တက္ကသိုလ်မှာဆုံကြပါ

သမီးနှင့်သား-

ပြည်ထောင်စုအနှံ့က ကလေးတွေနဲ့ တွေ့ခွင့်ရခဲ့တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီကလေးတွေ စကားပြောကြတာလည်း အားရစရာပဲ။ ဘယ်လိုကလေးတွေ ကို ရွေးခဲ့တာ လဲဆိုတော့ မတူညီတဲ့ ဘ၀ပေါင်းစုံက ကလေးတွေကို ရွေးခဲ့တာ။ ဘယ်သူတွေရွေးခဲ့တာ လဲဆိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပေါ့ကွာ။

ဘယ်လိုဘ၀မတူတဲ့ ကလေးတွေလည်းဆိုတော့ ကျောင်းနေသူနဲ့ မနေသူ၊ မိသားစုရှိသူနဲ့ မရှိသူ၊ အိမ်ရှိသူနဲ့မရှိသူ။ အဲသလိုပေါ့ကွာ။ အမှိုက်ပုံမှာ စွန့်ပစ်ပစ္စည်းတွေ ကောက်ပြီး သန့်စင်ရောင်းနေတဲ့ ကလေးတွေတောင် ပါသေးတယ်။ ရက်ကန်းလုပ်သား ကလေး လည်းပါတယ်။ မျက်မမြင် ကလေးတွေပါတယ်။ စစ်ရှောင်စခန်းကလည်း ပါတယ်။

သူတို့တွေကို ဘယ်သူမှ သင်ပေးထားတာမဟုတ်ဘဲ တကယ် သူတို့ကြုံနေ ရတာတွေကို ပဲ ပြောကြတာ။ ပြီးတော့ စာတွေမှတ်စုတွေထုတ်၊ တူတာတွေ စုပြီး နောက်နေ့ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စားပွဲ တစ်ဝိုင်းတည်း အတူထိုင် ပြောကြတော့တာပဲ။

စားပွဲဝိုင်းတွေခင်းတဲ့အခါ အရင်နေ့တွေက သူတို့ ပြောခဲ့တဲ့ ခေါင်းစဉ်တွေခွဲပြီး ဆိုင်းဘုတ်တင် ထားတာ၊ ဥပမာကွာ ပညာရေး၊ ကျန်းမာရေး စသဖြင့်ပေါ့။ ပညာရေးဆိုရင် ကျူရှင် မရှိ တဲ့ စနစ်မျိုးလိုချင်တယ် လို့ပြောကြတယ်။ ဆရာ ဆရာမတွေကိုလည်း အရည်အချင်း ပြည့်မီတဲ့ ဆရာ ဆရာမတွေခန့်ပေးဖို့လည်း ပါရဲ့။ အထူးသဖြင့် ကျောင်းတွေမှာ ခေါင်းစဉ်မျိုးစုံနဲ့ ပိုက်ဆံကောက်နေ တာ ပြောတော့ လွှတ်တော် ကိုယ်စားလှယ်တွေက အံ့ဩပြီး ပြန်ပြောတယ်။ ဒီလောက် တားမြစ်စာတွေ ထုတ်ထားတာတောင် ပိုက်ဆံကောက်တုန်းလားတဲ့။ နယ်ကလူတွေ မသိကြဘူးလားလို့ ညည်းတော့ ရန်ကုန်က ကလေး တစ်ယောက်က ရန်ကုန်မှာ ပါ ကောက်တဲ့ကျောင်းတွေရှိသေးတယ်လို့ ဝင်ပြောတယ်။ ပြောတာတွေကတော့ အများကြီးပေါ့ကွာ။ ဦးဦးက ငြိမ်းချမ်းရေး အကြောင်း ကလေးတွေ ပြောတာကို အဓိကပြန်ရေးပြချင်တာ။

