လောင်းရိပ်

"မုန့်စားကျောင်းဆင်းချိန်မှာ ဆော့တာကလွဲလို့ ကျန်တဲ့အချိန်မှာ ဆော့လို့မရဘူး။ လမ်းထဲမှာလည်း ဆော့လို့မရဘူး" ကိုယ်လုံးကိုယ်ပေါက်သေးသေးနဲ့ ကိုဖြိုးကမျက်မှန်လေးကိုပင့်ပြီး ခပ်ရွံ့ရွံ့ပြောပါ တယ်။

ရန်ကုန်မြို့က ကျောင်းတွေမှာနှစ်ချိန်ကျောင်းနဲ့ တစ်ချိန်ကျောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်ချိန် ကျောင်းတွေဟာ မနက်ခုနှစ်နာရီက ဆယ့်နှစ်နာရီအချိန်ကျောင်းနဲ့ ဆယ့်နှစ်နာရီက ငါးနာရီကျောင်း ဆိုပြီး အကြမ်းဖျင်းနှစ်ချိန်ရှိပါတယ်။ တစ်ချိန်ကျောင်းတွေကတော့ မနက်ကိုးနာရီက နှစ်နာရီအထိ သင်ကြားရပါတယ်။ ရန်ကုန်ကကျောင်းသားအများစုဟာ မူလတန်းကစလို့ အထက်တန်းအထိ ကျူရှင် တက်လေ့ရှိကြပါတယ်။ ကိုယ်ပိုင်ချိန်းနည်းကြပြီး ကိုယ်ပိုင်ချိန်မှာလည်း ကစားစရာနေရာနည်းတော့ ဂိမ်းဆော့နေတတ်ကြပါတယ်။

"ကလေးတွေက ဒီလိုကျောင်းပြီး ကျူရှင် ကျူရှင်ပြီးရင် စာကျက်ဆိုတော့ အရမ်းပင်ပန်းပါတယ်။ ဒါပေမဲ့ကိုယ့်ကလေးအမှတ်ကောင်းအောင် ကျူရှင်ထားရတာပါ။ ကိုယ်ကလည်း အလုပ်တစ်ဖက်နဲ့ဆို တော့ကလေးကို စာကူလုပ်မပေးနိုင်ဘူး" လို့ ကိုဖြိုးရဲ့ မိခင်ကပြောပါတယ်။

ကျောင်းသားမိဘတွေကအမှတ်ကို အဓိကထားလာကြတဲ့အပြင် လူနေမှုပုံစံတွေ ပြောင်းလဲလာပြီး အလုပ်တစ်ဖက်နဲ့ ဖြစ်နေတဲ့အတွက် အရင်ကလိုမိဘက ကလေးကိုစာကူလုပ်ပေးတာမျိုးတွေ လုပ်မ ပေးနိုင်တော့ဘဲ ကျူရှင်ကိုအားထားလာကြပါတယ်။ မူလတန်းကစလို့ အထက်တန်းအဆင့်အထိ ကျူရှင်ထားလာကြပါတယ်။ အမှန်တကယ်တော့ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာကိုပုံမှန် လုပ်သွားရင် အခြေခံကောင်းလာမှာပါ။ အခြေခံကစ စနစ်တကျလုပ်သွားရင် အထက်တန်းရောက်လာ တဲ့အခါ လေ့လာရလွယ်ကူသွားမှာ ဖြစ်တယ်လို့ ဗိုလ်တထောင်မြို့နယ်က ကျောင်းအုပ်ကြီးတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မူလတန်းကျောင်းပေါင်း ၄၀၀၀၀ ရှိကာကျောင်းသားပေါင်း ၅ ဒသမ ၁ သန်းရှိပြီး၊ မူလတန်းပြဆရာ၊ ဆရာမပေါင်း ၆၀၀၀၀ ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက စားရင်းများအရ သိရပါ တယ်။

