အျ​ပစ္မဲ့ကျော​င်း​သားများ​ကို ဓားစာခံ မ​လု​ပ်ေ​စချင်ပါ

Photo: ဦးမြငါးစင် ပြဿနာ လွှတ်တော်တင်မည်ရန်ကုန်၊ နိုဝင်ဘာ ၂၂မြန်မာစီးပွားရေး ကော်ပိုရေးရှင်း M.E.C နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြငါးစင် ကျေးရွာဒေသခံများကြား ဖြစ်ပွားနေသော လမ်းပိတ်ဆို့မှု ပြဿနာကို ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းမည် ဖြစ်ကြောင်း အလုံမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အနေနှင့် မိမိ မဲဆန္ဒနယ်မြေ အတွင်းတွင် ဖြစ်ပွားနေသည့် ပြဿနာကြောင့် နေပြည်တော်တွင် (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်နေရာမှ နိုဝင်ဘာလ ၂၂ ရက်တွင် လာရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်မတက်ရောက်မီ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး အဆင့်တွင် အဆိုပါလမ်းကို ယာယီဖွင့်လှစ်ပေးရန် ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် တက်ရောက်ချိန်တွင် အဆိုပါကိစ္စကို အဆိုတင်သွင်းရန် စီစဉ်မည် ဖြစ်ကြောင်း လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကကို တိုက်ရိုက်တွေ့ဆုံခွင့် တောင်းကာ စာတင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ဦးမြငါးစင် ကူးတို့ဆိပ်မှ မြို့အတွင်းသို့ လာရာ လမ်းပိတ်ဆိုမှု ဖြစ်နေသော ဒေသခံများသည် ကြည့်မြင်တိုင် မြို့နယ်မှ ဖြစ်သော်လည်း အလုံမြို့နယ်အတွင်း မှီခိုကာ သွားလာနေရသောကြောင့် ယခုကဲ့သို့ အလုံလွတ်တော် အမတ်မှ လာရောက် ဆွေးနွေးပေးရသဖြင့် လွန်စွာအားတက်ရကြောင်း ဦးမြငါးစင် ဒေသခံတစ်ဦးက ဆိုသည်။ဦးမြငါးစင် ဒေသခံများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့ကြား ဖြစ်ပွားနေသော ပြဿနာတွင် ပြည်ထောင်စုအစိုးရနှင့် ပတ်သက်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၊ M.E.C ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေပြီး မည်သည့်အဖွဲ့အစည်း ပါဝင်သည်ဖြစ်စေ နိုင်ငံတော်မှ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းရန် တာဝန်ရှိကြောင်း ၎င်းကဆိုသည်။“ဘယ်လိုလူတွေပဲပါပါ။ ဒါဟာ နိုင်ငံတော်ရဲ့ မြေကြီးပဲ။ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲခွင့် အောက်မှာပဲ ရှိတယ်။ နိုင်ငံတော်က ဘာလုပ်ပေးမလဲ သိချင်တယ်” ဟု အလုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။မြန်မာနိုင်ငံအတွင်း ရှိနေသော အဖွဲ့အစည်း အားလုံးသည် မြန်မာပြည်သူ ပြည်သားများ အပေါ်တွင် အခြေခံကြောင်း၊ မြေကြီး အပါအဝင် မြန်မာပြည် အတွင်းရှိ အခြားသယံဇာတများကို သုံးစွဲဆောင်ရွက်နေမှုများသည် ပြည်သူလူထုကို ထိရှမှုဖြစ်စေမည် ဆိုလျှင် ချက်ချင်း ပြန်လည်ကုစားပေးရန် လိုကြောင်း ၎င်းကဆိုသည်။အလုံမြို့နယ်အတွင်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက တည်ဆောက်နေသော နိုင်ငံတကာ ဆိပ်ကမ်းစီမံကိန်းနှင့် ကပ်လျက် တည်ရှိနေသည့် ကြည့်မြင်တိုင် ဒေသခံများ အလုံမြို့နယ်မှ တစ်ဆင့် မြို့တွင်းသို့ တက်ရောက်ရန် အသုံးပြုသည့် ဦးမြ-ငါးစင် ကူးတို့ဆိပ်ကို နိုဝင်ဘာ ၁၇ ရက်က M.E.C က သံဆန်ခါများ ကာရံပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညပိုင်းတွင် သွပ်ပြားများဖြင့် ထပ်မံကာရံခဲ့သဖြင့် M.E.C စီမံကိန်း ဝင်ပေါက်ဝတွင် ထိုင်ကာ လမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများ တောင်းဆိုသည်မှာ ခြောက်ရက်တိုင်ပြီ ဖြစ်သည်။          ဦးမြငါးစင် ဒေသခံများ ဆန္ဒပြသည့် ဒုတိယမြောက်နေ့ ဖြစ်သော နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ၊ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများကို ဗ.က.သ အထိမ်းအမှတ် ခွပ်ဒေါင်းလက်ပတ်များ ဆင်မြန်းပေးခဲ့ပြီး ဗ.က.သ သီချင်းကို တိုင်ကြားပေးခဲ့ရာ ကလေးငယ်များက သံပြိုင်သီဆိုခဲ့ပြီး ကလေးငယ်များ နေရောင်ဒဏ် ခံနိုင်ရန် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ဝါးခမောက်များကို ပေးခဲ့သည်။ ထိုကဲ့သို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အဆိုပါ ဆန္ဒပြမှုတွင် ပါဝင် လာခဲ့သောကြောင့် ၎င်းတို့ကျောင်းသွားရာ လမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုနေကြသော ကလေးငယ်များကို နိုင်ငံရေးအရ အမြတ်ထုတ်မှုများ ရှိနေသည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက ဝေဖန်ပြောဆိုကြသည်။

