင်း ဆုံးဆေးရုံဆိုတာတွေဟာ မြန်မာပြည်မှာပဲရှိတယ်။

အာရှမှာဆိုရင် ဂျပန်ပြီးရင်မြန်မာနိုင်ငံက အချမ်းသာဆုံးပဲ။ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အချမ်းသာဆုံးပေါ့။ အာရှတိုက်ရဲ့ ဆန်အိုးကြီးလို့တောင် တင်စားခေါ်ဝေါ်ခံခဲ့ရတယ်။ အားကစားဆိုရင် လည်း ထိပ်ဆုံးအဆင့်မှာ ရှိခဲ့တယ်။ စင်ကာပူဝန်ကြီးချုပ်တို့၊ ယိုးဒယားဝန်ကြီးချုပ်တို့ မြန်မာပြည်ကို လာလည်တဲ့အခါ "မြန်မာပြည်ကိုမီဖို့ သူတို့အနေနဲ့ အနှစ် ၂၀ လောက်ကြိုးစားရပါဦးမယ်" လို့ ပြော ကြားသွားကြတာကို မှတ်မိနေတယ်။

စပ်စု။   ။ ဒီလိုဆိုရင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ဘာဖြစ်လို့ချွတ်ခြုံကျသွားပြီး ကမ္ဘာ့ အဆင်းရဲဆုံး LDC နိုင်ငံဖြစ်သွားရတာလဲ ဆရာ . . .။

ဖြေ။    ။ ဖြစ်ရတဲ့အကြောင်းရင်းတွေရှိတာပေါ့ကွာ . . .။ ဒါတွေကို ငါမပြောချင်ဘူး။ လောလောဆယ် ငါစဉ်းစားနေတာက ပညာရေးအကြောင်းပဲ။ ကျူရှင်တွေ ကိစ္စအကြောင်းငါစဉ်းစားနေတာ။

စပ်စု။   ။ ဟုတ်ပါပြီ ဆရာရယ် . . .။ ဆရာပြောတဲ့ ကျူရှင်ဆိုတာ ဘယ်လိုပေါ်လာတာလဲ ဆရာ . . .။

ဖြေ။    ။ တပ်မတော်က အာဏာသိမ်းပြီး တော်လှန်ရေးအစိုးရတက်လာတော့ ကိုယ်ပိုင်ကျောင်းတွေ ကို ဖျက်သိမ်းတယ်။ သာသနာပြုစိန့်ကျောင်းတွေကို ပြည်သူပိုင်သိမ်းတယ်။ ဒီတော့အပြိုင်အဆိုင်မရှိ တော့ဘဲ အစိုးရကျောင်းတစ်မျိုးပဲ ကျန်တော့တယ်။ ရှေ့တုန်းကလည်း တစ်ဘာသာတည်းသင်တဲ့ ကျောင်းတွေရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကျူရှင်လို့အမည်မတပ်ဘူး။ ဥပမာဆိုပါတော့ကွာ . . .။ ဆရာကြီး ဦးစံရှိန်စာရင်းကိုင်သင်တန်းကျောင်း၊ ဆရာကြီးဦးခင် အင်္ဂလိပ်သဒ္ဒါသင်တန်းကျောင်းစသည်ဖြင့် ခေါ် တယ်။ တော်လှန်ရေးအစိုးရတက်ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်နည်းပြသင်တန်းတွေ ဖွင့်ခွင့်ပေး တယ်။ အများဆုံးနှစ်ဘာသာအထိ သင်ခွင့်ပေးတယ်။ ဒါပေမဲ့ ခေတ်စနစ်ရဲ့ အခြေအနေအရ ၃ ဘာ သာ၊ ၄ ဘာသာပေါင်းပြီးသင်တဲ့ ကျူရှင်တွေ၊ ဘာသာစုံကျူရှင်တွေပေါ်လာတယ်။

စပ်စု။   ။ ဒီလိဆိုရင် ကျူရှင်တွေက ဘယ်နှမျိုးတောင်ရှိနေလဲ ဆရာ . . .။

ဖြေ။    ။ အစိုးရပညာရေးဌာနကို တရားဝင်လျှောက်ထား မှတ်ပုံတင်ထားတဲ့ တစ်ဘာသာသင်တဲ့ ကျောင်း၊ နှစ်ဘာသာသင်တဲ့ကျောင်းတွေရှိတယ်။

