မြန်မာကိုပြန်လည် တည်ဆောက်သူတွေ ကြုံရသည့် ဘာသာစကားအခက်အခဲ

http://www.csmonitor.com/var/ezflow_site/storage/images/media/content/2012/0820-myanmar-censorship-media/13501680-1-eng-US/0820-myanmar-censorship-media_full_600.jpg

သည်အချိန်က မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ၏ အရုဏ်ဦး ဖြစ်သည်။ အကယ်၍ မြန်မာစကားမှာသည်စကားစုအတွက် မြန်မာလိုကိုယ်ပိုင်စကားအသုံးရှိခဲ့သည်ဆိုပါက ယခုလိုသာပြောရပေမည်။

စစ်အာဏာရှင်ဟောင်းများက ကမ္ဘာကြီးကို တံခါးဖွင့်ပေးလိုက်ချိန်မှာ ဘာသာစကား အားနည်းမပြည့်စုံမှုက တားဆီးပိတ်ဆို့ထားသလို ဖြစ်နေပါသည်။

မြန်မာနိုင်ငံသည် ရာစုနှစ် ဝက်ကျော်ကြာ အပြင်ကမ္ဘာနှင့် အဆက်ပြတ်ခဲ့ပြီး တရားမဝင် ဖက်စ်ပို့သည့်စက်ကို ပိုင်ဆိုင်ရုံမျှ ဖြင့် လူတွေကို ထောင်ချခြင်းထိ ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်၏။ တစ် ကမ္ဘာလုံးက သတင်းနည်းပညာ ခေတ်ကိုသွားနေသော အချိန်တွင် မြန်မာကပုံနှိပ်ထုတ်ဝေမှုများ အတွက် တင်းကျပ်သောဆင်ဆာအဖွဲ့၊ ကမ္ဘာ့မီဒီယာများနှင့် ဆက် သွယ်နိုင်ရန် အကန့်အသတ် ရှိခြင်း၊ အင်တာနက်ဆက်သွယ်ရေး နှေးကွေးလွန်းခြင်းက မြန်မာစာဖွံ့ဖြိုးမှုကို အားနည်းစေခဲ့ပါသည်။ မရှိမဖြစ်သုံး နောက်ဆုံးပေါ်နိုင်ငံရေးနှင့် နည်းပညာဝေါဟာရများ ကို မြန်မာဘာသာဖြင့် ဖလှယ်ပြန် ဆိုမှုမရှိဖြစ်ခဲ့ရပါသည်။

ယနေ့ မြန်မာက အပြောင်း အလဲကာလကိုရောက်လာသည့် အချိန်မှာ နိုင်ငံခြား ဝေါဟာရ စကားလုံးအတော်များများ မြန်မာပြည်တွင်းကို အလုံးအရင်းရောက်လာသည်။ သို့သော်လည်း ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို ဘာသာပြန်ဆိုမှု မရှိဘဲ သုံးစွဲနေကြပါသည်။

Democracy ဆိုသော အင်္ဂလိပ်စကားလုံးသည် မြန်မာဘာသာစကားသို့ ဆယ်စုနှစ်များ အကျော်ကတည်းက ရောက်ရှိခဲ့ပါသည်။ သည်စကားလုံးကို မြန်မာတွေက ဒီမိုကရေစီဟုသာ အသံထွက်ပါသည်။   မြန်မာ အတော်များများအတွက်သည် စကားလုံးကနိုင်ငံခြားဘာသာ စကားလုံးဖြစ်ပြီးအတိုကောက် အနှစ်ချုပ်ထားသည်ဟု ထင်ကြသည်။ ထို့ပြင် racismနှင့် federal (သို့မဟုတ်) globalization လို အသုံးများသောစကား လုံးများအတွက်လည်း မြန်မာဘာ သာမှာ ပင်ကိုစကားအသုံးမရှိပါ။

