သာဓုပါ သူငယ်ချင်း

http://msnbcmedia.msn.com/j/MSNBC/Components/Photo/_new/pb-111219-myanmar-schools-02.photoblog900.jpg

သူငယ်ချင်းရေ . . .

မင်းရဲ့ “သူငယ်တန်းသင်ရိုးသစ်” ဆိုတဲ့ ပညာရေးဆောင်းပါးလေးကို ကိုယ်ဖတ်လိုက်ရတော့ စာမရေး ဘဲမနေနိုင်ဖြစ်သွားတယ်။ အခုတော်တော်များများမှာ C.C.A ကိုပြောကြတယ်။ Child Centred Approach ပေါ့နော်။ ကလေးဗဟိုပြုပေါ့။ ဟိုတလောက ကိုယ် ပဋိစ္စသမုပ္ပါဒ်သင်တန်းတစ်ခုသွားတက် တာတောင်မှ C.C.A နဲ့ မလွတ်ဘူး။ အော် . . . ပညာရေးဝေါဟာရ သံသရာက လွတ်မထွက်ပါလားလို့ ပေါ့။ C.C.A ကိုတောင်ကိုယ်က Child အစား Learner လို့ပြောင်းချင်တယ်။ Child ဆိုတာ ဘောင် ကျဉ်းသွားပြီ။ Learner ဆိုရင်တော့ မူလတန်းမှာသာမက တက္ကသိုလ်အထိပါ အကျုံးဝင်သွားမယ်လို့ ယူဆတယ်။

သူငယ်တန်းသင်ရိုးသစ်မှာ မြန်မာ့ဗျည်းအက္ခရာထဲက သိပ်အသုံးမဝင်သေးတဲ့၊ ကလေးတွေအဖို့ အရေးခက်မယ့် စာလုံးတွေချိန်ထားပြီး ပထမတန်းရောက်မှ သင်မယ့်ကိစ္စနဲ့ပတ်သက်လို့ ကာတွန်း တွေဆွဲကြ၊ ထောက်ပြကြနဲ့ အတော်လှုပ်လှုပ်ရှားရှားဖြစ်နေကြတာ သတိထားမိတယ်။ နောက်ပြီး စာအရေးနဲ့ပတ်သက်လို့ သင်ရိုးလျှော့ထားပြီး စာထက်ပညာတတ်အောင် သင်ပေးမယ်ဆိုတာ သိရလို့ ဝမ်းသာတယ်။

ဗျည်းအက္ခရာကတော့ အကုန်လုံးတော့ သင်ပုန်း သင်ပုန်း သင်ပုန်းကြီးအတိုင်း ဖော်ပြပြီး ခက်တဲ့ဗျည်း တွေကိုအသံထွက်ရွတ်တတ်အောင်သာသင်၊ အရေးကို သူငယ်တန်းမှာ မသင်ဘဲပထမတန်းရောက်မှ သင်ရင်ကောမရဘူးလား။ ကိုယ်စဉ်းစားမိတာပါ။ ဟိုးသင်ရိုးဟောင်းမှာထဲက မရေးခိုင်းဘဲ ရွတ်ဆိုရန် သက်သက်ကဗျာတွေပါတယ်။ အဲဒါတွေကို မရွတ်ခိုင်းဘဲ ကူးရေးခိုင်းတဲ့ဆရာတွေရှိခဲ့တယ်။ “ကျွန် တော့်အကြောင်း” ဆိုရင် အတန်းသားအားလုံးအမည်က မောင်ဘ၊ အမေအားလုံးက ဒေါ်မြ၊ အဖေ အားလုံးက ဦးလှဖြစ်ကုန်တယ်။ ဘာကြောင့် ကိုယ့်နာမည်၊ ကိုယ့်အဖေအမေနာမည်တွေ မရေးခိုင်းရ တာလဲ။ (ဆရာ၊ ဆရာမတွေ စာစစ်ပေးရမှာ ပျင်းတာလည်းပါမယ်ထင်တယ်)။ အခုသူငယ်ချင်းတို့ နည်းတွေနဲ့ကလေးတွေ ပုံတွေနားထောင်၊ ကဗျာတွေရွတ်၊ သီချင်းတွေဆို၊ အရုပ်တွေရေး၊ ဆေးရောင် ခြယ်နဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်ရရင် ကိုယ်တောင်သူငယ်တန်း ပြန်တက်ချင်စိတ်ပေါက်လာပြီ။ သင်္ချာ ဆိုရင်လည်း ကလေးတွေ အရုပ်ကလေးတွေ ရေတွက်ရင်း၊ ကစားရင်း၊ အပေးအယူ အချင်အတွယ် လုပ်ရင်း တက်လာမှာကို မြင်ယောင်ပြီး ကလေးတွေအစား ပျော်နေမိသည်။