"တကယ်ဆိုရင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသားတွေက မိဘကလုပ်ပေးနိုင်ရင် ကျူရှင်မလိုသေးပါဘူး။ ကျောင်းမှာသင်တာနဲ့ လုံလောက်ပါတယ်။ ကျူရှင်ကို အားမပေးဘူးမဟုတ်ပါ ဘူး။ ကျူရှင်များတော့ ကိုယ်ပိုင်ချိန်နည်းတယ်။ ကိုယ်ပိုင်ချိန်မရှိတော့ ကိုယ်ဝါသနာပါရာ မလုပ်နိုင် ဘူး" လို့အဆိုပါ ကျောင်းအုပ်ကြီးက ပြောပါတယ်။

မုန့်စားကျောင်းဆင်းချိန်ဟာ တချို့ကျောင်းတွေမှာ လေးဆယ့်ငါးမိနစ်အနားပေးတတ်သလို တချို့ ကျောင်းတွေမှာ ဆယ့် ငါးမိနစ်သာ အနားပေးတတ်ပါတယ်။ ကျောင်းသားတွေဟာ အဲဒီအချိန်မှပဲ လွတ်လွတ်လပ်လပ် ဆော့ကစားရပါတယ်။ ဒါပေမယ့် တချို့ကျောင်းတွေမှာ ကလေးတွေ ကစားနိုင်ဖို့ ဘောလုံးကွင်းတွေရှိပေမယ့် ကျောင်းအများစုမှာတော့ ကျောင်းနေရာကျဉ်းတဲ့အတွက် ကလေးတွေ ဟာ ကစားချင်တိုင်း ကစားလို့မရဘူးလို့ဆိုပါတယ်။

"ဒီလိုမျိုးကျောင်းပြီးရင် ကျူရှင်တက်ရတယ်ဆိုတော့ ကလေးတွေအနေနဲ့ ပင်ပန်းတယ်၊ ကိုယ်ပိုင်ပျော် ရမယ့် အချိန်မရှိဘူး။ ကိုယ်ပုငိစာကျက်ချိန် မရှိဘူး။ ကျူရှင်ကို ငယ်ငယ်ကတည်းက အားကိုးလွန်းနေ တော့ ကြီးလာတဲ့အခါ private study လုပ်တဲ့အခါ မလုပ်တတ်တော့ဘူး။ ကိုယ့်ဟာကိုယ်မလေ့လာ တတ်တော့ဘူး။ ဒီတော့ ကျူရှင်အပြင် ဂိုက်ခေါ်တာတွေ လုပ်လာရတယ်" လို့ ဉာဏ်လင်းပွင့်ကျူရှင်မှ ဆရာဦးစောရန်နောင်က ပြောပါတယ်။

စာသင်တာဟာ ကလေးတွေကို တွေးခေါ်တတ်အောင်၊ သင်ခန်းစာတွေကြေညက်အောင်၊ သင်ရမှာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဆရာတွေဟာ ဝန်ကြီးဌာနကထုတ်တဲ့အတိုင်း အချိန်မီပြီးစီးအောင်ဖိပြီး တက်သုတ်ရိုက်စာသင်ရတတ်တော့ ကလေးတွေက ကျူရှင်ရော ကျောင်းရောတက်ရတဲ့အခါ စာပိနေ တတ်တဲ့အတွက် သင်ကြားရေးစနစ်ကောင်းဖို့ လိုတယ်လို့ တက္ကသိုလ်ဆရာများ အသင်းမှဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

