ကျောင်းသားခေါင်းဆောင် သားတို့သမီးတို့အတွက် အိတ်ဖွင့်ပေးစာ

http://2.bp.blogspot.com/-i2GuWfllmlY/VNKI4H32K4I/AAAAAAAC-h0/bNNoYYop9c8/s1600/1.jpg

သားတို့သမီးတို့ ... မင်းတို့ဟာ တက်ကြွနိုးကြားပြီး သတ္တိရှိကြတဲ့ လူငယ်တွေဖြစ်တယ်။ အနာဂတ်အတွက် အားထားရမယ့် ခေါင်းဆောင်လောင်းတွေ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သင်ယူလေ့လာပြီး အခြေအနေအချိန်အခါကို သိမြင်တတ်ဖို့ အရေးကြီးတယ်။ မင်းတို့တွေဟာ ညံ့ဖျင်းတဲ့ ပညာရေးစနစ်ကို မကြိုက်လို့ စစ်အာဏာရှင်တစ်ပိုင်းအစိုးရကို သတ္တိရှိရှိနဲ့ တွန်းလှန်ဆန္ဒပြခဲ့ကြတယ်။

စစ်အာဏာရှင်အစိုးရကိုမုန်းနေတဲ့ ပြည်သူတွေက မင်းတို့ကိုထောက်ခံပြီး သူရဲကောင်းတွေအဖြစ် မြှောက်စားခဲ့ကြတယ်။ တကယ် တော့ဒီအချိန်မှာ မင်းတို့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပါလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်နားအထိ အရောက်မျှားခေါ်လာခဲ့တာ။ မင်းတို့ကိုဖြိုခွဲချင်ရင် မန္တလေးမှာကတည်းက အကုန်ထောင်ထဲထည့်လို့ရတယ်။ မင်းတို့ထက်အဆမတန် အင်အားကြီးမားတဲ့  ၈၈ အရေးအခင်းကြီးကိုတောင် အလွယ်တကူဖြိုဖျက်နိုင်တဲ့ ရက်စက်တဲ့စိတ်အာဏာကိုထိပါးရင် ဘုန်းကြီးတောင် မရိုသေမလေးစား မသနားတတ်ဘူးဆိုတာ လက်တွေ့ပြခဲ့ပြီးဖြစ်တယ်။ မင်းတို့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ပါလာရင် တစ်တိုင်းပြည်လုံးပါလာမယ်။ အဲဒီတော့ ပစ်ခတ်နှိမ်နင်းပြီး ထောင်ထဲထည့်ပစ်လိုက်မယ်။ ရွေးကောက်ပွဲလုပ်ပေးစရာ မလိုတော့ဘူးပေါ့။

ဒါကိုသိနေကြတဲ့၊ နိုင်ငံရေးအပါးဝနေကြတဲ့သူတွေက ထောင်ချောက်ကိုရှောင်ပြီး ရွေးကောက်ပွဲကို ဦးတည်ကြိုးစားခဲ့ကြတယ်။ မင်းတို့တောင်းတဲ့ ပညာရေးလိုလားချက် ၁၁ ချက်ထက် အရေးကြီးတာတွေ အများကြီးရှိနေလို့ မင်းတို့နောက်က ပါမလာခဲ့ကြတာပါ။ ကျောင်းသားဆိုရင် အစဉ်အလာအရ ချစ်ချင်အားကိုးကြတဲ့သူတွေက မင်းတို့နောက်မှာ ဘဝတွေရင်းပြီး ထောက်ခံလိုက်ပါကြတယ်။ မင်းတို့ ထောင်ကျတော့သူတို့လည်း ထောင်ထဲရောက်ကြရတယ်။ တကယ်တော့ အဲဒီအချိန်မှာလုပ်ရမှာက ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရအောင် လုပ်ကြရမှာ။ ဒါမှသွေးထွက်သံယိုကင်းတဲ့ အပြောင်းအလဲဖြစ်မှာ။ မင်းတို့သာ အဲဒီအချိန်မှာ အပြင်မှာရှိကြရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (သို့) ပြည်သူ့ပါတီအတွက် အင်အားတစ်ရပ်ဖြစ်နိုင်ပါတယ်။ တို့တွေအားလုံး ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနိုင်ရပြီး စစ်အစိုးရကို ဖယ်ရှားနိုင်ဖို့ သေလုအောင် ကြိုးစားခဲ့ကြတယ်။ အိုနာကျိုးကန်း လူမမာတွေတောင်မကျန်ဘဲ မဲရုံရောက်အောင် သွားကြတယ်။ နိုင်ငံခြားနေတဲ့သူတွေလည်း အဲဒီနေ့မှာ မဖြစ်မနေ မဲသွားထည့်ကြတယ်။ တစ်တိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက် တက်တက်ကြွကြွကြိုးစားခဲ့ကြပြီး ပြည်သူ့ပါတီက မဲအပြတ်အသတ် အနိုင်ရလို့ ပျော်ခဲ့ကြရတယ်။