ကလေးတွေ ပတ်ဝန်းကျင်ကို လေ့လာတတ်အောင် အရွက်တွေ၊ အပင်တွေ၊ အသီးအပွင့်၊ အကောင် ပလောင်လေးတွေ၊ ငှက်ကလေးတွေကို ကြည့်တတ်၊ လေ့လာတတ်အောင်၊ ထိန်းသိမ်းချင်စိတ်လေး တွေရှိလာအောင် သင်ပေးနိုင်ရင်တော့ သူတို့ကြီးလာတံ့အချိန်မှာ နောင်မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လောက်လှပလာလိမ့်မလဲ။ အခန်းထောင့်လေးမှာ Living Coner လေးတစ်ခုလုပ်ပေးထားပြီး အလေးချိန်ခွင်၊ သံလိုက်တုံးလေးတွေ၊ world of science လိုဟာမျိုး ကိုယ်တို့ဆီမှာ အရင်ကထွက်ဖူး တယ်။ “သုတရတနာသိုက်” လိုစာအုပ်မျိုးတွေ (စုတ်ရင်စုတ်သွားပါစေ) စာရွက်လေးတွေ၊ ဆေးရောင် စုံတွေ၊ ရောင်စုံရွှံ့တုံးတွေ၊ အန္တရာယ်မဖြစ်မယ့် လက်ကိုမထိရှတဲ့ ကတ်ကြေးတွေ၊ အိုးခွက်ပန်းကန် ဇွန်းခက်ရင်းတွေ၊ (ဟင်းချက်တန်းကစားပေါ့)၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တကယ့်အစစ်နဲ့တူတဲ့ အသီးအနှံတွေ၊ လက်တံလှည့်လို့ရတဲ့ နာရီတွေ၊ board ပြားမှာကပ်လို့ရတဲ့ သံလိုက်ပါတဲ့ ဂဏန်းစာ လုံးတွေချထားလို့ ကလေးတွေကို များများထိတွေ့ခွင့်ပေးလေ သူတို့ပါဝင်ရလို့ ပိုစိတ်ဝင်စားလေပေါ့။

