ပညာရေးဝန်ကြီးသို့ အိတ်ဖွင့်ပေးစာ

http://www.thuriya.org/rom1/images/86244.jpg

ပညာရေးဝန်ကြီးခင်ဗျား

ဝန်ကြီးက “ဆရာ ဆရာမများ အားလပ်ချိန်တွင် အတတ်ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်တယ်” လို့ပြောလိုက်တဲ့ စကားကို ဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ရည်ရွယ်ချက်ရှိရှိ စေတနာထား ပြီးတော့ပဲပြောတာလား၊ တမင်တကာ ပျက်စီးစေလိုတဲ့သဘောနဲ့ ပြောတာလား ဝန်ကြီးကိုယ်တိုင်ပဲ သိမှာဖြစ်တဲ့ အတွက် အဲဒီစကားကို ကြားလိုက်ရတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကြက်သီးထစရာ ကိစ္စတစ်ခု ဖြစ်သွားရ တယ်ဆိုတာကို ပြောပြချင်ပါတယ်။

အဲဒီသတင်းက ဖတ်လာတဲ့ ဆရာမလေးက စာစောင်ကို ကိုင်လာပြီးတော့ “ကဲ ဆရာကြီးရေ ကျွန်မတို့ တော့ ကျူရှင်သင်လို့ရပြီ။ ဆရာကြီး လက်မှတ်ထိုးခိုင်းထားတာတွ ပြန်ရုပ်သိမ်းလိုက်တော့လို့ လာပြောလိုက်ချိန်မှာ သူထိုးပေးလာတဲ့ သတင်းကို ကောက်ဖတ်လိုက်မိတယ်။ ဘာတဲ့

“ဆရာတွေအနေနဲ့လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း၊ ကိုယ့်အတတ်ပညာနဲ့ လုပ်ကိုင်စားနိုင်တယ်။ ကျောင်းမှာလည်း ကောင်းကောင်းသင်ပြီးတော့ ကိုယ့်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ့်ရဲ့ ဝင်ငွေကို ဖြည့်ဆည်းနိုင် တယ်ဆိုတဲ့ အမြင်ကိုလည်း ရှိအောင် လုပ်ရမယ်။ ဘာမှ မလုပ်ရဆိုတဲ့ အခါကျတော့ အကုန်လုံး ခိုးလုပ်ရောလေ။ ခိုးသင်၊ ခိုးလုပ်ဆိုတော့ ဈေးတွေတက်လာရောလေ။ အဲဒါတွေ မဖြစ်ရအောင် ပညာရှင်တွေအားလုံး ညှိနှိုင်းပြီး တော့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ” လို့ မီဒီယာတွေကို ပြောတယ်ဆိုတဲ့ သတင်းဟာ ဇူလိုင် လ ၂ ရက်နေ့ထုတ် ၇ ရက်နေ့စဉ်သတင်းစာမှာ ပါလာတာ ဖတ်လိုက်ရပါတယ်။

ဒေါက်တာဘွဲ့ရထားတဲ့ ဝန်ကြီးတစ်ယောက်ရဲ့ ပညာရေးမှာ ကျူရှင်တွေပေါ်ပေါက်လာတာကို ကုစားတဲ့ နည်းက ဒီနည်းဆိုရင်တော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးဟာ တက်လာတုန်းက အလွန်ထက်မြက်မယ်ထင်ခဲ့တာ အလကားဖြစ်သွားရပါပြီလို့သာ အားမနာတမ်း ပြောလိုက်ချင်ပါတော့တယ်။

ဝန်ကြီးခင်ဗျား ယနေ့ မြန်မာ့ပညာရေးမှာ ကျောင်းတွေမှာ တရားဝင် ကျူရှင်သင်ကြဆိုပြီး လုပ်ခဲ့ဖူးတာ သိဦးမယ် ထင်ပါတယ်။ မိဘတွေက ကျောင်းလွှတ်ချိန် ၄၅ မိနစ်လောက်ကို ဆရာတွေကသူတို့ကလေးတွေကို စာခေါ်သင် (အတန်းထဲထည့်ပြီး တံခါးပိတ်ထားတာကို) အဲဒီအချိန်ကတည်းက စိတ်ကျေနပ်ကြတာ မဟုတ်ဘူး။ ဒီကြားထဲ လကုန်ရင် တရားဝင် ကျူရှင်ကြေး ပေးရတယ်ဆိုတာကို “ရော့…အင့်… နင်တို့ဆရာမတွေ မြိုဆို့ဖို့ဆိုပြီး” အောင့်သက်သက်နဲ့ပေးတာတွေ၊ ကျူရှင်ခရတာတွေ ခွဲဝေမှုအပေါ်မှာ မကျေမနပ်တွေဖြစ်ပြီး ပြဿနာပေါ်လို့ အဲဒီတရားဝင်ကျူရှင်သင်တဲ့ စနစ်ကြီး ပျက်သွားခဲ့ဖူးတယ်ဆိုတာ သိပြီးဖြစ်မှာပါ။