"ကလေးတွေကို ဒီအတိုင်းကျောင်းပြီးရင် ကျူရှင်လွတ်တော့ ကလေးတွေပင်ပန်းတယ်။ အမှန်တော့ မလိုအပ်ဘဲခွန်အားကို ဖြုန်းတီးနေတာပဲ။ ကျောင်းမှာစာသင်၊ ပြီးရင်ကိုယ်တိုင်လေ့လာ၊ ဒါကကျောင်း သားတွေလုပ်ရမယ့်ဟာပဲ။ ဒီလိုမဟုတ်ဘဲ ကျောင်းအပြင် ကျူရှင်ပါထပ်ယူတော့ ကလေးတွေ ပင်ပန်း တယ်။ ပင်ပန်းတော့ ကောင်းကောင်းမမှတ်နိုင်တော့ဘူး။ ကိုယ်ပိုင်အချိန်မှာလည်း ဘာမှမလုပ်နိုင် တော့ဘူး" လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ပြောပါတယ်။

သူတို့ငယ်ငယ်က ကျူရှင်မရှိဘဲ ကိုယ်တိုင်လေ့လာခဲ့တော့ အချိန်များများရတဲ့အတွက် ကျောင်းကပြန် တာနဲ့ လွယ်အိတ်ကလေးပစ်ချပြီး ကစားနိုင်ခဲ့ပေမယ့် အခုကျောင်းသားတွေကတော့ ကျောင်းပြီးတာနဲ့ ကျူရှင်သွားရတဲ့အခါ ဖိစီးမှုများလာတတ်ပြီး၊ အဲဒီလိုစိတ်ဖိစီးမှုများခြင်းဟာ ကလေးတွေအတွက် မကောင်းဘူးလို့ ဦးသန်းထိုက်အောင်က ဆိုပါတယ်။

"ကျွန်တော်တို့ ခေတ်မှာတုန်းက ကျူရှင်ယူရတာ ရှက်စရာလို့ထင်ကြတယ်။ ကျူရှင်ယူရတဲ့လူက စာမလိုက်နိုင်လို့ ညံ့လို့ယူရတာလို့ ယူဆခဲ့ကြတယ်။ အခုတော့ကျူရှင်မယူတဲ့လူက ကျူရှင်မတက်နိုင် တဲ့အတွက် ကျူရှင်မယူဘဲနေရသလို ဖြစ်လာပြီး၊ ကျူရှင်ယူတာကိုက ဂုဏ်ယူစရာလို ဖြစ်လာတယ်" လို့ နိုင်ငံတော်သမ္မတ၏ အကြံပေးလည်းဖြစ်သူ ကုလသမဂ္ဂမှာတာဝန်ထမ်းဆောင်ဖူးတဲ့ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

ကလေးတွေဟာ စာကိုချည်းလုပ်နေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေမှာ အားနည်းလာ ကြပြီး လုပ်လိုစိတ်မရှိဘဲ ဖိအားပေးပါက အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်တတ်ပြီး မိဘကိုမုန်းခြင်း၊ ဘာသာရပ်ကိုမုန်းခြင်း၊ လူမှုရေးအားနည်းခြင်း၊ အကောင်းမြင်စိတ်နည်းပါးခြင်း၊ အများအကျိုးဆောင်ရွက်လိုစိတ်မရှိဘဲ တစ်ကိုယ်ကောင်းဆန်ခြင်းများ ဖြစ်တတ်သလို ကိုယ့်ကိုယ် ကိုယ် မထိန်းနိုင်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးကျခြင်းတွေ ဖြစ်တတ် တယ်လို့ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါ်နီလာကြူက ပြောပါတယ်။

