ရွေးချယ်ခြင်းအနုပညာ

၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဟီလာရီ ကလင်တန် ဟာ ခက်ခဲတဲ့ရွေးချယ်မှုဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေ ခဲ့ဖူးပါတယ်။ စာအုပ်ထဲမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ခက်ခဲတဲ့ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အကြောင်း ဖော်ထုတ်ရေးသားထားပါတယ်။

ကျွန်တော်တို့ နေစဉ်ဖြတ်သန်းနေရတဲ့ဘဝမှာလည်း ခက်ခဲတဲ့ရွေးချယ်မှုတွေ ရှိခဲ့ကြပါတယ်။ ရှိနေကြဆဲဖြစ် သလို ရှိလည်းရှိနေကြဦးမှာပဲ ဖြစ်ပါတယ်။ မိဘတွေ ဆိုလည်း ကိုယ့်သားသမီးကျောင်းထားတော့မယ်ဆိုရင် ဘယ်ကျောင်းက စည်းကမ်းကောင်းတယ်၊ ဘယ်ကျောင်းက အသင်အပြကောင်းတယ်၊ ဘယ်ကျောင်းက အောင်ချက်ကောင်းတယ် စတဲ့အချက်တွေနဲ့ စံထိုးပြီးရွေးချယ်မှု ပြုတတ်ကြပါတယ်။

ရွေးချယ်မှုနဲ့ပတ်သက်ရင် အမျိုးသားတွေထက် အမျိုး သမီးတွေက ပိုပြီးတော့ စိတ်ရှည်ရှည်နဲ့ ရွေးချယ်မှုပြုတတ် ကြပါတယ်။ ဥပမာ အထည်အရောင်းဆိုင်တစ်ဆိုင်ကို သွားပြီး အဝတ်အထည်ဝယ်မယ်ဆိုရင် ရှိသမျှအထည် အကုန်နီးပါးကို ဖြန့်ကြည့်ကြ၊ ကိုယ့်အသားအရောင်နဲ့ လိုက်မလိုက် ကိုယ်နဲ့ကပ်ကြည့်လိုက် ပြုလုပ်တတ်ကြပါတယ်။ တစ်ဆိုင်တည်းမဟုတ်ပါဘူး။ တစ်ဆိုင်ပြီးတစ်ဆိုင် ကို ကြည့်နိုင်ကြတာပါ။ ဒီလိုကြည့်ရလို့ သူတို့အတွက် ပင်ပန်းတယ်လို့ ရှိပုံမရပါဘူး။ အဲဒီအတွက် ကုန်သွားတဲ့ အချိန်ကို နှမြောပုံလည်းမရပါဘူး။ ဆိုလိုတာကရွေးချယ် ရာမှာ စိတ်ရှည်တာကိုပြောချင်တာပါ။

ကျွန်တော်တို့ဘဝတွေမှာ ရွေးချယ်မှုတွေ တစ်ခုပြီး တစ်ခု ရွေးချယ်ဖြတ်သန်းခဲ့ရပေမယ့် ရွေးချယ်ခြင်း အနုပညာဟာ သင်ယူလို့မပြီးနိုင်ပါဘူး။ ရွေးချယ်စရာ နှစ်မျိုးကြုံလာရင် စိတ်နှစ်ခွဖြစ်ရ၊ သုံးလေးမျိုးကြုံလာရင် စိတ်သုံးလေးခွဖြစ်ခဲ့ရ၊ ကြုံခဲ့ရတာပါပဲ။ စာမေးပွဲတွေမှာလည်း မှား/မှန်ရောထွေး အမှန်ရွေး၊ အောက်ပါတို့အနက်မှ အမှန်ကိုရွေးပါ ဆိုတာမျိုးကိုလည်း ဖြေခဲ့ရပေါင်း မနည်းတော့ပါ။ အဖြေမှန်ကိုသိလို့ ရွေးခဲ့တာရှိသလို၊ နံကြိုနံကြား ထောက်ပြီး ရွေးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ဒီနေ့ခေတ်မှာခေတ်စားနေတဲ့ ကလပ်အသင်း ဘောလုံးသမားတွေဆိုရင်လည်း ဘယ်နိုင်ငံ၊ ဘယ်အသင်း မှာ ကစားရရင် ကိုယ့်အတွက် ပိုအဆင်ပြေမယ်၊ ပိုပြီးတော့ အောင်မြင်မယ်ဆိုတာတွက်ပြီး ရွေးချယ်မှုတွေ ပြုလုပ်ကြရ ပါတယ်။ ရွေးချယ်မှုမှန်သွားလို့ ပုံမှန်ပွဲထွက်ခွင့်ရတာ၊ ခြေစွမ်းပြနိုင်တာ၊ ဂိုးသွင်းနိုင်တာ စတဲ့ အောင်မြင်မှုရရှိ သွားတတ်ကြပါတယ်။ တချို့ဘောလုံးသမားတွေကျ တော့လည်း ရွေးချယ်မှုမှားသွားပြီး လူစွမ်းကောင်းဖြစ် မလာဘဲ ဗလာနတ္ထိဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ်။ ဒါကရွေးချယ်မှု မှန်ကန်ခြင်း၊ မှားယွင်းခြင်းရဲ့ အကျိုးရလဒ် ဖြစ်ပါတယ်။

