ဆရာကို ဆရာလုပ်တာ အပြစ်လား

https://www.tes.com/sites/default/files/styles/news_article_hero/public/news_article_images/hattie_0.png?itok=EVEfzyPM

ဆရာကို ဆရာလုပ်တာ အပြစ်လားဆိုတဲ့ ပြဿနာကို ခေတ်သစ်မှာ ခေါင်းစဉ်တပ်ပြီး ပြန်ဖြေရှင်းသူကတော့ Melbourne Education Research Institute ဌာနက ပါမောက္ခ ဂျွန် ဟက်တိုင်းဆိုသူဖြစ်ပါတယ်။ သူ့အဖြေက တော့ ဆရာကို ဆရာလုပ်တာ အပြစ်ရှိတယ်လို့ ဆိုပါတယ်။

သူဆိုလိုချင်တာက ဆရာဆိုတာ ဘာကို သင်ရမယ်၊ ဘယ်လိုသင်ရမယ်ဆိုတာတွေကို တိတိကျကျ သေသေ ချာချာ ပြင်ဆင်လာခဲ့ရင် သူ့ကို ဘယ်လိုသင်ပါဆိုပြီးတော့ ဆရာလာလုပ်တာဟာ အပြစ်ရှိတယ်လို့ ပြောပါ တယ်။ သူဟာ ထင်ရှားတဲ့ ပညာရေး သုတေသီတစ်ဦးဖြစ်တာကြောင့် သူဘာကြောင့် ဒီလိုပြောသလဲဆိုတာ လေ့လာသုံးသပ်သင့်ပါတယ်။

ဂျွန်က လန်ဒန်မှာ ကျင်းပတဲ့ Visible Learning ပညာရေးညီလာခံတစ်ခုမှာ ဒီအတိုင်း ထုတ်ဖော်ပြောကြား သွားတာ ဖြစ်ပါတယ်။

“ကျွန်တော်ထင်တာကတော့ ဆရာတစ်ယောက် အခန်းထဲမှာ စာသင်နေတာကို အခြားဆရာ တစ်ယောက်က ဝင်လာပြီးတော့ ဘယ်လိုသင်ပါလို့ စွက်ဖက်ပြောကြားတာဟာ အပြစ်လုပ်တာပဲ။ ဒါဟာ ဘာကို ပြောသလဲ ဆိုတော့ နင်သင်တာမဟုတ်ဘူး။ ငါသင်တာဟုတ်တယ်။ ငါသင်သလို သင်ရမယ်ဆိုပြီး တိုက်ရိုက်စော်ကား ဝင်စွက်ဖက်တာပဲ” လို့ ပြောပါတယ်။

သူပြောချင်တာက ဆရာတစ်ဦး အခန်းထဲမှာ စာဝင်သင်နေရင် ၈၀ ရာခိုင်နှုန်းလောက်ဟာ ဘာတွေဖြစ်လာ မယ်ဆိုတာ မပြောနိုင်ဘူး။ ဆရာဆိုတာ ပြင်ဆင်သင်ကြားခဲ့တဲ့ အပိုင်းက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တာတွေက လတ်တလောဖြစ်ပျက်လာတဲ့၊ မေးခွန်းတွေ၊ မသိမှုတွေကို ရင်ဆိုင်ဖြေရှင်းသွားရမှာ။ တပည့်တွေရဲ့ အနေအထားတွေနဲ့ ပေါင်းစပ် ဖြေရှင်းသွားရမှာတွေ အများကြီးရှိတယ်လို့ သူဆိုလိုတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အတန်းထဲမှာ ဘာဖြစ်လာမယ်ဆိုတာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ခန့်မှန်းနိုင်စွမ်းရှိတယ်။ ၈၀ ရာခိုင်နှုန်းလောက် ဘာဖြစ်မှန်း မသိဘူးဆိုတော့ ရာခိုင်နှုန်းများများ ဖြေရှင်းဖို့ ရင်ဆိုင်ပြင်ဆင် အသင့်ဖြစ်နေ ရတဲ့ ဆရာတွေကို ဟိုလိုလုပ်ပါလား၊ သည်လိုလုပ်ပါလားဆိုပြီး သွားမထိန်းချုပ်သင့်ဘူး” လို့ သူကပြောပါ တယ်။