အတန်းတွေထဲမှာ ဘာသာရပ်ဆိုင်ရာ ဆရာတွေ ရှိတယ်။ အဲဒီလို ပြင်ပမှာ တရားဝင်ကျူရှင်သင်ခွင့် ပေးလိုက်ရင် နယ်စားပယ်စားလို ဘာသာရပ်လုထားတဲ့သူတွေက အတန်းထဲက ကျောင်းသားတွေကို သူပိုင်၊ ငါပိုင် အငြင်းပွား ကြတော့မယ်။ သူ့ကျူရှင်မတက်ရင် ငြှိုးတာတွေ ပိုဆိုးလာတော့မယ်။ ကျူရှင်ပြစရာမလိုတဲ့ မြန်မာ၊ ပထဝီ၊ သမိုင်းသင်တဲ့ဆရာတွေ ဘာသာရပ်လုသင်ချင်တာတွေ ဖြစ်လာမယ်။ ဝန်ကြီးလုပ်မှ တိမ်မြှုပ်သွားတဲ့ ဈေးကွက် ကြီးတစ်ခုဟာ ပိုပြီးတော့ တရားဝင်စားခွက်လုပွဲကြီးတစ်ခုလို ဖြစ်လာမှာ မြင်ယောင်သေးတော့တယ်။

ပညာရေးမှာ ကျူရှင်သင်စရာမလို၊ ကျူရှင်ပြစရာမလိုတဲ့ စနစ်ကြီးတစ်ခုကို ဝန်ကြီးက ပညာရှင်တွေနဲ့ တိုင်ပင်ပြီး မြန်မာ့ပညာရေးကို အဆင့်မြှင့်တင်ပေးရမှာပါ။ ခုတော့ ငြိမ်နေတဲ့ ကျားတွေကို သွားပြီး လှုပ်နှိုးလိုက်သလို ဖြစ်ရုံ မက အဲဒီကျားတွေက တရားဝင်လုပ်ပိုင်ခွင့်လည်းရရော ကျောင်းအုပ်တွေ၊ သက်ဆိုင်ရာ ပညာရေးအုပ်ချုပ်သူတွေ ကိုပါ ပညာပြန်ပေးတာနဲ့ ကျောင်းပညာရေးစနစ်ကြီး ကမောက်ကမ ဖြစ်သွားနိုင်တယ်ဆိုတာ ဝန်ကြီးက ကျွန်တော်တို့ထက် ရွှေဉာဏ်တော်ကြီးပေမယ့် လုပ်စားခွင့်ပေးမယ်လို့ ပြောထွက်လိုက်တာကိုက စဉ်းစားစရာ ဖြစ်နေပါတယ်။

ဝန်ကြီးခင်ဗျား ခေတ်အဆက်ဆက် ပညာရေးကို တစ်မျိုးပြီးတစ်မျိုး စမ်းသပ်ခဲ့ပြီးပါပြီ။ စမ်းသပ်လွန်းအား ကြီးပြီး ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မတိုးတက်ခဲ့တာကို ဝန်ကြီးလက်ထက်ရောက်မှ ကျောင်းအုပ်တွေနဲ့ ဆရာတွေကြား အငြင်းပွားအောင် ထပ်လုပ်မယ်ဆိုရင်တော့ ကိုယ်ခင်းတဲ့ဇာတ် ကိုယ်နိုင် အောင် ကနိုင်မှဖြစ်မယ်ဆိုတာ ပညာရှိသတိဖြစ်ခဲအနေနဲ့ သတိပေးချင်ပါတယ်။

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတည်ဆောက်မယ်လို့ ဝန်ကြီးရဲ့ ယခင့်ယခင် ပညာရှင်နဲ့ ဗိုလ်ချုပ်များကအော်ပြီး ဝန်ကြီးလက်ထဲကို ခေတ်မီနိုင်ငံတော်ကြီး ထူထောင်နိုင်အောင် ထိုးထည့်သွားပါတယ်။ ဒါကို ဝန်ကြီးက လစာတိုးမပေးနိုင်တာ၊ ကျူရှင်သင်နေတာတွေကို မထိန်းနိုင်တာနဲ့ပဲ လုပ်ချင်သလို လုပ်ကြပေတော့လို့ ခွင့်ပြုလိုက်တာဟာ တာဝန်မဲ့လွန်းသလိုများ ဖြစ်နေသလားခင်ဗျာ။

ဝန်ကြီးခင်ဗျား ကျွန်တော်တို့ သက်ဆိုင်ရာ တိုင်း/မြို့နယ်ပညာရေးမှူးတွေက မကြာလေးခင်ကမှ ကျူရှင်မသင် ရေးဆိုပြီး ဆရာတွေကို လက်မှတ်လိုက်ထိုးခိုင်းခဲ့ပါသေးတယ်။ ခုတစ်ခါ ဝန်ကြီးက ကျူရှင်သင်တာကို ကိုယ့်အတတ်ပညာနဲ့ လုပ်ကိုင်စားသောက်နိုင်တယ်လို့ ဆိုလိုက်တာကတော့ ကျွန်တော့်အထင် ယခင့်ယခင်ကလိုပဲ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေရော့သလားလို့ ထင်မှားမိပါတယ်။

ဦးချစ်မောင်ခင်

မူလတန်းကျောင်းအုပ်ဆရာကြီး

Powered by Bullraider.com