မူလတန်းဆင့် ကဗျာသင်ကြားရေး

Category: ဆောင်းပါး
Published on Tuesday, 04 August 2015 01:32
Written by မောင်တင်စိုး (သစ်ရာကောက်)

https://pbs.twimg.com/media/CAISqKtUYAASVjF.jpg

မိခင်၏ ရင်ခွင်ပိုက်ဘဝမှ ကျောင်းရောက်လာသည်အထိ အဆင့်ဆင့်သီကျူးရွတ်ဆိုကြသော ကလေး တေးကဗျာ၏ သမိုင်းကြောင်းကို မတင်ပြမီရှေးဦးစွာ ကဗျာ၏သဘောကို စူးစမ်းကြည့်မိပါသည်။

ကဗျာဟူသည် ဘာသာစကားကို အကောင်းဆုံးပုံသဏ္ဌာန်ဖြင့် ရေးဖွဲ့ထားသောစာပေဖြစ်ပါသည်။ ဘာသာစကားကို ကျစ်ကျစ်လျစ်လျစ်ထိထိမိမိ ကိုင်တွယ်အသုံးချထားသော လူ့နှလုံးသား၏ ခံစားမှု လက်ရာဖြစ်ပါသည်။ ဘာသာစကားတွင် စကားလုံးတို့၏စည်းလုံးမှု (UNITY OF VERBAL) သည် ကဗျာ၏အသက် ဖြစ်ပါသည်။ စကားလုံးတို့၏ စုစည်းမှုခွန်အား ကျစ်ကျစ်လျစ်လျစ်ရှိသည်နှင့်အမျှ ကဗျာ၏အနက်အဓိပ္ပာယ် ကောင်းမွန်လေဖြစ်ပါသည်။ ကဗျာကပေးနိုင်သော ရသခွန်အားသည်လည်း ပို၍ထက်မြက်လေလေ ဖြစ်ပါသည်။ ကဗျာ၏အစွမ်းသတ္တိကြီးမားလေလေ ဖြစ်ပါသည်။ ကဗျာတိုသည် ရှည်သည်မှာ ပဓာနမဟုတ်ပါ။ ကဗျာအတိုအရှည်ကိစ္စသည် ပဓာနမဟုတ်ဟုပြောရခြင်းမှာ အခြား ကြောင့်မဟုတ်ပါ။ မူလတန်းအဆင့် မြန်မာစာပြဋ္ဌာန်းချက်ပါကဗျာများ အပါအဝင်ကလေးသူငယ်တို့၏ အရွယ်နှင့်လိုက်ဖက်ညီညွတ်မှုရှိသော ကဗျာများသည် ကဗျာတိုများဖြစ်သည်ဟု ပေါ့တန်စွာသဘော ထားမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

မူလတန်းအဆင့်တွင် ပြဋ္ဌာန်းထားသော ကဗျာများတို့သည် တိုပင်တိုသော်လည်း ကျစ်လျစ်သော စကားလုံးများဖြင့် ဖွဲ့စည်းထားသောကဗျာများဖြစ်ပါသည်။ ထက်မြက်သောကဗျာများ ဖြစ်ပါသည်။ အကြောင်းအရာအားဖြင့်လည်းကောင်း၊ အသံအားဖြင့်လည်းကောင်း၊ အမျိုးအစားဖြင့်လည်းကောင်း နူးညံ့သိမ်မွေ့ပြီး နှစ်သက်ကြည်နူးဖွယ်ကောင်းသော ကဗျာများဖြစ်ပါသည်။ ဤသို့သော ကောင်းမြတ် သည့်အင်္ဂါရပ်များဖြင့် ပြည့်စုံသောကဗျာများကို ကလေးတို့သင်ယူခွင့်ရကြသည်မှာ ကံကောင်းသည် ဟုဆိုရပါမည်။ သို့သော်ကလေးတို့အတွက် အပြည့်အစုံကံကောင်းပြီဟူ၍ကား မဆိုရဲသေးပါ။ ဤ ကဗျာများကို သင်ပြသူ ဆရာ၊ ဆရာမများ၏ ကဗျာသင်ကြားမှုစွမ်းရည် ခေတ်မီထက်မြက်ပါမှ ကဗျာ သင်ယူခွင့်ရသူကလေးများ ကံကောင်းသည်ဟု အပြည့်အဝဆိုနိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ငယ်ရွယ်စဉ်ကလည်း ဤလိုကဗျာမျိုးမြောက်များစွာကို သင်ယူခွင့်ရခဲ့ကြပါသည်။ ပြဋ္ဌာန်းစာ အုပ်ပါ ကဗျာများကိုသာမက တပည့်များအပေါ်စေတနာကောင်း ထားကြသောဆရာ၊ ဆရာမတို့၏ ကျေးဇူးကြောင့် ပြဋ္ဌာန်းစာအုပ်တွင်မပါဝင်သော ပြင်ပကလေးကဗျာများကိုလည်း ကြည်နူးပျော်ရွှင်စွာ ရွတ်ဖတ်သီဆိုခွင့် ရရှိခဲ့ပါသည်။