* တရားဝင်မှတ်ပုံတင်မထားတဲ့ (မှတ်ပုံတင်တုန်းကတော့ တစ်ဘာသာ၊ နှစ်ဘာသာလို့ပြပြီး) ၃ ဘာ သာ တွဲသင်တဲ့ကျူရှင်တွေ ဘာသာစုံသင်တဲ့ ကျူရှင်တွေ . . .။

* ကျောင်းအိပ်၊ ကျောင်းစား လက်ခံပြီးဖွင့်တဲ့ဘော်ဒါတွေ . . .။

* ကိုယ့်အိမ်မှာ နီးစပ်ရာသူငယ်ချင်း ၁၀ ယောက်၊ ၁၅ ယောက်စုပြီး ဆရာတွေကို အိမ်ခေါ်သင်တဲ့ ဘာသာစုံသင်တဲ့ home ကျူရှင်ဆိုတာရှိတယ်။

* ကိုယ့်သားသမီး မလိုက်နိုင်တဲ့ ဘာသာတစ်ခု သို့မဟုတ် နှစ်ခုလောက်ကိုပဲ အိမ်သို့ခေါ်ပြီးသင်တဲ့ home ကျူရှင်ရှိတယ်။

* ကျောင်းသားနဲ့အတူရောပြီး စာကျက်ပေးတဲ့ ဂိုက်ဆိုတာရှိသေးတယ်။ ဂိုက်ကတော့ ဘွဲ့ရပြီးသူ ဖြစ်ချင်လည်း ဖြစ်မယ်။ ဘွဲ့မရသေးပေမဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးထွက်တဲ့ ကျောင်းသား၊ ဒါမှမဟုတ် စာတော်တဲ့ကျောင်းသားဖြစ်မယ်။ သူက စာမေးပွဲဖြေမယ့် ကျောင်းသားဖြစ် မယ်။ သူက စာမေးပွဲဖြေမယ့် ကျောင်းသားနဲ့အတူ စာကိုရအောင်ကျက်ပေးရတယ်။ ကျောင်းတို့ ကျူရှင်တို့ကပေးတဲ့ အိမ်စာတွေကို ကူလုပ်ရတယ်။ အဲဒါတွေကတော့ ကျောင်းပြင်ပကျူရှင်အမျိုးအ စားတွေပဲ။

စပ်စု။   ။ ကျောင်းပြင်ပကျူရှင်ဆိုတော့ ကျောင်းတွင်းကျူရှင်ဆိုတာ ရှိလို့လားဆရာရဲ့ . . .။

ဖြေ။    ။ သိပ်ရှိတာပေါ့ကွာ . . .။ ကျောင်းတွေမှာဆိုရင် သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်း ကအတန်းပိုင်ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်ယူရတယ်။ တက္ကသိုလ်ရောက်ပြန်တော့လည်း ဘွဲ့ရတဲ့ အထိ သက်ဆိုင်ရာဘာသာရပ်သင်ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်ယူရပြန်တယ်။ မဟာတန်းတွေ ဆက်တက်ဖို့၊ Qualified ဝင်ဖို့အတွက်ဆိုရင် ပိုဆိုးသေးတယ်။ မဟာတန်းတွေတက်မယ် . . . ပါရဂူ တန်း Ph.D တန်းတွေတက်မယ်ဆိုရင်လည်း ကျူရှင်ယူကြရပြန်တယ်။ မယူလို့ကိုမရတဲ့ သဘောရှိ တယ်လို့ ပြောကြတာပါပဲ . . .။

စပ်စု။   ။ တက္ကသိုလ်ကဏ္ဍကိုထားပါတော့ ဆရာရယ် . . .။ မူလတန်းကနေ ကိုးတန်းလောက်အထိ အကျမရှိစေရဆိုတဲ့ မူနဲ့သင်နေတာတောင် ကျူရှင်ယူစရာလိုသေးလို့လား ဆရာရယ် . . .။