ဒါတောင် အာဏာလွှဲပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တထိတ်ထိတ်နဲ့ အိပ်မပျော်နိုင်ဖြစ်ခဲ့ကြရသေးတယ်။ တို့တွေရဲ့ နိုင်ငံရေးနိုးကြားမှုအသိစိတ်နဲ့ တို့လိုချင်တဲ့ အစိုးရကို တို့တင်ခဲ့တာ။ အဲဒီအစိုးရနောက်မှာ အာဏာရှင်အဆွယ်အပါး လူအနည်းငယ်ကလွဲလို့ တို့ပြည်သူတစ်ရပ် လုံးရှိနေတယ်ဆိုတာ သားတို့သမီးတို့ သိထားမှ အခြေအနေမှန်ကို နားလည်မှာ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အာဏာရပြီး ၁၀ ရက်မပြည့်ခင်မှာ မင်းတို့ကိစ္စကို အရေးတကြီး ကိုင်တွယ်ခဲ့တယ်။ အဲဒီအချိန်မှာ ယခင်အစိုးရက အမှုတွေကိုပြီးအောင် စစ်ပြီး ပြစ်ဒဏ်ချလို့ရရဲ့သားနဲ့ မင်းတို့ကို ဓားစာခံအဖြစ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျပ်ကိုင်ဖို့၊ အပေးအယူလုပ်ဖို့ ကြံစည်ခဲ့တယ်။ ဒါတွေ မင်းတို့မသိခဲ့ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်း ခေါင်းထဲမှာထည့်ထားတော့ ဖြစ်နိုင်ရင် တပ်မတော်နဲ့ အတိုက်အခံမလုပ်ချင်ဘူး။ ဒါပေမဲ့ မင်းတို့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မလွှဲမရှောင်သာလို့ သူ့လုပ်ပိုင်ခွင့်နဲ့ဇွတ်လုပ်ခဲ့တယ်။ ဒါတွေကို သားတို့သမီးတို့ မသိချင်နေမယ်။ တစ်တိုင်းတစ်ပြည်လုံး သိကြတယ်။ မင်းတို့အတွက် ဒီလို ဇွတ်လုပ် လိုက်ရတာဟာ နိုင်ငံ့ရှေ့ရေးအတွက် မကောင်းမှန်းသိလို့ တို့တွေ စိုးရိမ်စိတ်ဖြစ်ခဲ့ကြရတယ်လေ။ ဒီလိုမှမလုပ်ရင်လည်း မင်းတို့ အပြင်ရောက်ဖို့က ကြာဦးမှာလေ။