ယခုတစ်လော ပုဂ္ဂလိကသတင်းစာတွေထဲမှာ တွေ့နေရတဲ့ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေထဲမှာ ဦးမြငါးစင်ကျေးရွာဒေသခံ တွေနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ကြားဖြစ်နေတဲ့ ပြဿနာက တစ်ခုဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ဦးအနေနဲ့ ပိုပြီး ခံပြင်းမိတာက ကျောင်းသားလေးတွေကို နိုင်ငံရေးလိုလို တောင်းဆိုတဲ့နေရာမှာ ပွဲထုတ်ပြီး ဆန္ဒပြခိုင်းနေကြ တာကိုတွေ့ရလို့ လုပ်ရက်လေခြင်းဆိုပြီး ဒေါသလည်းဖြစ်မိတယ်။

ဒီအရွယ်ကလေးတွေ ဘာတောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ နားလည်ကြမှာလဲ။ မိဘတွေအနေနဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်ဖော်ထုတ်ပြီး အစိုးရနဲ့ ကုမ္ပဏီတွေကို တောင်းဆိုကြရမှာကို အပြစ်ကင်းတဲ့ ကလေးတွေနဲ့ တိုက်ပွဲဝင်တယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် လုပ်နေတာကတော့ ရက်စက်ရာကျပါတယ်။

ကျောင်းနေအရွယ်ကလေးတွေဆိုပြီးတော့လည်း အတင်းအကျပ်စည်းရုံးခိုင်းစေခိုင်းခွင့် မိဘတွေမှာရော၊ နိုင်ငံရေးသမား တွေမှာပါ မရှိပါဘူး။ ကလေးတွေကို ပွဲထုတ်ပြီး အခြေအနေကို အတင်းဇာတ်နာအောင် ဖန်တီးနေကြတာဆိုရင်လည်း ဖန်တီးနေတဲ့သူတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ ကလေးတွေက ဘာသိမှာလဲ။ ဒီလို ဆန္ဒလာပြရင် အချိန်တန် ထမင်းစား ရတယ်၊ မုန့်စားရတယ်၊ အအေးသောက်ရတယ်၊ လက်ဆောင်တွေရတယ်ဆိုတဲ့ အသိမျိုးတွေကို ဒီအရွယ်လောက်ကတည်းက အတင်းအဓမ္မ ရိုက်သွင်းပေးခြင်းခံလိုက်ရတဲ့အတွက် သူတို့အနာဂတ်မှာ ဘယ်လိုစိတ်ဓာတ်တွေနဲ့ ဘဝကို တည်ဆောက်တော့ မယ်ဆိုတာ မတွေးဝံ့လောက်အောင်ပါပဲ။

ကျွန်မအနေနဲ့ လူကြီးတွေကို ပြောချင်တာက သတ္တိရှိရင် ကိုယ်တိုင် ဆန္ဒထွက်ပြ၊ ကိုယ်တိုင် တိုက်ပွဲဝင်ပြီး ကိုယ့်သားသမီးတွေ အနာဂတ်ကို ကောင်းအောင်လုပ်ပေးစေချင်ပါတယ်။ အစစ အရာရာ ကောင်းစေချင်တဲ့ ဆန္ဒရှိတဲ့ မိဘတိုင်းဟာ ကိုယ့်သား သမီးတွေကို ဆန္ဒပြတဲ့အလုပ်မှာ ခိုင်းစားတဲ့သဘောမျိုး မသက်ရောက်စေချင်ပါဘူး။ ဒါကလည်း ကျွန်မရဲ့ ကျောင်းဆရာမ တစ်ဦးဖြစ်တာနဲ့အညီ ကလေးတွေ အပေါ်မှာထားတဲ့ ရိုးသားတဲ့ ဆန္ဒတစ်ခုသာဖြစ်ပါတယ်။