‘‘မြန်မာဘာသာက အင်္ဂလိပ် ဘာသာထက်စာရင် နိုင်ငံရေးဝေါ ဟာရစကားလုံးအရမ်းအားနည်း ပါတယ်။ အရာအားလုံးက တိုင်း ပြည်ရဲ့ နိုင်ငံရေးအနာဂတ်ဖြစ်နေ တဲ့ ဒီလိုအချိန်မှာ ဒါက အန္တရာယ် လည်းရှိသလို ကန့်သတ်မှုတွေ လည်း ဖြစ်လာစေတယ်’’ဟု သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကပြောသည်။ သူက သမ္မတဦးသိန်းစိန်၏ အကြံပေးလည်း ဖြစ်ပါသည်။

ပြည်ပမှကျွမ်းကျင်သူများ က မြန်မာအစိုးရကို ကွန်ပျူတာ ကိုယ်ရေးဆိုင်ရာလုံခြုံမှုဥပဒေကို ပြဋ္ဌာန်းရန်တိုက်တွန်းသည့်အခါ မြန်မာဘသာပြန်သူများက ခေါင်းကုတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာဘာသာတွင် privacy ဆိုသည့် စကားလုံးကို အတိအကျညွှန်းဆိုသည့် ဘာသာ ပြန်စကားလုံးမရှိသည့်အတွက် ဖြစ်၏။ မြန်မာမှာ သည်စကားလုံး နှင့် နီးနီးစပ်စပ်ဆင်တူယိုးမှားပင် မရှိ။ အဘယ်ကြောင့်ဆိုသော် ရိုး ရာဓလေ့ထုံးစံအရ လူတွေက အများနှင့်အတူနေ အတူအိပ်ရောနှောနေတတ်ကြသည့် လူမှုအသိုင်းအဝိုင်းမျိုးဖြစ်ရာ ကိုယ်ရေးဆိုင်ရာသီးသန့်လုံခြုံမှုဆိုသည်က နည်းနည်းသာရှိသည်။

နိုင်ငံခြားအကြံပေးတွေနှင့် ပညာရှင်များက လူမှုရေး၊ အုပ် ချုပ်ရေးအဖွဲ့အစည်းများ ထုံးတမ်း အစဉ်အလာသဘောတရားများ ကို သင်ကြားပို့ချသည့်အခါ စကားပြန်များ အခက်အခဲဖြစ်ရလေ သည်။ မြန်မာဘာသာစကားတွင် အဖွဲ့အစည်း  ဆိုတာအတွက်စကားလုံးရှိသော်လည်း institution ဆိုတာနှင့် ကိုက်ညီမည့် စကားလုံးတစ်လုံးမှမရှိဟု ပြည်တွင်းဘာသာစကား ပညာရှင်များကဆိုပါသည်။

ဗြိတိသျှ ကိုလိုနီခေတ်တွင် အင်္ဂလိပ်စကားများက မြန်မာ စကား၌ မွေးစားသုံးစွဲခြင်းခံရ သည်။  ဥပမာ ဘတ်ဂျက်နှင့် ဘီယာလိုစကားလုံးများဖြစ်သည်။ သို့ရာတွင် အနှစ်  ၅၀ ကြာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရလက်ထက်မှာ မြန်မာ့ယဉ်ကျေးမှုကို ပျက်စီးစေသည့် မွေးစားစကားလုံးများကို သုံးစွဲခြင်းကို ကန့်သတ်ခဲ့သည်ဟု ပညာရှင်များက ဆိုသည်။

၂၀၁၁ တွင် စစ်တပ်က အာ ဏာကို လွှဲပြောင်းပေးသည့်အခါ နိုင်ငံခြားသားများက တိုင်းပြည် ထဲသို့ အလုံးအရင်းဝင်လာကြပါ သည်။ သမ္မတနှင့် နိုင်ငံခြားသား များ၏ ဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ထိပ်တန်းစကားပြန်များ စကားပြန် လုပ်ပေးသည့်အခါ အနားတွင်ရှိနေခဲ့သည့် ဦးသန့်မြင့်ဦးက စကားပြန်များသည် ပြောဆို ဆွေးနွေးမှု၏ ၁၀ ရာခိုင်နှုန်းလောက်ကို ဘာသာမပြန်နိုင်ကြဟု ဆိုပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဗစ်ကီဘိုမန်းက ဦးသန့်မြင့်ဦးပြောသည့် ၁၀ရာခိုင်နှုန်းဆိုတာ ပေါ့ပေါ့လျော့ လျော့နှင့် အကောင်းမြင်ပြောထား တာဖြစ်သည်ဟု ဆိုသည်။