ကျွန်ုပ်တို့ ရှေးရှေးလက်ထက် ကလေးသူငယ်များမှစ၍ မျက်မှောက်ခေတ်ကလေးသူငယ်တို့အထိ နားကြားခွင့်၊ ရွတ်ဖတ်သီဆိုခွင့်ရရှိလာခဲ့ကြသော ကလေးတေးကဗျာများ စတင်ပေါ်ပေါက်ဖြစ်ထွန်း လာသောလမ်းကြောင်းကို ခြေရာကောက်၍ကြည့်ပါမည်။ ဤသို့လေ့လာရာတွင် မိခင်နှင့်ကလေးတို့၏ အပြန်အလှန်ဆက်သွယ်မှု မေတ္တာလမ်းကြောင်းကို စတင်တွေ့ရှိရပါမည်။ မိခင်နှင့်ရင်သွေးငယ်၏ အကြားတွင် မမြင်ရသောမေတ္တာစိတ် သံယောဇဉ်ကြိုးမျှင်သည် ကမ္ဘာဦးအစမှ ကနေ့တိုင်အောင် ခိုင်မြဲစွာသွယ်တန်းနေလျက်ရှိပါသည်။ ကလေးသူငယ်တို့အတွက် တေးကဗျာဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက်ကလေးသူငယ်ကို မွေးဖွားသန့်စင်ပေးလိုက်သော မိခင်၏နှလုံးအိမ်မှစိမ့်ယိုစီးကျလာ သော မေတ္တာစိတ်ကို ဦးဦးဖျားဖျားတွေ့ရမည် ဖြစ်ပါသည်။ မိခင်၏မိမိရင်မှ မေတ္တာစာကို စိတ်အလျင် ဖြင့် ကလေးထံအရောက် ထုတ်လွှင့်ပေးရုံမျှဖြင့် မရောင့်ရဲနိုင်ရကား။ မိမိမေတ္တာကို ဖော်ကျူးသည့် အသံလှိုင်း၊ အသံအလျင်ဖြင့်ပါ ကလေးထံရောက်အောင် အားထုတ်ပါသည်။ ထိုအခါမိခင်၏ မေတ္တာ သည် နှလုံးအိမ်မှတစ်ဆင့် နှုတ်ဖျားသို့ကူးပြောင်းကာ

အေး-အေး-အို-အို အိုး အေ-ဟူသည် သရသံသည် စာသားအဖြစ် စကားလုံးအဓိပ္ပာယ်ဖွင့်မရသော် လည်း မေတ္တာသဘောနက်ရှိုင်းစွာ သက်ရောက်နေသော ကမ္ဘာဦးရေကလေးတေးကဗျာအဖြစ် ယူဆ နိုင်ပါသည်။ ထို့ကြောင့်ပင် ကလေးကဗျာအစ သားချော့တေးကဟု ဆိုစမှတ်ပြုခဲ့ကြပါသည်။ ကလေး ငယ်သည် ငယ်နုစဉ်ဘဝမှစ၍ မိခင်၏ အေအေး အိုအို တေးပုခက်တွင် နှစ်ခြိုက်ကြည်နူးစွာဖြင့် တေး ကဗျာ၏အရသာကို ခံစားခွင့်ရခဲ့ပါသည်။