 

ဒီနေ့ သတင်းစာတစ်စောင်မှာလည်း မြောက်ဒဂုံဘက်မှာ သူတို့သားသမီး စာမေးပွဲ အမှတ်နည်းလို့ဆိုပြီး ကျောင်းအုပ်ထံကနေ လာပြီးအမှတ်တောင်းကြည့်တာကို ကျောင်းအုပ်က ခွင့်မပြုလို့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ရေးထားတဲ့ ဆောင်းပါး တစ်စောင် ဖတ်လိုက်ရပြန်ပါတယ်။ ကျောင်းအုပ်က ကလေးတွေရဲ့ အဖြေလွှာကို သက်ဆိုင်ရာ ပညာရေးဌာန အကြီးအကဲ တာဝန်ရှိသူကလွဲပြီး တောင်းယူကြည့်ခွင့် မရှိပါဘူးလို့ ရိုးသားစွာ ရှင်းပြတာကို စာရေးတတ်တဲ့သူငှားပြီး သတင်းစာထဲကနေ "ပွင့်လင်းမြင်သာမှု" ဆိုတဲ့စကားကို အငှားသုံးခိုင်းလိုက်တာကတော့ အလွန်ရှက်စရာ ကောင်းလှပါတယ်။

ကျောင်းအုပ်ရဲ့ လုပ်ဆောင်မှုက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မကျေနပ်ရင် သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တိုင်ကြားခွင့် ရှိပါတယ်။ ကျောင်းကိုလာပြီး အဖြေစာရွက်တွေ ထုတ်ပြရမယ်လို့ တောင်းဆိုပိုင်ခွင့် ဥပဒေမှာမရှိကြောင်း နားလည်ထားဖို့ လိုပါတယ်။ ဒီလိုတောင်းဆိုပိုင်ခွင့်မရှိတာကို တာဝန်အရရှင်းပြတဲ့အတွက် ဒီမိုကရေစီစံနဲ့ လာပြီးတိုင်းတာလို့ မရပါဘူး။ သူ့ဌာန သူ့အဖွဲ့အစည်းတိုင်းမှာ ချမှတ်ထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်တွေကို လိုက်နာရပါလိမ့်မယ်။

ကျွန်မတို့ ပညာရေးဌာနမှာ လူတိုင်းကောင်းပါတယ်၊ အားလုံးကောင်းပါတယ်လို့တော့ မဆိုလိုပါဘူး။ စုန်းပြူးနဲ့ ငါးခုံးမတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာက ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဖြတ်ပေးပြီးသားဖြစ်ပါ တယ်။ တစ်ယောက်မကောင်းတာကို အားလုံးမကောင်းဘူးလို့ သိမ်းကြုံးပြောလိုက်ရင် အားလုံးဟာ ဒီလို မကောင်းတဲ့ သူတွေကနေ မွေးထုတ်ပေးလိုက်ပြီး မကောင်းတဲ့သူတွေ ဖြစ်နေကြသလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ဒီကြားထဲက ခုတစ်လော ကျောင်းတွေကိုလာပြီးတော့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲတွေ လုပ်ရမယ်လို့ စာထုတ်ပြီး ကလေးတွေကို အတင်းအဓမ္မရှင်းပြခိုင်းနေတာလည်း စိတ်ပျက်စရာကောင်းလှပါတယ်။ အမျိုးသား ပညာရေးဥပဒေကို ဖျက်သိမ်းဖို့ တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြနေကြတယ်။ ဒါကို ကျွန်မတို့ ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေကို ခန်းမထဲခေါ်ပြီး ဌာနကပေးတဲ့စာရွက်တွေထဲကအတိုင်း ပါတာဖတ်ပြပြီး "နားလည်တယ် နော်" လို့ အပြောခံရတာကို ကျောင်းသားတွေက "နားလည်ပါပြီ" ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်တာနဲ့ တာဝန်ကျေ လုပ်ဆောင်ပြတာဆိုရင်တော့ အလကား အလုပ်တွေလို့ ကျွန်မကတော့ ဆိုချင်ပါတယ်။

