မှန်းချက်နဲ့ နှမ်းထွက်မကိုက်လိုက်ပုံများ

http://4.bp.blogspot.com/-DraYxgSIbIo/TlRPRug_vqI/AAAAAAAAMO8/yWAW6QU2cJo/s1600/k%2Bm%2B%25284%2529.JPG

ဘာလိုလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးက နီးလာပြီ။ လွှတ်တော်ကိုယ်စားလှယ်ဝင်ရွေးမယ့်သူများက လည်း တန်းစီနေကြပြီ။ အာဏာရပါတီကြီးမှ အသစ်သစ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကလည်း သူ့ထက်သူ လူစွမ်းကောင်း၊ အားကောင်းမောင်းသန် လုပ်နေကြပြီ။ အတိုက်အခံ ပြည်သူ ချစ်တဲ့ပါတီကြီးကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သိုသိုသိပ်သိပ်ရွေးချယ်ဖို့ စီစဉ်နေ ပြီ။ အထမကိုယ်စားလှယ်လောင်းများကို ကျန်းမာရေးဆေးစစ်မယ်။ အေပိုး၊ ဘီပိုးနဲ့ စီပိုးရှိမရှိ၊ ဒုတိယ ပိုင်ဆိုင်မှုပစ္စည်း၊ မိမိဇနီးသားသမီးအထိ ပိုင်ဆိုင်မှုပစ္စည်းစာရင်းတင်ပြရမည်။ တတိယတိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ပညာတတ်အရည်အချင်းရှိသူ၊ နိုင်ငံရေး၊ စီးပွားရေးအမြင်၊ နိုင်ငံ တကာဆက်ဆံရေး အတွေ့အကြုံစသည့်အမြင်၊ နိုင်ငံတကာမှဆက်ဆံရေး အတွေ့အကြုံစသည့် အမြင်၊ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံစသည့်အပြင် ပါတီအပေါ် သက်ဝင်ယုံကြည်စွာ အနစ် နာအစဉ်အဆက် ဆောင်ရွက်လာသူများဖြစ်ရမည်။

ထိုသို့လွှတ်တော်ကိုယ်စားလှယ်များ ဝင်ပြိုင်ဖို့အားယူနေဆဲတွင် အာဏာရပါတီကြီးမှ ဝန်ကြီးတစ်ဦးမှာ ပင်စင်ယူနားရတော့မည့် အချိန်ဖြစ်၍ ၎င်း၏ဇနီးဖြစ်သူအား လွှတ်တော်ကိုယ်စားလှယ်ဝင်ရွေးရန် လျာ ထားသတ်မှတ်စည်းရုံးနေပြီ။

ငါးနှစ်တာ ဝန်ကြီးတစ်ခေတ်လုံး တိုက်၊ ကား၊ ခြံ၊ မြေ၊ ကုမ္ပဏီများ စသည့်ပိုင်ဆိုင်မှု စည်းစိမ်ချမ်းသာ ကား ပြောမပြတတ်အောင် လောဘအရှိန်တက်နေပြီ။ ဝန်ကြီးတွေကောင်းစားသည့် စားဖားခေတ်ကြီး ဖြစ်နေတော့ ဇနီးဖြစ်သူကလည်း လွှတ်တော်ကိုယ်စားလှယ်ဝင်ရွေး၊ ဝန်ကြီးဝင်လုပ်၊ ယောက်ျားရဲ့ အရှိန်အဝါနဲ့ စည်းစိမ်တွေတိုးလို့ ရွှေမိုးကြီး၊ ငွေမိုးကြီးရွာတဲ့ကိန်းဆိုက်ဖို့ မျှော်လင့်ပြီ။ ကောင်းပြီ။ ဒီတော့ဇနီးဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဝန်ကြီးအငြိမ်းစားယူတော့ ဇနီးအချစ်ကဝန်ကြီးအသစ် ဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဝင်ရွေးဖို့ ဆုံးဖြတ်လိုက်ပြီ။