ဖြေ။    ။ အဲဒါကလည်း အချို့ကျောင်းသားမိဘတွေကြောင့် ဖြစ်တယ်လို့ထင်တာပဲ . . .။ အတန်းပိုင် ဆရာ၊ ဆရာမဆီမှာ တက်တော့ အဆင့် ၁၊ ၂၊ ၃ ထဲဝင်တယ်ကွာ . . .။ အမှတ်လည်းကောင်းတယ်။ တချို့ကပြောတော့ ဖြေရမယ့်မေးခွန်းကိုတောင် ကြိုသင်ပေးထားတယ်ဆိုပဲ . . .။ ဆရာမဆီမှာ ကျူရှင်တက်ရင်မေးခွန်းရတယ်။ မတက်ရင် မေးခွန်းမရဘူး။ အမှတ်မကောင်းဘူးလို့ ဆိုကြတာပဲ။

ဒါပေမဲ့ အဲဒီစကားကို ငါတော့လက်မခံဘူး။ အချို့ အချို့သော ဆရာ၊ ဆရာမအနည်းငယ်ကတော့ ဟုတ်ကောင်းဟုတ်မှာပေါ့ . . .။ ဒါပေမဲ့ ဆရာ၊ ဆရာမတိုင်း ဒီလိုလုပ်မယ်လို့ ငါမယုံဘူး။ ကျူရှင်လုံးဝ မပြတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိမှာပဲ . . .။ ကျူရှင်ပြသည့်တိုင်အောင် လခကိုသင့်တင့်မျှတစွာယူပြီး ကျူရှင်တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ကျောသားရင်သားမခွဲခြားဘဲ တစ်ပြေးညီဆက်ဆံတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိမှာပါ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားပုံလိုအနည်း စု မကောင်းတာနဲ့ အားလုံးကိုခြုံပြီးပြောလို့ ဘယ်ဖြစ်မလဲ။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မပြောရမှာပေါ့။

စပ်စု။   ။ အပြင်ကျူရှင်တွေမှာရော စည်းကမ်းနဲ့မကိုက်ညီတဲ့ ဆရာ၊ ဆရာမတွေမရှိဘူးလား ဆရာ . . .။

ဖြေ။    ။ ရှိတာပေါ့ကွ . . .။ ဆရာ၊ ဆရာမဆိုတဲ့ ဂုဏ်သိက္ခာကို မထောက်ထားဘဲ မတန်တဆ ကြော်ငြာတာတွေ၊ အထကကျောင်းတွေရှေ့မှာသွားပြီး ကြော်ငြာဝေတာတွေ၊ ကျောင်းတွေရဲ့ ရှေ့ သစ်ပင်ပေါ်တွေမှာ ကြော်ငြာချိတ်တာတွေ စသည်စသည်ဖြင့်ပေါ့ . . .။ ဒါပေမဲ့ ငါ့အနေနဲ့ အဲဒါတွေကို အပြစ်ပြောရမှာ ခက်တယ်။ ကျောင်းဖွင့်ထားကြောင်း ကျောင်းသားတွေသိမှ သူ့ဆီလာတက်မှာပေါ့ . ။ ပြင်ပကျူရှင်တွေဆိုတာက အမြဲတမ်းကြိုးစားနေရတယ်။ တက်တဲ့ကျောင်းသားက ဒီနေ့မကြိုက်ရင် ဒီနေ့ပဲထွက်သွားတာ . . .။

တစ်ခါတုန်းက ကျူရှင်ကျောင်းတွေနဲ့ပတ်သက်တဲ့ ဥပဒေတစ်ခုထွက်ဖူးတယ်။ ဥပဒေဆိုတာ အများ လိုက်နာနိုင်တဲ့ ဥပဒေမျိုးဖြစ်ရတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလ တရားတွေပေါ်မှာ အခြေခံပြီး ထုတ်ရတယ်။ ဒါမှလည်းအများပြည်သူ လက်ခံပြီးလေးစားလိုက်နာမှာ ပေါ့ . . .။ အဲဒီဥပဒေကိုငါပြောပြမယ်။ အဲဒီဥပဒေတွေကတော့ ၁၉၈၄ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၆ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေလို့ခေါ်တယ်။ အဲဒီဥပဒေကို အကျဉ်းချုပ်ပြီး ပြောရရင်တော့ . . .။