ကျောင်းအကြောင်းနဲ့ ကျန်းမာရေးဆက်နေအောင် ပြောကြတာကွ။ အရင်က အတိုင်းပဲ၊ လူကြီးတွေလာစစ်မှ ကမန်းကတန်း သန့်ရှင်းရေးလုပ်၊ အလှတွေပြင်ပြနေတုန်း ပဲလို့ ဖော်ကောင်လုပ်ကြတော့ နားထောင်သူတွေ ရယ်ကြတယ်။ ကျောင်းမှာ အာဟာရကျွေး တာလည်း ဒီအတိုင်းပဲတဲ့။ ကလေးတွေအားရှိမှ ကျန်းမာမှာ။ ဒါကြောင့် အသက် ၁၈နှစ်အထိ နို့တိုက် သင့်တယ်လို့ တောင်းဆိုသေးတယ်။ အဲဒါ ကယားပြည်နယ်က ကလေးကွ။

ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ အချိုးအစားကိုလည်း ပြောကြသေးတယ်။ ကိုယ်စားလှယ်ကြီး တစ်ယောက်က ပြောပြတယ်။ ဂျပန်မှာ ပီအိတ်ခ်ျဒီခေါ်တဲ့ ဘွဲ့သွားယူ တာ။ ကျောင်းသား ၁၁ယောက်ရှိတဲ့ အတန်းကို ဆရာ ၄၄ ယောက်တောင်ရှိတယ်ဆိုတော့ ကလေးတွေ တအား အံ့ဩတာ။ အဲဒီမှာ သွားတက်ချင်တယ်တဲ့။ အခုတော့ သူတို့ကျောင်းမှာ ဆရာတစ်ယောက် ကို ကျောင်းသား ၆၀၊ ၇၀ လောက်ရှိနေတော့ အားမရလွန်း လို့တဲ့။ ကလေးတွေ က တော်တော်ပြောနိုင်တယ်ကွ။ လွှတ်တော် ကိုယ်စားလှယ်တွေ လိုက်မှတ်လို့ မအားနိုင်အောင်ကို ပြောနိုင်တာ။ ခုန ကယားပြည်နယ်က ကလေးဆို သူတို့သောက်တဲ့ရေမှာ ထုံးဓာတ်များနေတာ၊ ရေသန့်တွေ ဝယ်သောက်တော့ လည်း တံဆိပ်ခြောက်မျိုးမှာ အရသာခြောက်မျိုးဖြစ်နေတယ်တဲ့။ သူတို့ကို လျှော့ မတွက်နဲ့ကွ။ စာကို အလွတ်ချည်း ကျက်နေရတာ မဟုတ်သေးဘူး ဆိုတာသိကြတယ်။

လက်တွေ့များများလုပ်ရပြီး သိနားလည်သွားရတဲ့ ပညာရေးမျိုး လိုချင်သတဲ့။
ကျန်းမာရေးဆိုရင်လည်း ရွာမှာဆေးခန်းမရှိ၊ ဆေးခန်းရှိတဲ့ရွာကိုသွားတော့လည်း ဆရာမ မရှိ။ ဆရာမ ရှိပြန်တော့လည်း ဆေးမရှိ။ ဒါနဲ့မြို့ကို သယ်မယ်ဆိုတော့ လည်း ယာဉ်မရှိတဲ့။ သူတို့ပြောပြတဲ့ မရှိခြင်း ပြဿနာကို ရှင်းပေးဖို့ ဦးဦးလည်း စဉ်းစားတာ ခုထိအဖြေမရှိပါပဲကွာ။

ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ကွာ။ ကလေးတွေက ငြိမ်းချမ်းရေးအကြောင်း အများကြီးပြောချင်လို့ မနေ့ကတည်းက သူတို့မှာ ပြင်ထားဆင်ထားလိုက်ကြ ရတာ။ တကယ်ပြောမယ်လည်းလုပ်ရော သိန္နီမှာ တံတားချိုးခံ လိုက်ရတာ၊ တိုက်ပွဲတွေဖြစ်တဲ့ မူဆယ်ဘက်မှာ အရပ်သားတွေပါ ထိခိုက်သွားတဲ့ သတင်း၊ စစ်ပွဲတွေပြန်စပြန်ပြီဆိုတဲ့ သတင်းတွေက ကလေးတွေရဲ့ မျက်နှာကို ငိုမဲ့မဲ့လေးတွေဖြစ်သွားစေတယ်။ သူတို့ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို အားကိုးတကြီး တိုင်ကြ၊ ပြောကြတာပဲ။ ဒါပေမယ့် လွှတ်တော်ဆိုတာ ဥပဒေပြုအာဏာ ရှိတာကို ရှင်းပြကြရတယ်။ အုပ်ချုပ်ရေးအာဏာက စစ်ပွဲတွေကို ရပ်နိုင်၊ တိုက်နိုင်ကြောင်း ရှင်းပြတော့ ကလေးတွေ စိတ်ရှုပ်လာပြီ။ အဲဒါ ဘယ်သူ အကြီးဆုံးလဲလို့ ပြန်မေးတော့တာပဲ။ သမ္မတပေါ့လို့ ဖြေတော့ သမ္မတကြီး ကို ပြောပေးဖို့ ပူဆာတော့တာပဲ။