ယောက်ျား      ။         ။ အချစ်ကလေးက ကိုယ်စားလှယ်ဝင်ရွေးမယ်ဆိုတော့ အောက်ခြေရပ်ကွက် မှာ စည်းရုံးရေးစလုပ်ရမယ်။ အောက်ခြေခိုင်မှဖြစ်မယ်။

မိန်းမ            ။         ။ ဘယ်လိုစည်းရုံးရေးလုပ်မလဲ ပြောပါဦး။

ယောက်ျား      ။         ။ တို့မြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေထဲက မူလတန်း၊ အလယ်တန်း ကျောင်း သား၊ ကျောင်းသူတွေကို အာဟာရတိုက်ကျွေးရမယ်။ ကျောင်းသုံးစာအုပ်၊ ဘောလ်ပင်၊ ကွန်ပါဘူး၊ လွယ်အိတ်တွေ ဝေငှရမယ်။ ကလေးတွေကို စည်းရုံးမှကလေးမိဘများရဲ့ မဲရမယ်မဟုတ်လား။

မိန်းမ            ။         ။ အိုး . . . ကောာင်းလိုက်တဲ့အကြံ။ ဂွတ်ရှယ်ပဲ။ ဒါကြောင့်လည်း ဝန်ကြီးဖြစ် နေတာပဲ။ ကဲ-နောက်နေ့ စလိုက်ကြစို့နော်။

နောက်တစ်နေ့ ကျောင်းပိတ်ရက်။ မြို့နယ်တစ်မြို့နယ်၏ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမများ၊ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ၃၀၀ ခန့် စုဝေးရောက်လာ ကြသည်။ ဝန်ကြီးဇနီးက အာဟာရတိုက်ကျွေးမယ်၊ ကျောင်းသုံးစာအုပ်၊ ပစ္စည်းများ၊ လွယ်အိတ်များ ပေးမယ်ဆိုတော့ ကျောင်းသား၊ ကျောင်းသူများ မပျက်မကွက် စုဝေးတက်ရောက်လာကြသည်။

ဆရာ၊ ဆရာမများနှင့် လုပ်အားခပေးမည့်သူများကိုတော့ ဒံပေါက်ကျွေးမည်ဟု စီစဉ်ထားသည်။ ဒံပေါက်စားဖို့ လုပ်အားပေးတွေကလည်း အများသား။ ဒံပေါက်ကျွေးမယ်ဆိုတော့ တချို့လူတွေက အကျင့်ပါနေသည်။ ကျောင်းဝင်းတစ်ဝင်းလုံး စည်ကားနေသည်။ ဝန်ကြီးနှင့်ဇနီး သားသမီးများက လည်း စိန်တွေ၊ မြတွေသီးလို့၊ ဝတ်စားဆင်ယင်ထားတာ တောက်တောက်ပြောင်းပြောင်။

ကျောင်းဆရာ၊ ဆရာမတွေကလည်း တပြုံးပြုံး၊ ရယ်ရယ်မောမော။ ဝန်ကြီးနှင့်ဇနီးကလည်း တသော သော၊ မျက်နှာများကကျောက်ကျောဆမ်းထားသလို။ ကလေးမျာကတော့ အာဟာရလည်းစားရ၊ ကျောင်းသုံးပစ္စည်းတွေလည်းရမယ်ဆိုတော့ ရယ်ရွှင်ပြုံးပျော် ခုန်ပျံကစား။

မကြာမီ အခမ်းအနားမှူးက ‘ကလေးများ တန်းစီကြပါ။ ပစ္စည်းများဝေငှပါတော့မယ်’ ဟု ပြောလိုက် သည်။ လုပ်အားပေးများက ကလေးများကို စနစ်တကျတန်းစီစေသည်။ ပစ္စည်းဝေမည့် ဝန်ကြီးဇနီးက ပစ္စည်းများ တင်ထားသော စားပွဲရှည်ကြီးရှေ့တွင် မတ်တတ်ရပ်နေရာယူထားသည်။ ဝန်ကြီးက ဖိတ် ကြားထားသော မီဒီယာများကိုဓာတ်ပုံရိုက်ရန် အသင့်စီစဉ်နေသည်။