ဆရာဆိုတာ စာသင်ခန်းတစ်ခုထဲမှာ အမြဲတန်းစမ်းသပ်မှုတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရသူတွေ။ သူတို့က အစမ်းသပ်ခံတွေ။ ကျောင်းသားတွေက အစမ်းသပ်ခံတွေ မဟုတ်ဘူး။ ဒါကို သဘောပေါက်ထား စေချင်တယ်။ သူတို့သင်ကြားမှုဟာ ဘယ်လောက်အထိ ပေါက်မြောက်တယ်၊ အောင်မြင်မယ်ဆိုတာ ဆရာ တွေ အမြဲတန်း အစမ်းသပ်ခံနေကြရတယ်လို့လည်း သူကဆိုပါတယ်။

“ကျွန်တော်ကတော့ ကျွန်တော်သင်ကြားလိုက်မှုတစ်ခုခုရဲ့ သက်ရောက်မှုကို အမြဲပြန်တွက်တယ်။ ကိုယ်သင်တာ သက်ရောက်မှုမရှိဘူးဆိုရင် အလကားပဲ။ ကိုယ့်သင်ပြမှုကောင်းမှ သက်ရောက်မှုကောင်းမယ်။ ရလဒ်မရှိတဲ့ သင်ကြားရေးဟာ အလကားပဲ” လို့လည်း သူက သုံးသပ်ပါတယ်။

ကျောင်းသားတွေကို စစ်ဆေးတဲ့အခါ သူတို့ဘယ်လောက်လေ့လာ သင်ယူပြီးပြီဆိုတာ သိနိုင်တယ်။ သူတို့ သိတာတွေဟာ အဖြေပဲလို့လည်း ပါမောက္ခ ဟက်တီက ညီလာခံတက်ရောက်လာကြတဲ့ ကျောင်းအုပ်တွေကို ပြောကြားခဲ့ပါတယ်။

သူတိုက်တွန်းတာက ဆရာတွေ ဦးစွာ ကိုယ်ဘာသင်မယ်ဆိုတာကို အချင်းချင်း တိုင်ပင်ဆွေးနွေးသင့်တယ်လို့ ဆိုတယ်။ ကိုယ့်အချင်းချင်း ပွင့်လင်းစွာနဲ့ ဘယ်လိုပုံစံတွေ သွားကြမယ်ဆိုတာ ပူးပေါင်းဆွေးနွေးထားကြဖို့ လိုတယ်။ ကလေးတွေကို ငါတို့ ဘယ်လိုလမ်းကြောင်းအတိုင်း ခေါ်သွားကြမလဲဆိုတာ နားလည်သဘောပေါက် ပြီးရင် ဘယ်လမ်းကြောင်းနဲ့ သွားနေတာလဲလို့ ဆရာကို ဆရာ ဝင်မလုပ်နဲ့တော့။ သူလည်း သူကောင်းသလို ခေါ်ဆောင်သွားတာကို နားလည်ပေးရမယ်။

ပညာရေးမှာ လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်။ လမ်းကြောင်းမှန်ခင်းထားရင် နင်းလျှောက်သွားမယ့် ဆရာတွေ ဆရာမတွေက ကိုယ့်တပည့်တွေကို ဒုက္ခရောက်အောင် ကြိုးတုတ်ပြီးတော့ ဒရင့်တိုက်ဆွဲခေါ်သွား ကြမှာမဟုတ်ဘူး။

ဒါကြောင့် ပါမောက္ခကြီးပြောတာ မှတ်သားစရာ

“ယုံကြည်မှုတည်ဆောက်ကြပါ။ ကိုယ့်အချင်းချင်းလည်း တည်ဆောက်၊ စာသင်ခန်းထဲလည်းတည်ဆောက်”

(Ref : Telling another teacher how to teach? It's a sin, says leading academic, Adi Bloom)

Powered by Bullraider.com