‘‘ကျွန်မကတော့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်ကို ဘာ သာမပြန်နိုင်ဘူးလို့ ဆိုချင်တယ်’’

မစ္စစ်ဘိုမန်းက Myanmar Center for Responsible Busi-ness ဆိုသည့်အဖွဲ့အစည်းက ဒါရိုက်တာဖြစ်၏။ သူနှင့်လုပ်ဖော် ကိုင်ဖက်များက သူတို့အဖွဲ့၏ အမည်ကို မြန်မာလိုခေါ်ဖို့ ဘာသာပြန်ဆိုကြရာ အချိန်နာရီ အတော်ကုန်ခဲ့ပါသည်။

ထို့နောက် အင်္ဂလိပ်စကား ကို အင်တာနက်ဖြင့် ဘာသာပြန် သည့်အခါ ပုံပန်းမကျသည့် အလို အလျောက်ဘာသာပြန်ပေးသည့် အင်္ဂလိပ်စကားကဲ့သို့ ပုံစံမျိုးနှင့် တူသည့် မြန်မာနာမည်တစ်ခုကို သာ သူတို့ရရှိခဲ့ပါသည်။

မြန်မာစကား၏ ပုံစံတည် ဆောက်မှုက တရုတ်တိဗက်ဘာ သာစကားအုပ်စုကဖြစ်ပြီး အင်္ဂ လိပ်ဘာသာစကားနှင့် အသွင်ကွဲ ပါသည်။ မြန်မာလိုရေးသားရာ တွင် အင်္ဂလိပ်ဘာသာလိုနေရာ ခြား၍ ရေးသားခြင်းမရှိဘဲ အခြေခံအားဖြင့် စကားလုံးကလည်း  အင်္ဂလိပ်ဘာသာထက်စာလျှင် ပို၍ဖောင်းပွပါသည်။

ထိပ်တန်းမြန်မာစကားဘာ သာပညာရှင်တစ်ဦးဖြစ်သည့် လန်ဒန်တက္ကသိုလ်မှ ပညာရှင် ဂွန်အိုကယ်လ်က မြန်မာစကား တစ်ခုတည်းသာ ဘာသာပြန်ဖို့ ခက်ခဲတာမဟုတ်ဟု ဆိုပါသည်။

‘‘အလွယ်ပြောရရင် ဘာသာ စကားနှစ်ခုကြားမှာ စကားလုံး တွေက အချင်းချင်းအဓိပ္ပာယ်တူ တာ ကိုက်တာမရှိတာပါ။ မြန်မာ က ပွင့်လင်းပြောင်းလဲလာချိန်မှာ အင်္ဂလိပ်စာလုံးအသစ်တွေ အများကြီးရောက်လာတယ်။ တဖြည်း ဖြည်းနဲ့ ပုံစံဝင်လာလိမ့်မယ်။ ဒါကတော့ တဖြည်းဖြည်းနဲ့ အချိန်ယူ ပြီးမှဖြစ်လာမယ့်အရာမျိုးပါ’’

ယခုအချိန်ထိ သည်ဘာသာ စကားအခက်အခဲကိုဖြေရှင်းဖို့အလွန်ကြီးမားနေမှန်း၊ အဓိပ္ပာယ်ကို ရှိနှင့်ပြီးသော မြန်မာစကားလုံးနှင့် အတိအကျမရှင်းပြနားမလည်နိုင် မှန်း ဘယ်သူကမှ တင်ပြအကြံပြု ခြင်းမရှိသေးပါ။ အခြားဘာသာ က မွေးစားစကားလုံးဖြစ်သည့် ဒီမိုကရေစီလိုအရာမျိုးကို မြန်မာစကားထဲမှာ နားလည်လက်ခံစွာ ယူသုံးနေပြီး တိုင်းပြည်က အဓိကအတိုက်အခံပါတီ၏ အမည်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဟုပင် အသုံးပြုနေပါသည်။