မကြာမီ တန်းစီနေသော ကျောင်းသား၊ ကျောင်းသူများကို ဝန်ကြီးကတော်က ပစ္စည်းများ ဝေငှရင်း၊ လက်ဆွဲနှုတ်ဆက်တပြုံးပြုံးနှင့်။ မီဒီယာများ၏ ဖျက်ခနဲ၊ ဖျတ်ခနဲ ကင်မရာများကလည်း တလက် လက်။ နက်ဖြန်ခါ နိုင်ငံပိုင်အစိုးရသတင်းစာများတွင် ဝန်ကြီးနှင့် ဝန်ကြီးကတော်တို့၏ ပညာရေး၏ဒါန အလှူသတင်းကြီးကတော့ ခံ့ခံ့ညားညား ဝေဝေဆာဆာ ပါတော့မည်။

ပစ္စည်းများ ဝေငှပြီးသွားပြီ။ ကျောင်းသားများကလည်း ပျော်တပြုံးပြုံးနှင့် ပစ္စည်းများပိုက်ပြီး မတ်တတ် ရပ်နေကြသည်။ ဝန်ကြီးက ကျောင်းဆရာ၊ ဆရာမများဘက်လှည့်၍ တစ်ခုခုကိုပြောနေသည်။ ပြီး တော့ ကလေးများဘက်သို့လှည့်၍ ‘ကလေးတွေ ပျော်ကြရဲ့လား’ ဟုမေးလိုက်သည်။

‘ပျော်ပါတယ်ခင်ဗျား’

ကလေးများက သံပြိုင်ဖြေလိုက်ကြသည်။

‘သားတို့အစ်မက (ဝန်ကြီးကတော်ကိုရည်ရွယ်ရင်း) သားတို့၊ မီးမီးတို့ကို အာဟာရလည်းကျွေးတယ်။ ပစ္စည်းတွေလည်းပေးတယ်ဆိုတော့ ကျေးဇူးမတင်ကြဘူးလား’

(ဒါက ကျောင်းဆရာမကြီးရဲ့စကား)

ကျောင်းသားများက -

‘ကျေးဇူးတင်ပါတယ် ဆရာကြီး’

‘ကျေးဇူးတင်ရင် သားတို့အစ်မကို ဆုတောင်းပေးကြဦးလေ’

ဆရာမကြီး၏ စကားအဆုံးတွင် ကျောင်းသား၊ ကျောင်းသူများတစ်ပြိုင်နက် အော်ဟစ်၍ ဆုတောင်း ပေးလိုက်ကြသည်။ လက်ခုပ်သံတညံညံနှင့် ဆုတောင်းသံများကြားတွင် ဝန်ကြီးရောဝန်ကြီးကတော်ပါ ‘ဟိုက်’ ဟု အသံထွက်ပြီး ပတ်လက်လန်ကသွားကြသည်။ ဆရာ၊ ဆရာမများလည်း မျက်လုံးပြူး၊ မျက် ဆန်ပြူး အထိတ်တလန့်ဖြစ်သွားကြသည်။ တစ်ကျောင်းလုံး လှုပ်လှုပ်ရွရွ။ တအံ့တသြဖြစ်ကုန်ကြ သည်။ ကျောင်းသား၊ ကျောင်းသူများ ဆုတောင်းလိုက်ပုံကား -

‘အစ်မစု ကျန်းမာပါစေ။

အစ်မစု ကျန်းမာပါစေ’ ဟူသတည်း။

စံတော်ချိန်သတင်းစာ

ဇူလိုင်လ (၈) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com