နီပေါနိုင်ငံမှ ဈေးအသက်သာဆုံးနဲ့ အရည်အသွေးမြင့်တဲ့ ကျောင်း

နီပေါနိုင်ငံမှာ ကော်ဖီတခွက်သောက်ရင် ၁ ဒေါ်လာ ကျပါတယ်။ ဥူတမ် ဆန်ဂျေလ်း ဆိုသူဟာ နီပေါမှာ နေ့ကလေးထိန်းကျောင်းကနေ အထက်တန်းကျောင်းအထိ ကျောင်း ၂၀ လောက် ဖွင့်ထားပါတယ်။ သူ့ကျောင်းတွေမှာ အရည်အသွေးမီ ပညာသင်ကြားရေး ပေးနေပေမဲ့၊ တလကို ကော်ဖီတခွက်ဖိုး ၁ဒေါ်လာ လောက်ပဲ ကောက်ယူပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေရဲ့ ကလေး ၂ သောင်းကျော်ဟာ သူ့ကျောင်းတွေမှာ ပညာ သင်ယူနေပါတယ်။ သူ့ကျောင်း နာမည်က ‘ဆမာတာ’ လို့ ခေါ်ပြီး အားလုံးအတွက် တန်းတူညီမျှမှုလို့ အဓိပ္ပါယ်ရပါတယ်။ ဒီအကြောင်း ခါသမန်ဒူမြို့ကနေ သတင်းထောက် ‘ရာဂျန် ပါရာဂျူလီယာ’(Rajan Parajuli) က သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ ကျေးလက်မှ မြို့ပြပြောင်းရွှေ့လာသူ သန်းပေါင်းများစွာကို ထိန်းချုပ်ဖို့စတင်

တရုတ်နိုင်ငံ ကျေးလက်ဒေသက လူတွေဟာ အစုလိုက်အပြုံလိုက် မြို့ပြကို ပြောင်းရွှေ့နေကြတာကြောင့် မြို့ကြီးတွေမှာ နေရာအလွတ် မကျန်တော့ မရှိသလောက်ကို ဖြစ်နေပါတယ်။ အကျိုးဆက်က မြေယာအငြင်းပွားမှုတွေ များလာတာပါ။ နှစ်တိုင်း တရုတ်တနိုင်ငံလုံးမှာ မြေကိစ္စအတွက် ထောင်သောင်းချီ ဆန္ဒပြမှုတွေ ရှိနေပါတယ်။ မကြာခင်က တရုတ်ပြည်တောင်ဘက်က ၀ူခန်မြို့မှာ မြေအငြင်းပွားမှုကြောင့် မကြုံစဖူး ပုန်ကန်ထကြွမှုတွေတောင် ဖြစ်ခဲ့ပါတယ်။ မြို့လူထုနဲ့ ကျေးရွာတွေက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ရောင်းချဖို့ အစိုးရ အာဏာပိုင်တွေက မြေတွေကို လိုက်သိမ်းပိုက်နေတယ်လို့ ပြောဆိုပါတယ်။ သူတို့က ဒေသအာဏာပိုင်တွေကို မြို့ထဲကနေ မောင်းထုတ်ဖို့ လုပ်ခဲ့ပြီး၊ နောက်ဆုံး လူထုနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ တရုတ်ကျေးလက်နဲ့ မြို့ကြီးတွေကြားမှာ ကွာဟချက်တွေကို ကျဉ်းမြောင်းအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာဖို့ လိုနေပြီလို့ လူထုက ဒေသအစိုးရတွေကို ဖိအားပေးလာကြပါတယ်။ တရုတ်နိုင်ငံ တောင်ဘက် ချောင်ကင်းမြို့မှ သတင်းထောက် ရေဘက်ကာ ဗဲလ်လီ(Rebecca Valli) က သတင်းပေးပို့ထားတာပါ။

 

တရုတ်နိုင်ငံ ကျေးလက်ဒေသက လူတွေဟာ အစုလိုက်အပြုံလိုက် မြို့ပြကို ပြောင်းရွှေ့နေကြတာကြောင့် မြို့ကြီးတွေမှာ နေရာအလွတ် မကျန်တော့ မရှိသလောက်ကို ဖြစ်နေပါတယ်။ အကျိုးဆက်က မြေယာအငြင်းပွားမှုတွေ များလာတာပါ။ နှစ်တိုင်း ရုတ်တနိုင်ငံလုံးမှာ မြေကိစ္စအတွက် ထောင်သောင်းချီ ဆန္ဒပြမှုတွေ ရှိနေပါတယ်။ မကြာခင်က ရုတ်ပြည်တောင်ဘက်က ၀ူခန်မြို့မှာ မြေအငြင်းပွားမှုကြောင့် မကြုံစဖူး ပုန်ကန်ထကြွမှုတွေတောင် ဖြစ်ခဲ့ပါတယ်။ မြို့လူထုနဲ့ ကျေးရွာတွေက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ရောင်းချဖို့ အစိုးရ အာဏာပိုင်တွေက မြေတွေကို လိုက်သိမ်းပိုက်နေတယ်လို့ ပြောဆိုပါတယ်။ သူတို့က ဒေသအာဏာပိုင်တွေကို မြို့ထဲကနေ မောင်းထုတ်ဖို့ လုပ်ခဲ့ပြီး၊ နောက်ဆုံး လူထုနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ရုတ်ကျေးလက်နဲ့ မြို့ကြီးတွေကြားမှာ ကွာဟချက်တွေကို ကျဉ်းမြောင်းအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာဖို့ လိုနေပြီလို့ လူထုက ဒေသအစိုးရတွေကို ဖိအားပေးလာကြပါတယ်။ တရုတ်နိုင်ငံ တောင်ဘက် ချောင်ကင်းမြို့မှ သတင်းထောက် ရေဘက်ကာ ဗဲလ်လီ(Rebecca Valli) က သတင်းပေးပို့ထားတာပါ။