သို့သော် မေးခွန်းထုတ်စရာ ရှိတာက နှစ်ပေါင်းများစွာ ရက် ရက်စက်စက်ဖိနှိပ်အုပ်ချုပ်မှုတွေ ခံခဲ့ရအပြီးမှာ မြန်မာနိုင်ငံက တိုင်းသူ ပြည်သား ၅၁ သန်းကသည်စကားလုံးတွေကို ဘယ်လိုကောင်းကောင်းနားလည်သလဲ ဆိုတာပဲ ဖြစ်ပါသည်။

‘‘ဒီမိုကရေစီတို့၊ အင်စတီ ကျူးရှင်းတို့၊ ဖရီးဒမ်းတို့ ဒါတွေ အားလုံးပေါ့လေ။ မြန်မာတွေက တော့ ဖရီးဒမ်းအစစ်ဆိုတာဘာ၊ အဲဒါကို ဘာလုပ်ရမယ်ဆိုတာတွေကို သိမယ်လို့တော့ မထင်ဘူး။ သူတို့အတွက် လွတ်လပ်မှုဆိုတာ ည လယ်သန်းခေါင်လောက် ဘယ်သူကမှ အိမ်တံခါးမခေါက်သရွေ့လွတ်လပ်တာပဲလေ’’ဟု  7DayDailyအယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းကဆိုပါသည်။

တစ်ခါတစ်ရံ စကားလုံးတွေ၊စကားစုတွေက ဘာသာပြန်ဖို့ မခက်ခဲတာတောင်မှ စစ်အုပ်ချုပ် ရေးစနစ် အကျိုးဆက်ကြောင့် တလွဲအဓိပ္ပာယ် ဖြစ်သွားနိုင်ပါသည်။

ဥပမာ "rule of law"ဆိုသည် ကား အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ လက် သုံးစကားဖြစ်ပါသည်။ သို့သော် သူက သူပြောသည့် ထိုစကား၏ အဓိပ္ပာယ်ဆိုလိုရင်းကို တိုင်းပြည် အနှံ့ မိန့်ခွန်းပြောသည့်အခါ ရှင်း ပြဖို့ပျက်ကွက်ခဲ့ပါသည်။

 ထို့ကြောင့် မြန်မာများ၏ နားထဲတွင် "rule of law" ဆိုလျှင် စစ်ဗိုလ်ချုပ်များ၏ လက်သုံးစကားဖြစ်သည့် သူတို့ ထုတ်ပြန်သော ဥပဒေများကို လိုက်နာရမည့် တရားဥပဒေစိုးမိုးရေးဆိုသည့် သဘောမျိုး ကြားမြင်သက်ရောက်နေပါသည်။‘‘အဲဒါက တကယ်တော့ လူ တွေကိုဆွဲဆောင်နိုင်တဲ့ စကား မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ က ဥပဒေကိုစိုးမိုးဖို့ဆိုတာ တရား ဥပဒေနဲ့ စဉ်းစားတာမဟုတ်ဘူး လေ။ လူတွေကို ငြိမ်ပိနေအောင် လုပ်ထားတာ။ ကျွန်တော်တော့ လူအတော်များများက ဒါကဘာ ဆိုလိုတယ်ဆိုတာ သေသေချာ ချာနားမလည်ဘူးလို့ ထင်တာပဲ’’ ဟုစာရေးဆရာဖေမြင့်က ပြောသည်။

နောက်ထပ် ဘာသာပြန်ရာ တွင် အလားတူပြဿနာတစ်ခုက တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဖြစ်၏။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ် ကို တောင်းဆိုကြသည်။ ဖက်ဒရယ်ဆိုတာက အနောက်နိုင်ငံ များဆီက ယူသုံးသောစကားလုံးဖြစ်ပြီး မြန်မာလို အဓိပ္ပာယ် အကျဉ်းသာရှိနေသေးသည်။ စစ်ခေါင်း ဆောင်တွေအတွက် ထိုစကားလုံးက ပြည်မမှသီးခြားခွဲထွက်ခြင်းနှင့် ဆက်စပ်ယူဆနေပြီး ခြိမ်းခြောက်သလိုဖြစ်နေသည်ဟု ဦးသန့်မြင့်ဦးက ဆိုသည်။