သူငယ်ချင်းက လုပ်သက် (၃၇) နှစ်မှာ ပင်စင်ယူတယ်လို့ပြောတော့ ကိုယ်အလုပ်က ထွက်ခဲ့တာ တောင် (၁၈) နှစ်ရှိပါပေါ့လို့ တွေးမိတယ်။ ၁၉၉၈ ခု ကိုယ် ကထိကဘဝ (လုပ်သက် နှစ်ဆယ်ပြည့်ခါ နီးမှာ) လစာ ၁၈၅၀ (ကျောင်းကားခက ၂၀၀၀) ကလေးနှစ်ယောက်နဲ့ ဘယ်လိုမှ မစားလောက်လို့ အလုပ်က ထွက်ပြီးတဲ့အချိန်မှာ အဖေ့အလုပ်ကို ဝိုင်းကူရင်းနဲ့ စာသင်ချင်စိတ်က မဖျောက်နိုင်လို့ ကိုယ်တို့ရပ်ကွက်ထဲက ကလေးတွေကို စာသင်ပေးဖူးတယ်။ ဘစ်ရှော့ဟုမ်း၊ လသာ (၁)၊ လသာ (၂)၊ ဒဂုံ (၁)၊ ဒဂုံ (၂)၊ ကိုယ်တို့တီတီစီ အတန်းကလည်း ဒုတိယတန်းကနေ အဋ္ဌမတန်းအထိ မိန်းကလေး၊ ယောက်ျားလေးအစုံ၊ ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသားစုံတယ်။ ဗမာကလေးနှစ်ယောက်ပဲပါတယ်။ ဘာ သာစကားအခက်အခဲကြောင့် (၆) ဘာသာမှာ (၄) ဘာသာကျတဲ့ ကလေးတွေပါတယ်။ ကိုယ့်အိမ်က အခန်းမှာ ဇလုံ၊ ဖန်ခွက်၊ သဲ၊ ရွှံ့၊ ကြေးစည်၊ ငွေအကြွေစေ့တွေ၊ မျက်မှန်ကချွတ်ထားတဲ့ မှန်ခုံးမှန်ခွက် တွေ၊ သံလိုက်တုံးနဲ့ သံမှုန့်တွေ၊ နာရီပျက်နဲ့ခရုအစုံ၊ အသံညှိခက်ရင်းခွ၊ ရွက်ကျပင်၊ ရှားစောင်းလက် ပပ်၊ ထိကရုံးပင်တွေ ရှုပ်ပွနေတယ်။ သာမိုမီတာလည်းရှိတယ်။ (၇) တန်း၊ (၈) တန်းမှာ သာမိုမီတာ အကြောင်းသင်ရင် ကျန်တဲ့ကလေးတွေလည်း အပူချိန်တိုင်းကြရတယ်။ ဘယ်လိုတိုင်းရသလဲ ပြပေး တယ်။ မောင်နှမတွေလာတတ်တာမို့ တစ်စုကိုတစ်ချောင်း လက်ဆောင်ပေးလိုက်တယ်။ လူတိုင်းကိုယ် အပူချိန်တိုင်းတတ်သွားတယ်။ ငယ်တဲ့သူတွေကိုတော့ ကျကျိုးတတ်လို့ သူတို့ကိုတော့ လျှာအောက်မှာ ချိုင်းကြားမှာ ဘယ်လိုထားရတယ်ဆိုတာ ပြတယ်။ ခါရင်းနဲ့ကျိုးသွားတော့လည်း အထဲကပြဒါးတွေ ထွက်လာတာ ပြရတာပေါ့ (အရင်က မများပါဘူး)။

မြန်မာစာမှာ “မင်းသားနဲ့တမာရွက်ဥပမာ” သင်တယ်ဆိုပါတော့။ တမာရွက်ကို မသိကြဘူး။ စားလည်း မစားဖူးဘူး။ အိမ်ရှေ့ခြံထဲက သွားခူးခိုင်းပြီး သင်ရမယ့်သူရော၊ မသင်ရသူကိုပါ ရေဆေးပြီးတစ် ယောက်တစ်ရွက် ဝါးခိုင်းလိုက်တယ်။

တမာရွက်ဆိုတဲ့ ပုံပန်းသဏ္ဌာန်ရော၊ အရသာကိုပါ အားလုံးသိသွားကြတယ်။ အဲဒီလိုနည်းနဲ့ ကလေး တွေကိုသင်တာ လေးဘာသာကျကနေ နှစ်ဘာသာကျ၊ နှစ်ဘာသာကျရာကနေ ဘာသာစုံအောင်၊ အဲ ဒီကနေအဆင့် ၄၀ ကျော်ရတဲ့ကလေးက အဆင့် (၅) ကနေ (၁၀) ထဲကို ဝင်သွားတယ်။