ဖိလစ်ပိုင် ဆင်းရဲသားအိမ်တွေကို အလင်းရောင်ရရှိစေတဲ့ ဆိုလာ ရေဘူးမီးသီး

ဖိလစ်ပိုင်နိုင်ငံက ကျေးလက်ဒေသတွေနဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ လျှပ်စစ်မီး မရှိဘဲ နေနေကြရတဲ့ ဆင်းရဲသားတွေအတွက် အလင်းရောင် ရရှိဖို့ နည်းလမ်းသစ် တခု တီထွင်လိုက်ပါတယ်။ အဲဒီနည်းလမ်းက ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ရေ တလီတာ ထည့်ထားတဲ့ ပလပ်စတစ်ဗူးနဲ့ အလင်းရောင် ရရှိအောင် လုပ်ထားတာ ဖြစ်ပါတယ်။ လျှပ်စစ်မီးသီးအစား အဲဒီလို အသုံးပြုတာကို ‘Litre of Light’ လို့ နာမည်ပေးထားပါတယ်။  

အဲဒီအကြောင်းကို မနီလာမြို့မှ သတင်းထောက် ‘မဒွန်းနား ဗီရိုလာ’(Madonna Virola) က သတင်းပေးပို့ထားပါတယ်။ နားဆင်ကြည့်ပါ။

တရုတ်ပြည်မှာ အခြေချနေထိုင်တဲ့ ကာဇက်လူမျိုးများ

မကြာသေးခင်က အေးရှားကောလင်းက သတင်းထောက် ‘ကလဲရင့်ချွာ’ ဟာ တရုတ်ပြည်အနောက်ဖက် ပိုးလမ်းမကြီး တလျှောက်ကို ခရီးသွားခဲ့ပါတယ်။ သူဟာ တရုတ်အနောက်ဖက် ဂန်စု ပြည်နယ်က ကာဇက်လူမျိုး အများစုနေထိုင်တဲ့ တမူထူးခြားတဲ့ မြို့လေးကို ရောက်သွားပါတယ်။

ကာဇက်လူမျိုးတွေဟာ မူလက ဆားဗီးယားနဲ့ ပင်လယ်ပြာဒေသတွေ ကြားမှာ နေထိုင်ခဲ့သူတွေဖြစ်ပြီး နောက်ပိုင်းမှာ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ဖြစ်လာပါတယ်။ ၁၉၉၀ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာတော့ ကာဇစ်စတန်နိုင်ငံရယ်လို့ သီးသန့် ထွက်ပေါ်လာပါတယ်။  

ဒါပေမဲ့လည်း ဒီကနေ့ ကာဇက်လူမျိုးအများအပြားကို  ဗဟိုအာရှနဲ့  အရှေ့ဥရောပက နိုင်ငံ ၁၄ နိုင်ငံမှာ တွေ့မြင်ရပါတယ်။ ခေတ်သစ်တရုတ်ပြည်မှာ နေထိုင်နေကြတဲ့ ကာဇက်လူမျိုးတွေ အကြောင်း သတင်းထောက် ‘ကလဲရင့်ချွာ’ က သူ့အတွေ့အကြုံကို ပြန်ပြောပြ သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

တရုတ်ပြည်မှ အစိမ်းရောင်သူရဲကောင်း

အသက် ၇၁ နှစ်ရှိ တရုတ်လူမျိုး ‘၀ူဒန်မင်း’ ဟာ လယ်သမား၊ စစ်သား၊ အစိုးရအရာရှိ၊ တက္ကသိုလ်ပါမောက္ခ စတဲ့ ဘ၀မျိုးစုံကို ကျင်လည်ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။  ဒါပေမဲ့ သူ့စိတ်ထဲမှာ စွဲစွဲလန်းလန်းအမြဲရှိနေတဲ့ အလုပ်ကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်တဲ့ အလုပ်ပါပဲ။ သူ့ကို တရုတ် သတင်းမီဒီယာတွေက ‘အစိမ်းရောင် သူရဲကောင်း’ လို့ ခေါ်ကြပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီတွေက စီချွမ်ပြည်နယ်ရဲ့ သစ်တောတွေ ခုတ်ထွင်ရှင်းလင်းနေတာကို တွေ့ရတော့၊ တရားမ၀င်ခုတ်လှဲမှုတွေဖြစ်ကြောင်း မီဒီယာတွေကနေ ကျယ်ကျယ်လောင် သူ ပြောခဲ့ပါတယ်။ အစိုးရရဲ့ ကြီးမားတဲ့ စွမ်းအင်တည်ဆောက်ရေး စီမံကိန်းကြီးတခုကို ရပ်တန့်ဖို့ သူပြောဆိုခဲ့တာလည်း အောင်မြင်မှု ရခဲ့ပါတယ်။ အရင်က သူ့ရဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပြည်နယ်အစိုးရကတောင် အခု သူ့ကို ထောက်ခံ အားပေးလာပါတယ်။

ဒီအကြောင်းကို သတင်းထောက် ‘ရေဘက်ကာ ဗဲလ်လီ’ (Rebecca Valli) က ချောင်ကင်းတက္ကသိုလ်ရှိ ပါမောက္ခ ‘၀ူဒန်မင်း’ ရဲ့ ရုံးခန်းကို သွားရောက်ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။