ကလေးငယ်များ ကျောင်းပြီးရင် ကျူရှင်ကိုကမန်းကတမ်းပြေးနေရတာတွေ၊ ကိုယ်ဝါသနာပါရာကို လုပ်ချိန်မရှိတာတွေ၊ ကစားချိန်မရှိဘဲ စာနဲ့နပန်းလုံးနေရတာတွေ၊ စာပိနေတာတွေဟာ တန်ဖိုးကြီးကြီး ပေးပြီးတက်ရတဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ မဖြစ်ဘဲအစိုးရကျောင်းတွေမှာပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ကျောင်းချိန်မှာ ကိုယ်စိတ်ဝင်စားရာ၊ ဝါသနာပါရာကို လုပ်နိုင်ဖို့စာသင်ချိန်ကိုလည်း ပြင်ဆင်ဖို့ လိုတဲ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟာ အမှတ်နဲ့ခွဲခြားတဲ့ စနစ်ဖြစ်နေတဲ့အတွက် ကျောင်းသား တွေဟာ အမှတ်ကောင်းဖို့ပဲ လုပ်ဆောင်နေကြတဲ့အတွက် စာမေးပွဲစနစ်ကိုလည်း ပြင်ဆင်ဖို့ လိုအပ် နေတယ်လို့ ဆိုပါတယ်။

"ကလေးတွေက ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်ပြီး အမှတ်တွေအများကြီးရနေပေမယ့် စာကလွဲပြီး ဘာမှမသိဘူး။ နိုင်ငံရေးဆိုတာလည်း မသိဘူး။ ယဉ်ကျေးမှုဆိုတာလည်းမသိဘူး ဖြစ်နေတယ်။ ဒါပေမဲ့သူတို့ကိုလည်း အပြစ်တင်လို့မရဘူး။ စနစ်ကိုပြင်မှရမယ်။ အစကတည်းက စာပိနေတဲ့ ကလေး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရမယ်။ မဟုတ်ရင်တော့ ဒီအတိုင်းသွားနေလိမ့်မယ်။ ဒီတော့ စနစ်ကို ထဲထဲဝင်ဝင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်" လို့ဒေါက်တာ အောင်ထွန်း သက်က ပြောပါတယ်။

ကလေးရဲ့စွမ်းရည်ကို တိုးတက်အောင်လုပ်ပေးရန် စဉ်းစားရာမှာ စာတစ်ခုတည်း တိုးတက်အောင်လုပ် ပေးဖို့ စဉ်းစားပါကစာမှာပဲထူးချွန်ပြီး တခြားအရာတွေမှာ စွမ်းရည်နိမ့်ကျနေတတ်တဲ့အတွက် စာတစ်ခု တည်းကို တိုးတက်အောင် လုပ်ပေးရုံနဲ့ မလုံလောက်ဘဲ ကိုယ်ကာယစွမ်းရည်၊ စိတ်ပိုင်းဆိုင်ရာစွမ်း ရည်၊ လူမှုဆက်ဆံရေးစွမ်းရည်၊ ယုံကြည်မှုစတဲ့ အရာတွေမှာလည်း ဘက်ပေါင်းစုံတိုးတက်အောင်လုပ် ပေးနိုင်ဖို့ ဘက်စုံစဉ်းစားဖို့ လိုတယ်လို့ဆိုပါတယ်။

ခုခေတ်လို အပြိုင်အဆိုင်တွေ ပေါလာတဲ့အချိန်မှာ မိဘတိုင်းက ကိုယ့်သားသမီးကို သူများတကာ ထက်တော်ပြီး အကောင်းတကာ့အကောင်းဆုံး၊ အတော်တကာ့ အတော်ဆုံးတွေ ဖြစ်စေချင်ကြတဲ့အ တွက် အကောင်းဆုံးကျူရှင်မှာထား၊ အကောင်းဆုံးဂိုက်ကိုငှားပြီး ကိုယ့်မျှော်လင့်ချက်တွေ၊ ကိုယ်ဖြစ် ချင်တာတွေကို ကလေးတွေအပေါ် ပုံအောလိုက်ခြင်းဟာ ကိုဖြိုးတို့လိုကလေးငယ်တွေရဲ့ အနာဂတ် ရွှေရောင်လွှမ်းဖို့အတွက် အထောက်အကူဖြစ်နေမလား၊ ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်နေမလားဆိုတာ . . .။

The Messenger Journal

Vol.4, No.30, Dec.16, 2013

Powered by Bullraider.com