သူငယ်ချင်းတို့ အောင်မြင်မှာပါ။ ငယ်တဲ့အချိန် သူငယ်ချင်းကလေးတွေကို ကိုယ်ကနည်းနည်းပြောပြီး သူတို့ကို များများလုပ်ခိုင်း၊ ပါဝင်ခိုင်းမယ့် နည်းတွေမို့ အကောင်အထည်ဖော်မယ့် ဆရာက အခရာဖြစ် တယ်။ မြို့ကြီးတွေမှာကတော့ အဆင်ပြေပေမယ့် ဝေးလံခေါင်ဖျား နေရာတွေမှာတော့ ကိုယ့်နယ်နဲ့ ဟပ်မိမယ့်ပုံစံမျိုး ထိုးထွင်းပြီး သင်ပေးရမယ်ထင်တယ်။ နောက်တစ်ကိုယ်ရေသန့်ရှင်းရေး (ခြေ၊ လက်၊ မျက်နှာ ဆေးကြောတာ၊ သွားတိုက်တာ၊ အိမ်သာသုံးတာ) လျှပ်စစ်နဲ့ပတ်သက်တဲ့ အန္တရာယ်၊ မေးခိုင် ပိုးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်၊ ငလျင်အန္တရာယ်တွေကိုလည်း ကလေးနဲ့တန်တဲ့ အတိုင်းအတာအထိ ပေးသိထားရလိမ့်မယ်ထင်တယ်။ (ဟိုးတစ်လောတုန်းက က လေးတစ်ယောက် အားသွင်းထားတဲ့ ကစားစရာကားကို သွားဖြုတ်ယူရင်း ဓာတ်လိုက်သေတဲ့ သတင်း ဖတ်ရတော့ စိတ်မကောင်းဘူး။)

ကိုယ်တို့ကလေးတွေက ဉာဏ်မထိုင်းကြဘူး။ ဉာဏ်ဖွင့်ပေးရင် အစွမ်းကုန် ပွင့်လန်းလာမှာသေချာ တယ်။ မူလတန်းအောက်ဆင့်၊ မူလတန်းအထက်ဆင့်တွေမှာ အခြေခိုင်သွားရင် Foundation ကောင်း သွားပြီဖြစ်လို့ အပေါ်အတန်းတွေ တစ်တန်းပြီးတစ်တန်း၊ တစ်ဆင့်ပြီးတစ်ဆင့် ကောင်းကောင်းတက် သွားနိုင်မှာ အသေအချာပေါ့။ ကိုယ်သင်တဲ့ကလေးတွေထဲမှာ တစ်ယောက်က အပြင်ဗဟုသုတ အလွန်ကောင်းပြီး စာမှာအောက်ခြေမခိုင်ခဲ့လို့ မိဘတွေနဲ့ညှိပြီး စတုတ္ထတန်းကို တစ်နှစ်ပြန်ထိုင်ခိုင်းပြီး မှ ဖြေခိုင်းရတယ်။ (တစ်နှစ် ပြန်ထိုင်တာနဲ့စာမေးပွဲကျတာ မတူဘူးနော်)။ အခုတော့ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ပြီး ချင်းတွင်းကောလိပ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူနေပြီ။

သင်ရိုးလည်းပြောင်းပါ။ သင်နည်းလည်း ပြောင်းပါ။ ဆရာတွေရဲ့ ခံယူချက်တွေလည်း ပြောင်းပြီး (နည်းနည်းလေး အားထည့်လိုက်ပါ) မိဘဆရာပူးပေါင်းလိုက်ရင် ကလေးတွေရဲ့ပညာရေး အလွန် ကောင်းလာမှာ အသေအချာပါ။ သူငယ်ချင်းတို့ အခုကာလ သင်ရိုးသစ်အပြောင်းမှာ နေ့မနားညမနား devote လုပ်ထားရတာတွေဟာ အနာဂတ်အသီးအပွင့်တွေ ငွါးငွါးစွင့်စွင့်ပွင့်လာရင် အမောပြေသွားမှာ အသေအချာပါ။ ပြောင်းလဲချိန်တန်တဲ့အချိန်မှာ အံဝင်ခွင်ကျပြောင်းလဲလာတဲ့ သင်ရိုးသစ်တွေကို သာဓုခေါ်ရင်း ကြိုဆိုလျက်။

မင်းရဲ့သူငယ်ချင်း-ခင်မာလွင်

မြန်မာ့အလင်းသတင်းစာ

ဖေဖော်ဝါရီလ (၈) ရက်၊ ၂၀၁၆ ခုနှစ်

Powered by Bullraider.com