အ.ထ.က(၁) ပြည်မှ ခုံအမှတ် ပပ-၇၈၆ ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူ ငါးဘာ သာဂုဏ်ထူးရှင် မောင်ထူးမြတ်အောင်နှင့် ခဏတာတွေ့ဆုံမေးမြန်းခြင်း

http://knitfreedom.com/wp-content/uploads/2014/10/interview-stick-figures.png

မေး။    ။ အခုလိုမြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်-၇ ရရှိခဲ့တဲ့အပေါ် မောင်လေးအနေနဲ့ ကျေနပ်မှုရှိလား။ ရင်တွင်းစကားသံလေးပြောပြပေးပါ။

ဖြေ။    ။ ဟုတ်ကဲ့၊ အခုလို အဆင့်-၇ ဝင်တဲ့အတွက် အရမ်းပျော်ပါတယ်။ ကြိုးစားရကျိုးလဲနပ်ပါတယ်။ ကြိုးစားသလောက် အရာထင်ခဲ့လို့ ပိုပြီးတော့ပျော်ပါတယ်။ မထင်မှတ်ပဲရသွားတော့ ပိုပျော်ပါတယ်။

မေး။    ။ အခုလိုမျိုး အောင်မြင်ဖို့အတွက် ဘယ်လိုမျိုးကြိုးစားခဲ့လဲ။ စိတ်ထဲမှာရော ဘယ်လိုမျိုးတွေး ပြီး ကြိုးစားခဲ့တာလဲ။

ဖြေ။    ။ ငါးတန်းလောက်ကတော့ ပုံမှန်လောက်ပဲစာလုပ်ခဲ့တာပါ။ ကိုးတန်းရောက်တော့မှ စာကိုပို ကြိုးစားလုပ်ခဲ့တယ်။ ၁၀ တန်းရောက်တော့မှ ပိုပြီးကြိုးစားခဲ့တာပါ။ ဂိုက်တွေဘာတွေနဲ့ သင်တာမျိုး တော့မရှိဘူး။ ကျူရှင်တက်တာပဲရှိတယ်။ ကျူရှင်ကိုလဲ သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ လေး ဘာသာပဲ ကျူရှင်ယူတယ်။ ဆရာတစ်ယောက်ချင်းစီမှာ သင်ခဲ့တယ်။ အခုလိုအောင်မြင်ခဲ့တာ ကျောင်း လဲအချိန်မှန်တက်ခဲ့တယ်။ စာကိုလဲပုံမှန် ည ၇ နာရီကနေ ၁၂ နာရီအထိ ကျက်တယ်။ မနက်ကို ၅ နာရီကနေ ၇ နာရီအထိ ပြန်ကျက်တယ်။ အားလုံးက ကိုယ့်ကြိုးစားအားထုတ်မှုလဲပါသလို သင်ကြား ပေးတဲ့ ကျောင်းဆရာ၊ ဆရာမတွေအကုန်လုံးရဲ့ အားတွေလဲပါပါတယ်။ ဒီအဆင့်ဝင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာတော့ မဟုတ်ပေမယ့် အကောင်းဆုံးကြိုးစားပြီး ဖြေမယ်လို့တွေးပြီး ဖြေခဲ့တာပါ။ အခုလို ဒီအဆင့်ဝင်ခဲ့တော့ အရမ်းပျော်တာပေါ့။

မေး။    ။ ဘာသာရပ်တွေထဲမှာက ဘယ်ဘာသာကို ပိုအားသာလဲ။ စာမေးပွဲဖြေချိန်မှာရော စိတ်ဖိစီးမှု ဖြစ်ခဲ့တာရောရှိလား။

ဖြေ။    ။ ကျွန်တော်အားသာတာက သင်္ချာဘာသာရပ်ပါ။ အခုလဲ သင်္ချာမှာ ၉၃ မှတ်ရတယ်။ စာမေးပွဲ ဖြေရက်မှာတော့ အရမ်းစိတ်ပင်ပန်းမခံဘူး။ စာမေးပွဲဖြေရက်မှာ စာအကုန်လုံးရပြီးသားဖြစ်နေတော့ အိပ်ရေးဝအောင်အိပ်တယ်။ စာမေးပွဲအခန်းထဲမှာ စိတ်ကြည်ကြည်လင်လင်နဲ့ ဖြေဆိုနိုင်အောင်ပါ။ စိတ်ဖိစီးမှုလဲမရှိဘူး။ စိုးရိမ်စိတ်လဲ မထားခဲ့ဘူး။ အမှားမပါအောင်ပဲလုပ်ခဲ့တယ်။ အေးဆေးပဲဖြေဆိုနိုင် ခဲ့ပါတယ်။

မေး။    ။ ဘယ်တက္ကသိုလ်ကိုတက်ဖို့ ရွေးချယ်ထားလဲ မောင်လေးရဲ့ရွေးချယ်မှုကိုရော မိဘတွေက အားပေးမှုရှိလား။

ဖြေ။    ။ ကျွန်တော့်ရည်ရွယ်ချက်က အင်ဂျင်နီယာဖြစ်ချင်တာ။ မိဘတွေကလဲ ငယ်ငယ်ကတည်းက ဒီလိုင်းကိုတက်ဖို့ ပြောဆိုသွန်သင်ဆုံးမထားတာပါ။ ဒါကြောင့် YIT ကိုတက်ဖို့ရွေးချယ်ထားတယ်။ မိဘတွေကလဲ အားပေးပါတယ်။ ဒုတိယဖြစ်ချင်တာကတော့ ရေကြောင်းကိုဝါသနာပါပါတယ်။

မေး။    ။ မောင်လေးတက္ကသိုလ်မတက်ခင် ဘာသင်တန်းတွေ တက်ဖို့ရှိသေးလဲ။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ အခုကျွန်တော်လက်ရှိမှာ သင်တန်းတွေတက်နေပါတယ်။ ဘာသာစကားသင် တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို တက်နေပါတယ်။ နောက်ပိုင်းကိုလဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။

Democracy Today Daily

ဇွန်လ (၁၄) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com