စာသင်ခန်းထဲမှာ ရှိရမယ့်အစား ထောင်ထဲရောက်နေတာ ဘယ်မိဘကမှ စိတ်မကောင်းကြပါဘူး။ မင်းတို့ကိုလွှတ်ပေးဖို့ တို့စာရေးဆရာတွေ ဂျာနယ်ထဲမှာ အကြိမ်ကြိမ်ရေးခဲ့ပေမယ့် မလွှတ်ပေးခဲ့ဘူးလေ။ မင်းတို့က သူတို့အတွက် အကောင်းဆုံး ဓားစာခံပဲလေ။ မင်းတို့ထွက်လာတော့ ပြင်ပနိုင်ငံရေးအခြေအနေမှန်ကို မသိဘဲ စစ်အာဏာရှင်အစိုးရကို ပြောရမယ့်အတိုင်း ပြောချလိုက်တော့ ပြည်သူတွေက မင်းတို့ကို မုန်းရော။ မင်းတို့ကို သူရဲကောင်းတွေလို မြှောက်စားခဲ့ကြတဲ့သူတွေက မင်းတို့ကို ၀ိုင်းဆဲကြတော့တာပဲ။ အဲဒီတော့ ဆရာ စိတ်မကောင်းဘူး။ မင်းတို့ဟာ ပြည်သူက ၀ိုင်းအဆဲခံရမယ့် ကျောင်းသားတွေ မဟုတ်ဘူး။ တို့အားထားရမယ့် အနာဂတ်ခေါင်းဆောင်လောင်းတွေပါ။ ကျောင်းသားတွေဟာ စစ်အာဏာရှင်အစိုးရကို တော်လှန်ထကြွဆန္ဒပြတယ်ဆိုရင် သူရဲကောင်း။ ကျောင်းသားတွေဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဆန့်ကျင်ရင်တော့ စစ်အာဏာရှင်လက်ပါးစေ ကွန်မြူနစ်လက်သစ် အဖျက်သမားလို့ပဲ မြင်ကြလိမ့်မယ်ဆိုတာ သားတို့ကို ကြိုသိစေချင်ပါတယ်။ သားတို့သမီးတို့မှာလည်း ဘဝနဲ့ရင်းပြီးရလာတဲ့ သင်ခန်းစာတွေ အများကြီးမို့ အခြေအနေအချိန်အခါနဲ့ အမှန်အမှားကို ခွဲခြားနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေ မယုံကြည်မထောက်ခံရင် ဘယ်အဖွဲ့အစည်းမှ ကြာရှည်ရပ်တည်လို့မရဘူးဆိုတာ သမိုင်းသင်ခန်းစာတွေ ရှိပြီးသားပါ။ ကွန်မြူနစ်စိတ်ဓာတ်နဲ့ ဘယ်အစိုးရတက်တက် မယုံကြည်ဘဲ ဆန့်ကျင် ပြောဆိုရေးသားမိလို့ ထောင်ထဲမှာ နှစ် ၂၀ ကျော် ကျော်နေသွားခဲ့ရတဲ့ လူတော်လူကောင်းတစ်ယောက် ရှိခဲ့ဖူးတယ်။

မြန်မာနိုင်ငံသမိုင်းကို ပြန်ဖတ်ကြည့်ရင် တွေ့မှာပါ။ စာအတော်ရှည်သွားပြီမို့ နိဂုံးချုပ်ပါတော့မယ်။ ဆရာက သမီးလေးဖတ်ဖို့ စာအုပ်တွေရေးပြီး လူငယ်တွေဘက်က အမြဲရပ်တည် လမ်းညွှန်ရေးသားပေးနေတဲ့ စာရေးဆရာကောင်းသန့်ပါ။ ပါးစပ်မှာ ခဲဖျက်မပါမှန်းသိလို့ စကားပြောအရမ်းဆင်ခြင်ရသလို အရေးအသားကိုလည်း အမှားမပါအောင် အထူးဂရုစိုက်ရေးနေရပါတယ်။ အခုအချိန်မှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အပြောမှား အရေးမှားရင် အဆဲခံရတတ်တယ်ဆိုတာ သားတို့သမီးတို့ သိစေချင်တယ်။ အထူးသဖြင့် ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအပေါ်မှာ အခုချိန်မှာ ဝေဖန်ပြစ်တင်ဖို့ထက် နားလည်ယုံကြည်ရပ်တည်ပေးဖို့လိုတယ်။ တစ်ဖက်က အပြစ်တင်ဖြိုခွင်းဖို့ ချောင်းနေတာ။ ဒီတစ်ခါ တို့ပြည်သူ့အစိုးရ ပြိုလဲသွားလို့ကတော့ တို့တွေ စစ်ကျွန်ဘဝ ပြန်ရောက်သွားပြီး တစ်သက်လုံး လွတ်လမ်းမမြင် ဖြစ်သွားလိမ့်မယ်ဆိုတာယုံ။

လူငယ်တွေအကျိုး

အမြဲလိုလားတဲ့

မင်းတို့ကိုချစ်တဲ့

ကောင်းသန့်

7 Day Daily,

Wed, 2016-04-20 09:30

Issue No.

Powered by Bullraider.com