သမီးနဲ့သားရေ-

ဟိုတစ်ခါ စစ်ရှောင်စခန်းက ကလေးတွေဆီ ရန်ကုန်က ကလေးတွေ လက်ဆောင်ပို့ရင်း အားပေးစာရေးတုန်းက သူတို့အချင်းချင်း တစ်ခါမှ မမြင်ဖူးပေမယ့် အခုတော့ ခင်သွားပြီး တက္ကသိုလ်ရောက်ရင် ပြန်တွေ့မယ်လို့ အပြန်အလှန် အားတင်းကတိပေးကြ တာမှတ်မိကြ ရဲ့လား။

ဒီနေ့လည်း အခုမှ ဆုံကြတဲ့ တောင်ပေါ်မြေပြန့်က ကလေးတွေဟာ တက္ကသိုလ်မှာ ပြန်ဆုံကြဖို့ ချိန်းနေကြပြန်ပြီ။ အဲဒီအထဲမှာ မိဘမဲ့၊ ကိုယ့်ထမင်း ကိုယ်ရှာစားရင်း အခမဲ့စေတနာကျောင်း မှာ နို့ပိန်ပိန်ကို လုစို့သလို သင်နေရတဲ့ ကလေးတွေလည်းပါတယ်နော်။ သူတို့ မျက်လုံးတွေက ယုံကြည်မျှော် လင့်ခြင်းတွေနဲ့ စိုတောက်နေတာ။

ဒီပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ နိုင်ငံတော်သမ္မတရဲ့ ဇနီးနဲ့ နှုတ်ဆက် စကားပြောခဲ့ရတယ်။ သူလည်း ဒီပွဲလာတက်ပြီး ကလေးတွေနဲ့ စကားအများကြီး ပြောနေခဲ့တာ။ သူက ဦးဦးကို ပြောပြတယ်။ စစ်ရှောင် ကလေးတွေ နေတဲ့ လယ်ဝေးဘက်က ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက် ခဲ့တယ်တဲ့။ ကလေးတွေက လေယာဉ်ပျံအသံကြားရင် ကို ကြောက် လန့်ပြီး ပုန်းမလို့လုပ်နေတုန်းတဲ့။ စစ်ပွဲထဲ တိုက်လေယာဉ်တွေ ပျံလာတိုင်း သူတို့ ဘယ်လောက်တုန် လှုပ်ခဲ့ရလဲတွေးမိတယ်။

သားနဲ့ သမီးတို့ရေ-

စစ်ပွဲကို မလိုချင်တာ၊ သူများတွေလို ပညာသင်ချင်တာ၊ ကျန်းမာ အသက် ရှည်ချင်တာဆိုတဲ့ ကလေးတွေရဲ့ ဆန္ဒကို လောဘကြီးလိုက်တာလို့ ဘယ်သူမှ ပြောရက်မှာ မဟုတ်ပါဘူးနော်။ သူတို့အတွက် စကား တစ်ခွန်းလောက် ဆန္ဒပြုခွင့်ရမယ်ဆိုရင်တော့ ခုလိုပြုချင်တယ်။

“တက္ကသိုလ်မှာ ဆုံကြပါစေ
စစ်မြေပြင်မှာ မဆုံကြပါစေနဲ့”

ဦးဦးမင်းကိုနိုင်

ကြေးမုံသတင်းစာ ၂၁.၁၁.၂၀၁၆

Powered by Bullraider.com