ထိုမှတစ်ဆင့် ဖဝါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်အရွယ် လူ့ဘဝကိုစတင်ကာ တစ်စတစ်စကြီးပြင်း လာသောကလေးသည် သူ၏ပတ်ဝန်းကျင် နယ်ပယ်ကျယ်ဝန်းလာသည်နှင့်အမျှ၊ ကဗျာသစ်ကလေး များကိုလည်း နားထောင်ကြည်နူးခွင့်၊ နှစ်ခြိုက်ခံစားခွင့် တိုးတက်လာပါသည်။ ကဗျာတေးသံနာယူ ခံစားရင်းကလေးမှာလည်း အပေါင်းအသင်းနယ်ပယ် တိုးပွားလာပါသည်။ မိတ်သစ်-ဆွေသစ်များ တိုး ပွားလာပါသည်။ မိတ္ထီလာကန်တော်အောက်က မျက်လုံးကြောင်တောင်တောင်နှင့် ဖားကောင်သေး သေးကလေးကို ခင်မင်စပြုလာပါသည်။ အဖမ်းခက်လှသော ခိုဖြူခိုပြာနက်သည် ကလေး၏မိတ်ဆွေ များဖြစ်လာပါသည်။ လူကလေးအိပ်ချိန်နီးလျှင် အိပ်တန်းပြန်လာသော ဗျိုင်းကလေးများကို သတိရ တတ်လာပါသည်။ မြစ်နဒီသောင်စပ်တွင် တောင်ခတ်လို့လူးနေသော ဗျိုင်းကလေးကို သနားတတ်လာ ပါသည်။ ညအခါတွင် ထိန်ထိန်သာနေသော ဖိုးလမင်းကြီးထံမှ ထမင်းဖြူဆီဆမ်းကို ရွှေလင်ပန်းနှင့် ထည့်ပေးဖို့ တောင်းတတ်လာပါသည်။

ထိုမှတစ်ဆင့်ကလေးငယ်သည် မိခင်၏ရင်ခွင်မှ တစ်စတစ်စကြီးပြင်းလာကာ ကစားတတ်သည့်အရွယ် အဖော်များနှင့်ပျော်ပျော်ပါးပါး ကစားကြသောအခါ ကစားရင်းသီဆိုစရာကဗျာများဖြင့် ရင်းနှီးခွင့်ရလာ ပြန်ပါသည်။ ကဗျာ့အရသာကို ခံစားခွင့်ရကြပြန်သည်။ မထွေးလေးကို လိုချင်သဖြင့် ဝဲပျံလာသော ဉာဏ်များလှသည့် ရွှေစွန်ညိုကြီးကိုကြည့်ကာ မုန်းချင်ချင်ဖြစ်လာပါသည်။ ရွှေစွန်ညိုကြီးကိုကြောက် သဖြင့် နောက်နားဆီမှာ ပုန်းကွယ်နေသော မထွေးလေးအတွက် စိုးရိမ်တတ်လာပါသည်။ ရွှေစွန်ညို ကြီးလက်သို့ မထွေးလေးပါမသွားရလေအောင် ညီညီညွတ်ညွတ် စုပေါင်း၍ကာကွယ်ရမည့်အသိ ဝင် လာပါသည်။ ရွှေဖလားနှင့် ကြက်သားကိုကိုင်နိုင်ဖို့အတွက် မိမိတို့ကြက်ဖကြီးအနိုင်ရရေးအားပေးရင်း ပျော်ပျော်ပါးပါး ကစားရသည်ကို ကြည်နူးမဆုံးနှစ်ခြိုက်မဆုံး ဖြစ်ကြရပါသည်။ မုန့်လုံးကိုစက္ကူကပ် လိုက်သည်နှင့် တစ်ပြိုင်နက်မှောင်မိုက်တွင် ငိုနေရသောဂျာအေးလေးကို သနားကာချာလည်လိုက်နေ သောကဗျာကို မောမှသာအဆိုရပ်လိုက်သော်လည်း ဆိုကောင်းကောင်းနှင့်ဆက်၍ ဆိုချင်ချင်ဖြစ်မိပါ သည်။

ဤသို့ဖြင့် ကလေးငယ်သည် အိမ်ပတ်ဝန်းကျင်တွင် အဖော်များနှင့်ကစားရာမှ ကျောင်းပတ်ဝန်းကျင်သို့ ရောက်လာပါသည်။ ကျောင်းတွင်လည်း အိမ်ပတ်ဝန်းကျင်မှ ရင်းနှီးခဲ့ရသော ကဗျာများဖြင့် ဆက်လက် သီဆိုခံစားခွင့်ရပြန်ပါသည်။ ထိုမျှမက အသိအလိမ္မာပညာတိုးစေမည့် ကဗျာများကိုလည်း မှတ်သား သင်ယူခွင့် ရရှိလာပါသည်။

ပညာတန်ဆောင် မဂ္ဂဇင်း

အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်

Powered by Bullraider.com