တို့တွေရဲ့ မျှော်လင့်ချက်လေးရှင်သန်ခွင့်ပေးပါ

အယ်ဒီတာခင်ဗျာ

ပညာရေးစနစ်၊ အဲဒီပညာရေးစနစ်က အင်မတန်မှအရေးကြီးပါတယ်။ အဲဒီပညာရေးစနစ်ရဲ့ ပညာရေး အယူအဆ၊ အတွေးအခေါ်တစ်ခုခုသာ ချွတ်ချော်သွားခဲ့လျှင် အဓိကအားဖြင့်ထိခိုက်မည်မှာ ကလေး များ၏ အနာဂတ်။ ကလေးတွေရဲ့ အနာဂတ်သာမတောက်ပတော့လျှင် ထိုကလေးများဖြင့် အဓိကပုံ ဖော်ရမည့် (သို့တည်းမဟုတ်) ထိုကလေးများလက်ထဲ၌ရှိနေမည့် နိုင်ငံ၏အနာဂတ်။ အဘယ်သို့ရှိမည် နည်း။

၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်ထုတ် 7Day News Journal တွင် အရည်အချင်းပြည့်ဝသော မူလတန်း ပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြဆရာ၊ ဆရာမများပေါ်ထွက်လာစေရန် ဆရာအတတ်သင်ပညာ ဦးစီးဌာနကို ထပ်မံဖွဲ့စည်းမည်ဟူသော သတင်းဖတ်ခဲ့ရပါသည်။ လက်ရှိမြန်မာနိုင်ငံ ပညာရေးဖွဲ့စည်း တည်ဆောက်ပုံတွင် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန DEPT ၏ လက်အောက်တွင် ပညာ ရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များရှိနေပါသည်။ သို့သော်နိုင်ငံတကာတွင်မူ ပညာရေး တက္ကသိုလ်နှင့် ပညာရေးကောလိပ်များသည် ဆရာအတတ်သင်ပညာဦးစီးဌာန၏ လက်အောက်တွင် ရှိနေပါသည်။ ထို့ကြောင့်ယခုပညာရေးဝန်ကြီးဌာနလက်အောက်တွင် ဆရာအတတ်သင်ပညာဦးစီးဌာ နကို ထပ်မံဖွဲ့စည်းသွားမည်ဟူသော သတင်းသည်မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ကောင်းမွန်သောအနာဂတ်ကို ဆောင်ယူလာမည့်သတင်းဖြစ်ပါသည်။ လက်ရှိပညာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် အားရကျေနပ်စရာကောင်းပါသည်။

သို့သော် ဤနေရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အနည်းငယ်လွဲမှားနေသည့် SCET (Special Certificate in Educational Technology) စီမံကိန်းအကြောင်း နောင်ဥပမာယူစေရန် အနည်းငယ် တင်ပြလိုပါသည်။ SCET စီမံကိန်းသည် B.A(Eng) တတိယနှစ်သင်တန်း အောင်မြင်ပြီး သူများအား သက်ဆိုင်ရာတက္ကသိုလ်၏ ထောက်ခံချက်ဖြင့် ပညာရေးတက္ကသိုလ်တွင် ရက်သတ္တပတ် နှစ်ပတ်ခန့် လေ့ကျင့်သင်တန်းပေးကာ မြို့ပေါ်များတွင်အထက်တန်းပြအဖြစ် တာဝန်ချပေးခဲ့ခြင်းဖြစ် သည်။ ထိုစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာရပ်သင်ကြားပြသရန် အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်နေသည့်ပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ ထိုခေတ်ထိုကာလ တက္ကသိုလ်၏ သင်သမျှကို ကျက်မှတ်ပြီးအောင်မြင်ခဲ့သူများ၏ အရည်အချင်းကိုကား ပညာရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပါ။

တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးများစွာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး အထက်တန်းပြရာထူးရရန် မျှော်လင့်ချက်ရောင်ခြည်လေးဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်သင်ယူခဲ့ရသော ဆရာ၊ ဆရာမ လောင်းလျာများအား ထိုခေတ်ထိုအချိန်က အထက်တန်းပြရာထူးမပေးခဲ့ပေ။ ထိုသူများကိုတောင် အထက်တန်းပြ ရာထူးမပေးနိုင်ဘဲ အဘယ်ကြောင့် SCET စီမံကိန်း အကောင်အထည်ဖော်ခဲ့သနည်း။ ကျွန်တော်မစဉ်းစားတတ်ပေ။ အခြေခံပညာကဏ္ဍတွင် ပညာရေးတက္ကသိုလ် တိုက်ရိုက်ဆင်းအလယ် တန်းပြရာထူးသာရရှိသော ဆရာ၊ ဆရာမလွန်စွာများပါသည်။ SCET စီမံကိန်းကြောင့် အထက်တန်းပြ ဆရာ၊ ဆရာမဖြစ်သွားသူများသည် ထိုအချိန်က ပညာရေးကောလိပ်အမှတ်ပင်မမီခဲ့ပါ။ မိမိထက်အ မှတ်နည်းသူများက အထက်တန်းပြရာထူးဖြင့် မြို့ပေါ်တွင်တာဝန်ထမ်းဆောင်နေပြီး မိမိတို့ကတောရွာ များတွင် မူလတန်းပြဘဝဖြင့် ရပ်တည်နေရသော ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများ၏ ခံစားချက်ကို ထိုခေတ်ပညာရေးဝန်ကြီးဌာနမှ စဉ်းစားခဲ့ဟန်မတူပါ။ ထိုစီမံကိန်းကြောင့် ပညာရေး တက္ကသိုလ်ဆင်း ဆရာ၊ ဆရာမများ၊ ပညာရေးကောလိပ်ဆင်းဆရာ၊ ဆရာမများနစ်နာသည်မှာ အပေါ် ယံသာဖြစ်သည်။ ကလေးများအားစာသင်ကြားရာတွင် ကလေးဗဟိုပြုသင်ကြားနည်း (Child-cente-red Approach) ဖြင့် စနစ်တကျဝေဖန်ဆုံးဖြတ်နိုင်စွမ်း (Critical thinking)၊ အသစ်များအားဖန်တီးနိုင် စွမ်း (Creative thinking) အစရှိသဖြင့် အဆင့်မြင့်မြင့်တွေးခေါ်နည်း (Higher-order thinking) အထိသင်ကြားဖို့အတွက်ဆိုပါက ထိုနည်းလမ်းများသေချာစွာ လေ့ကျင့်ထားခြင်းမရှိသော SCET စီမံကိန်းပါဆရာ၊ ဆရာမများက အဘယ်နည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်နည်း။ ထို့ကြောင့်နစ်နာခြင်းသည် ပညာရေးကဏ္ဍတစ်ခုလုံးသာ ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာများကြောင့် လက်ရှိပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းတစ်ခုရေးဆွဲရာ တွင် လတ်တလောပြဿနာကို ပြေလည်စေရုံသာ ဦးတည်ချက်မထားဘဲရေရှည်ကိုတွေးကာ စနစ်တ ကျထိရောက်သော စီမံကိန်းတစ်ခု ရေးဆွဲနိုင်ရန် ဆန္ဒပြုလိုက်ရပါသည်။

7Day Daily

No.267, Jan.16, 2014

Powered by Bullraider.com