* သင်တန်းကျောင်းတစ်ခုဟာ ခွင့်ပြုထားတဲ့နှစ်ဘာသာထက် ပိုမသင်ရဘူး။ ကျောင်းလခကိုလည်း တစ်ဘာသာလျှင် တစ်ဆယ်ကျပ်၊ နှစ်ဘာသာ နှစ်ဆယ်ကျပ်ထက် ပိုမယူရဘူး။ သင်တန်းတစ်တန်းမှာ လူ ၄၀ ထက်ပိုမသင်ရဘူး။ သင်တန်း ၄ ခု ကျောင်းသား ၁၆၀ ထက်ပိုလက်မခံရဘူး။ သင်တန်းသား တွေကို မှတ်စုမှတ်တမ်း ဖြန့်ဝေ၊ ရောင်းချခြင်း မပြုရဘူး။

* လခ ၁၀ ကျပ်ထက် ပိုယူလျှင် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၃ သောင်း (အဲဒီခေတ်က ရွှေတစ်ကျပ် သားကို ရာဂဏန်း၊ ထောင်ဂဏန်းပဲရှိတယ်လို့ ဆိုကြတာပဲ။)

* တစ်တန်းမှာ လူ ၄၀ ထက်ပိုပြီး ၄၁ ယောက်ဖြစ်သွားရင် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၃ သောင်း။

* သင်တန်းတစ်ခုလုံးမှာ ၁၆၀ ထက်ပိုပြီး ၁၆၁ ယောက်ဖြစ်သွားရင် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၃ သောင်း။

* ကိုယ်ပိုင်သင်တန်း တစ်ခုထက်ပိုဖွင့်ရင်ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၂ သောင်း။

* စာပေးစာယူ သင်တန်းသဘောမျိုး သက်ရောက်အောင် ရေးသားဖြန့်ဝေရင် . . .။

သင်တန်းမှတ်စု၊ စာအုပ်စာတမ်း ဖြန့်ဝေရင်၊ ရောင်းချရင် ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၂ သောင်းတဲ့။

အကျယ်ကိုတော့ ငါဆောင်းပါးတစ်ပုဒ်တော့ ရေဦးမယ်ကွာ။

စပ်စု။   ။ ကြောက်စရာကြီးနော်။ ခိုးမှုတွေ၊ လိမ်လည်မှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ ကျူးလွန်ရင် ကော ထောင်ဒဏ်ဘယ်လောက်ကျသလဲဆရာ။

ဖြေ။    ။ မင်းဟာမင်းသာ ရှာဖတ်ပါတော့ကွာ။ အဲဒါကြောင့်လည်း ပညာရေးလုပ်ငန်းစဉ်တွေ အတား အဆီး အခက်အခဲတွေ ဖြစ်ကုန်ကြတာပေါ့။

မောင်စပ်စုရေ . . . အဲဒီပညာရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ကွက်လပ်တွေကို ဖြည့်ဆည်းပေးနေတာ တွေလည်း ရှိပါတယ်။ လူပုဂ္ဂိုလ်တွေဖွင့်ထားတဲ့ အခမဲ့စေတနာစာသင်ကျောင်းတွေ၊ ရဟန်းသံဃာ တော်တွေ ဦးစီးဖွင့်လှစ်တဲ့ ဘကဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေလည်းရှိတယ်ကွ၊ ဘက ကျောင်းတွေဟာ တစ်တိုင်းပြည်လုံးမြို့နယ်တော်တော်များများမှာရှိပါတယ်။

စပ်စု။   ။ အဲဒီကျောင်းတွေကို ဆရာရောက်ဖူးသလား . . .။

ဖြေ။    ။ ရောက်ဖူးတာပေါ့ကွ . . .။ ၂၁-၁၁-၂၀၁၃ နေ့ကဆိုရင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အမှတ် ၃၊ ၃ ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အောင်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကို ရောက်သွားတယ်။ အဲဒီကျောင်းရဲ့ဦးစီးပဓာန နာယကဆရာတော်ကတော့ ဘဒ္ဒန္တသူရိယ (မဟာသဒ္ဒမ္မဇောတိကဓဇ) ဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာခင်မောင်ညိုရယ်၊ ဆရာကောင်းသန့်ရယ်၊ ငါရယ်တို့ ၃ ယောက်ရောက်သွားခဲ့ကြတယ်။ ကလေးတွေ အသိဉာဏ်တိုးအောင် ဟောပြောပို့ချပေးပါ လို့ ဆရာတော်ကမိန့်တဲ့အတွက် ရောက်သွားကြတာ ဖြစ်ပါတယ်။