ကျောင်းအုပ်ကြီးဖတ်ပြတဲ့ စာရွက်တွေကို အခမ်းအနားပြီးမှတောင်းပြီးဖတ်ကြည့်တော့ ကျောင်းသားတွေ မပြောနဲ့ ကျွန်မတို့ ဆရာ ဆရာမတွေတောင် အတော်လေး နားလည်အောင် ဖတ်ရပါတယ်။ ဥပဒေရေးဆွဲတာ ကျောင်းသားတွေဆန္ဒမပါဘဲ လုပ်ချင်သလို လုပ်ခဲ့ပြီးမှ ဆန္ဒလည်းပြရော ကျောင်းသားတွေကိုစာထဲပါတာ ဖတ်ပြပြီး ဆန္ဒခံယူတယ် ဆိုတဲ့ ပညာရေးဌာနက မဟာပညာရှိကြီးတွေရဲ့ အတွေးအခေါ်တွေဟာ တစ်ခေတ်တစ်ခါက စိတ်ကူးတွေနဲ့ ဘာများ ခြားနားသွားလို့လဲဆိုပြီးတော့ စိတ်ထဲမှာ သံသယ ဖြစ်မိပါတယ်။

တစ်ချိန်က ကျွန်မတို့ဟာ "ထောက်ခံတယ်…ထောက်ခံတယ်…သဘောတူတယ်…သဘောတူတယ်" ဆိုပြီးတော့ ဘာမှန်း မသိညာမှန်းမသိစွာနဲ့ ဆိုရှယ်လစ်ခေတ်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ နောက်တော့မှ သဘောမတူတော့ဘူးဆိုပြီး ဆန္ဒတွေ ထွက်ပြဆိုတော့လည်း သပိတ် သပိတ် မှောက် မှောက် ဆိုပြီးတော့ ထွက်အော်ခဲ့ကြတဲ့အထဲမှာ ကျွန်မလည်း ပါခဲ့တာပါပဲ။ ယနေ့အထိ ပညာရေးဌာနအပါအဝင် အခြားသော ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ ဒီမိုကရေစီဆိုတာဘာလဲ။ ဝန်ထမ်းဟူက နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာ ရှိနေတုန်းပဲလား။ ပါတီနိုင်ငံရေးနဲ့ ဝန်ထမ်းဆိုတာ ပတ်သက်သင့်သလား မပတ်သက်သင့် ဘူးလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်သူ့တွေကိုယုံပြီး ပုံအပ်ကြမလဲဆိုတာ ရှင်းလင်းစွာ သဘောပေါက်ထားကြတာ မဟုတ်သေးပါဘူး။ ခုထက်ထိ ပါတီနိုင်ငံရေးနဲ့ ပတ်သက်ရင် အလုပ်ပြုတ်မှာကြောက်လို့ ခပ်ကုတ်ကုတ်နေကြသူတွေ အများကြီး ရှိနေပါသေးတယ်။

ပြည်သူဘက်ကလည်း နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေက အပုပ်ချမှုကြောင့် ဆရာဆိုရင် ကျူရှင်သင်စားနေတဲ့ မကောင်းဆိုးဝါးတွေလို့မြင်ပြီး အထင်မကြီးကြတော့ပါဘူး။ ကျောင်းဆရာတွေထဲမှာလည်း ငါးခုံးမတွေကြောင့် တစ်လှေလုံး ပုပ်စော်နံနေရတယ်ဆိုတာကိုလည်း သိကြဖို့ကောင်းပါတယ်။ ပြည်သူတွေက ဆရာတွေ ဆရာမတွေအပေါ် အမြင်မကြည်လင်၊ ဆရာ ဆရာမတွေကလည်း လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို အသုံးချရာမှာ မပီပြင်၊ ဒီကြားထဲ အသုံးချချင်တဲ့သူတွေရဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ပညာပြမှုတွေကြားမှာ ကျွန်မတို့ ကျောင်းသားတွေကို ဓားစာခံတော့ မလုပ်ပါနဲ့ရှင်။ သတ္တိရှိရင် မိဘတွေက ရှေ့တန်းကထွက်စေချင်ပါတယ်။ ရှင်တို့မှန်ရင် ကျွန်မတို့ကျောင်းသားတွေကို ခေါ်စရာ မလိုပါဘူး။ ကျွန်မတို့ ရှေ့ဆုံးက ထွက်ပြီး ရှင်တို့နဲ့ ပူးပေါင်းပါမယ်လို့ ပြောချင်ပါတယ်ရှင်။

ကျောင်းဆရာမတစ်ဦး

Powered by Bullraider.com