ဗိုင်းရပ်စ်

http://fm.cnbc.com/applications/cnbc.com/resources/img/editorial/2014/11/07/102165565-facebook.530x298.jpg?v=1454607902

လွန်ခဲ့သော တနင်္လာနေ့က ကျွန်တော် တက္ကသိုလ် ပထမနှစ်၏ ပထမဆုံးရက်ကို ဖြတ်ကျော်ခဲ့သည်။ အခုဆိုလျှင် တက္ကသိုလ်နယ်မြေနှင့် ယဉ်ပါးခဲ့သည်မှာ တစ်ပတ်ပင် ပြည့်ခဲ့လေပြီ။

တစ်ပတ်ပြည့်ခဲ့တော့ တက္ကသိုလ်၏ အခြေခံ လုပ်ဆောင်ချက်များ၊ အလေ့အထများ၊ ကိုယ်နှင့် သက်တူ ရွယ်တူ ကျောင်းသား ကျောင်းသူများ၏ အပြုအမူများကို အတိအကျမဟုတ်သော်လည်း အကြမ်းဖျင်းမျှတော့ အကဲခတ်နိုင်လေပြီဖြစ်၏။

ကျွန်တော်တို့တက္ကသိုလ်တွင် မိန်းကလေး အရေအတွက်နှင့် ယောက်ျားလေးအရေအတွက်က ကွာခြားလွန်းသည်။ မိန်းကလေးအယောက် ၁၆ဝ ကျော်နှင့် ယောက်ျားလေးက အယောက် ၂ဝ ပင်မပြည့်ချေ။

အတန်းချိန်တစ်ချိန်နှင့်တစ်ချိန် အကြားတွင် နာရီ ဝက်ခန့် လစ်လပ်လေ့ရှိသည်။ အားလပ်ချိန်ပေးထား သည်ဟု ကျွန်တော်ထင်သည်။ ထိုအချိန်က ကျွန်တော်တို့ အတန်းထဲရှိ မိန်းကလေးများ၊ ယောက်ျားလေးများ၏ ဖုန်းပွတ်ချိန်ပင်ဖြစ်၏။

အထက်တန်းကျောင်းတုန်းကဆိုလျှင် ကျောင်းသို့ ဖုန်းယူဆောင်ခွင့်ပြုမထားသဖြင့် အားလပ်ချိန်ဆိုလျှင် မရင်းနှီးသေးသော ကျောင်းသား ကျောင်းသူအချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် မေးမြန်းရင်း၊ စုံစမ်း ရင်းနှင့် အပေါင်းအသင်းများပါသည်။ အခုတော့ အချိန် ခဏလေးအားနေသည်နှင့် ကိုယ်စီကိုယ်စီ ဖုန်းအကြီး အသေးများကိုထုတ်ကာ ဖေ့စ်ဘွတ်သုံးကြသည်။

ထုတ်သုံးနေကြသော ဖုန်းများထဲသို့ ကြည့်လိုက်လျှင် လည်း ဖေ့စ်ဘွတ်မှလွဲ၍ အခြားအရာမမြင်ရပါ။ ကျွန်တော် ဖေ့စ်ဘွတ်မသုံးပါ။ ထို့ကြောင့် အားလပ်ချိန်တွင် ကျွန်တော့်တွင် လုပ်စရာမရှိပါ။ ထိုအခါမျိုးတွင် ကျွန်တော် အတန်းထဲရှိ ကျောင်းသားကျောင်းသူများနှင့်  ရင်းနှီးစေ ရန် ကြိုးစားသည်။ သို့သော် ဘယ်သူမှ အဖက်မလုပ်ကြ။ တချို့က စကားပင်ပြန်မပြောနိုင်ကြ။ သူတို့တွင် အဖော်ကောင်း ရှိသည်။ ထိုအဖော်ရှိနေလျှင် တခြားမိတ်ဆွေဆိုတာ လိုအပ်ပုံမရ။ ခင်မင်မှုတို့ပျောက်ဆုံးကုန်သည်။ သူငယ်ချင်းများရှားပါးလာသည်။ ရင်းနှီးမှုမရှိသော လူရိုင်းများလို ဖြစ်လာကြသည်။

ထိုကိစ္စသည် အလွန်ဆိုးရွားလှသော ကိစ္စရပ်ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ လူဆိုသည်မှာ မွေးဖွားလာချိန်မှစ၍ အပေါင်းအသင်းရှိရမည်။ သူငယ်ချင်းများ ရှိရမည်။ သို့မှသာ မိမိအကူအညီလိုအပ်ချိန်၊ စိတ်ဓာတ်ကျ အားငယ်နေချိန်တွင် သူငယ်ချင်း၏ဖေးမမှု၊ ကူညီ ဖြေရှင်းပေး၍ ရင်ဆိုင်ပေးမှုတို့ရလာမည်ဖြစ်သည်။

တိုးတက်လာသော ခေတ်စနစ်ကြီးကို နောက်ပြန် ဆုတ်ရန် ကြိုးစားနေခြင်းမဟုတ်ပါ။ ချင့်ချိန်နိုင်ကြစေရန် ဖြစ်ပါသည်။ တချို့က သူငယ်ချင်းဆိုတာ ဖေ့စ်ဘွတ်ပေါ်မှာ စကားပြောရင်းရှာလို့ရတာပဲဟု ပြောကြသည်။ ထို အယူအဆက လုံးဝလမ်းလွဲနေပေသည်။

လူသားအားလုံး၏ စိတ်ဝိညာဉ်အတွင်း၌ ဖေ့စ်ဘွတ် ဗိုင်းရပ်စ်က အခြေခိုင်မာစွာ နေရာယူနေပြီဖြစ်သည်။ တစ်ရက်လေးမျှ ဖေ့စ်ဘွတ်ဖွင့်မကြည့်ရလျှင်ကို စားမဝင် အိပ်မပျော်ဖြစ်နေတတ်ကြသည်။ ဤအရာကား ကောင်းသော အလေ့အကျင့်များကိုလည်း ဖျက်ဆီးတတ်သည်။ ကျောင်းသားများ အပြင်ဗဟုသုတစာပေများ၊ ရသစာပေများ မဖတ်ကြတော့။

ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်တာရာ စသောစသော အကျော်အမော်စာရေးဆရာကြီးများကိုတောင် မသိသောသူများ ပေါ်ပေါက်နေပါပြီ။

ဖေ့စ်ဘွတ်ကို လုံးဝမသုံးစွဲရန် ဆိုလိုနေခြင်းမဟုတ်ပါ။ လျှော့သုံးရန် တိုက်တွန်းနေခြင်းဖြစ်သည်။ မိမိ၏တန်ဖိုးရှိသောအချိန်များကို ခွဲဝေအသုံးချတတ်ရန် လိုအပ်သည်။ ဖေ့စ်ဘွတ်တစ်ခုတည်းပေါ်တွင် အာရုံစူးစိုက် ၍ ပတ်ဝန်းကျင်ကို မေ့လျော့နေခြင်းကား မဖြစ်သင့်ပါ။ အထက်ပါ အကြောင်းအရာများကို ထောက်ပြလိုသော စေတနာနှင့် ဤဆောင်းပါးကို အပြုသဘောဆောင်၍ ရေးသားလိုက်ရပါသည်။

စိုးပြည့်စုံ
ပထမနှစ်၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)

ကြေးမုံသတင်းစာ (၁.၁.၂၀၁၇)

Powered by Bullraider.com