ယနေ့ မြန်မာနိုင်ငံအနေဖြင့် ခြေတစ်လှမ်းက အာဏာရှင်စနစ် မှာရှိနေကာ ခြေတစ်လှမ်းက အ နောက်တိုင်းကို အားကျသည့် ဒီမိုကရေစီလမ်းပေါ်သို့ ကူးနေသည်။ ထို့ကြောင့် ကိုးရိုးကားရား မဆီမလျော်တွေ ဖြစ်စေသည်။ မကြာသေးမီက အစိုးရပိုင်မြန်မာ့အလင်း သတင်းစာတွင် တစ်ဖက်က ရိုးသားကြိုးစားသော လယ်သမားကြီးများကိုဂုဏ်ပြုထားသည့် ဆောင်းပါးနှင့် တစ်ဖက်က အမေရိကန်ရုပ်သံ အစီအစဉ်တစ်ခုဖြစ်သော Keeping Up With the Karda-shian အကြောင်း ချီးမွမ်းသည့် ဆောင်းပါးကအတူ တွဲပါလာတာကို တွေ့ရသည်။

ခေတ်မီနည်းပညာနိုင်ငံခြား က အယူအဆတွေနှင့် ထိတွေ့ လာရသော မြန်မာလူငယ်များက တော့ မျိုးဆက်တွေအကြား စကားလုံးကွာဟမှုကို ဖန်တီးပြီး ကြီးပြင်းလာရသလိုဖြစ်ပါသည်။

အန်းဒရွိုက် တယ်လီဖုန်း တွေအတွက် လုပ်ဆောင်ချက်များကို ဖန်တီးရသူပညာရှင် develo-per ဒေါ်အိမြတ်နိုးခင်က သူ့အလုပ်သည် သူ့မိသားစုဝင်အချို့တွက် နားမလည်နိုင်စရာ ဖြစ်နေသည်ဟု ဆိုသည်။

‘‘ကျွန်မအလုပ်အကြောင်း ကို အမေနဲ့ သူ့သူငယ်ချင်းတွေကို ပြောပြတဲ့အခါ မြန်မာလို ကျွန်မ က မရှင်းပြတတ်ဘူး။ Developer တွေအတွက် မြန်မာလိုစကားလုံး မရှိဘူး။ အဲဒီအခါ ကျွန်မက ပရို ဂရမ်မာဆိုတဲ့ အင်္ဂလိပ်စကားလုံး ကိုသုံးပြောတယ်။ သူတို့ကပရိုဂရမ်မာဆိုတာကိုလည်းနားမလည်တဲ့အခါကျရင်တော့ အဲဒါက ဖုန်းအထဲမှာရှိပြီး အလုပ်ဖြစ်အောင် လုပ်တာလို့ပြောရတယ်။ အဲဒီကျတော့သူတို့ကပြောကြတယ်။ သြော်...ကွန်ပျူတာလုပ်တဲ့ စာကိုးတဲ့’’

သည်တစ်ခါကျတော့ သူတို့ တွေက ကွန်ပျူတာဆိုသည်စကား လုံးကို အင်္ဂလိပ်လိုပဲ ပြောကြားရ ပါသည်။အဘယ်ကြောင့် ဆိုသော် ကွန်ပျူတာ (သို့မဟုတ်) ဖုန်းလို အရာတွေအတွက် မြန်မာစကား လုံးမရှိသည့်အတွက်ဖြစ်ပါသည်။

(နယူးယောက်တိုင်းမ် သတင်းစာပါ ဆောင်းပါးရှင် သောမတ်ဖူလာ၏ Those who would remakeMyanmar that worlds fail them ဆောင်းပါးကို ထားထားမြင့် ဘာသာ ပြန်ဆိုသည်။)

7 Day Daily,

No.802 Wednesday, July 22, 2015
Powered by Bullraider.com