ဟိုရောက်တော့ တကယ့်ကို တအံ့တသြဖြစ်သွားရတယ်။ အဲဒီကျောင်းမှာ ဆရာတော်ပြုစုစောင့် ရှောက်ပညာသင်ပေးနေတဲ့ ကျောင်းသားက ၂၅၀၀ လောက်ရှိတယ်။ မိဘနှစ်ပါးနှင့်၊ အဖေမဲ့၊ အမေမဲ့၊ ပစ္စည်းမဲ့၊ ပညာမဲ့ ကျောင်းသားလေးတွေ ဖြစ်ပါတယ်။

တချို့ကလေးတွေဆိုရင် မွေးခါစကတည်းက စွန့်ပစ်ခံထားရတဲ့ ကလေးတွေဖြစ်တယ်။ ဆရာတော်ရဲ့ ကျောင်းမှာ သူငယ်တန်းမှစပြီး နဝမတန်းအထိ သင်ကြားပို့ချပေးနေတာဖြစ်တယ်။ အသက်မွေးမှု ပညာတွေကိုလည်း သင်ကြားပေးတယ်။ ဒီနေ့ခေတ် ဒီနေ့အခါမှာ ကျောင်းသင်ပညာရပ်တစ်ခုတည်းနဲ့ ဘဝရပ်တည်ဖို့ ခက်ခဲတယ်။ အသက်မွေးမှုပညာရပ်တွေကိုပါ ဆရာတော်က သင်ကြားပေးတယ်။ စက်ချုပ်သင်တန်း၊ ယာဉ်မောင်းသင်တန်း၊ စက်ပြင်သင်တန်း၊ ကားဘော်ဒီလုပ်ငန်း၊ ကွန်ပျူတာသင် တန်း၊ ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းလုပ်ငန်းစတဲ့ ဘာသာရပ်တွေကိုပါ သင်ကြားပေးနေပါ တယ်။

အဆို၊ အက၊ အနုပညာ၊ ဂီတ ဝါသနာပါတဲ့ အနုပညာဓာတ်ခံကောင်းတဲ့ ကလေးတွေကိုပညာရှင်ဖြစ် တဲ့အထိ သင်ကြားပို့ချပေးတယ်။ ကျောင်းသူ၊ ကျောင်းသားတွေရော . . . ရပ်ကွက်နေလူငယ်တွေပါ အသိပညာတိုးတက်စေဖို့အတွက် စာကြည့်တိုက်ကြီးတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားတယ်။

ကျောင်းပညာကို သင်ယူလိုစိတ်မရှိဘဲ လောကုတ္တရာစာပေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ရှင်သာမဏေပြုပေးတယ်။ နှစ်စဉ်ရှင်အပါး ၁၀၀ မွေးထုတ်ပေးတယ်။ သာသနာ့တာဝန်ကို ထမ်းရွက် လိုတဲ့ ကျောင်းသားတွေကို လောကုတ္တရာစာပေပရိယတ္တိတွေ သင်ကြားပေးတယ်။ အခြေပြုမူလတန်း မှ ပထမကြီးတန်းနဲ့ ဓမ္မာစရိယ စာသင်သားတွေကိုလည်း မွေးထုတ်ပေးတယ်။ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးအတွက် ပရဟိတစိတ်အပြည့်နဲ့ စွမ်းဆောင်ပေးနေတဲ့ ကျောင်းကြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်။

တကယ်တမ်းကျတော့ ဆရာကြီးဦးဆောင်လမ်းပြသလို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဘက်စုံထောင့်စုံ စီမံပေးနိုင်ရင် သိပ်ကောင်းမှာပဲ . . . လို့ တွေးမိသလို ဆောင်ရွက်ပေးနိုင်ကြပါစေလို့လည်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

မောင်သိန်းလွင်

The Politics Journal

No.23, Dec.5, 2013

Powered by Bullraider.com