ကျွန်တော်လည်း ဆယ်တန်းအောင်စာရင်းထွက်ပြီး တက္ကသိုလ်ဝင်တန်းလျှောက်တော့ နဖူးတွေဒူးတွေ့ ရွေးချယ်မှု ပြုလုပ်ရပါတယ်။ သူ့အချိန်နဲ့သူ့အခါတုန်းကတော့ ကျွန်တော့်အတွက် ခက်ခဲတဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဂုဏ်ထူးတွေ အစီအရီထွက်၊ အမှတ်မြင့်မြင့်မားမားနဲ့ အောင်တဲ့သူတွေအတွက်တော့ ရှင်းပါတယ်။ ဆေး တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ သစ်တောတက္ကသိုလ်တွေ လျှောက်လိုက်ရုံပါပဲ။ အမှတ်နည်းတဲ့သူတွေအတွက်တော့ အဝေးသင်တက်မလား၊ နေ့တန်းတက်မလား၊ ဘာမေဂျာ ရွေးမလဲ စတဲ့စတဲ့ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။ အဲဒီ တုန်းကလည်း ချီတုံချတုံပေါင်းများစွာဖြင့် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းချင်လို့ဆိုပြီး အင်္ဂလိပ်စာကို ရွေးချယ်ဖြစ် ခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်သေးပေမယ့် ရွေးချယ်မှုကတော့ မှန်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁ဝ၊ ၂ဝ၁၂ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ် တွေတုန်းက အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြ ပါတယ်။ အဲဒီမှာလည်း ပြည်သူတွေက ကိုယ်နှစ်သက်ရာ ပါတီ၊ ကိုယ်နှစ်သက်ရာအမတ်လောင်းကို ရွေးချယ်မဲပေး ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ့်ဒေသအကျိုး၊ ကိုယ့်နိုင်ငံ အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးနိုင်မယ်လို့ယူဆရတဲ့ အမတ်လောင်းကို ကိုယ့်အမြင်နဲ့ကိုယ် စိစစ်ရွေးချယ် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဘဝမှာ ရွေးချယ်ခွင့်ရတာရှိသလို ရွေးချယ်ခွင့်မရှိတာ လည်းရှိပါတယ်။ ကျွန်တော်တို့ကို ဆင်းရဲသားမိဘက မွေးမွေး၊ ချမ်းသာတဲ့မိဘက မွေးမွေး၊ အရုပ်ဆိုး အကျည်းတန်တဲ့ မိဘနှစ်ပါးကမွေးမွေး ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိပါဘူး။ အတိတ်ကံအကြောင်းတရားက ပေးတဲ့အတိုင်း ကျွန်တော်တို့ လက်ခံကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ မြောက်ဘက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အရှေ့တောင်ဘက်မှာ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဘယ်အိမ်နီးချင်းနိုင်ငံက ဘယ်လို မကောင်းလို့ဆိုပြီး ရွေးချယ်ခွင့်မရှိပါဘူး။

ဆိုလိုတာက ရွေးချယ်ခွင့်တွေ အများကြီးရှိနိုင်သလို၊ ရွေးချယ်ခွင့်မရှိတဲ့အခါတွေလည်း ရှိနိုင်ပါတယ်။ ရွေးချယ်ခွင့် ကြုံလာတဲ့အခါ အကောင်းဆုံးလို့ယူဆရတဲ့ အရာကို အတတ်နိုင်ဆုံးကြိုးစားပြီး ရွေးချယ်ကြရမှာပါပဲ။ ရွေးချယ်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ အကောင်းအဆိုးကိုတော့ ကျေကျေနပ်နပ်နဲ့ လက်ခံကြရမှာ ဖြစ်ပါတယ်။ အမှားကိုကြောက်လို့ဆိုပြီးတော့ ရွေးချယ်မှုကိုရှောင်လွှဲလို့မရနိုင်ပါဘူး။ ရွေးချယ်ခြင်းအနုပညာဟာ ကျယ်ပြန့် သလို၊ သိမ်မွေ့နက်နဲပါတယ်။ တစ်သက်လုံးသင်ယူရမယ့် ပညာလို့တောင် ဆိုချင်ပါတယ်။ အကောင်းဆုံးတွေကို ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျော်နိုင်တင့်
B.A (English)

ကြေးမုံသတင်းစာ (၈.၁.၂၀၁၇)

Powered by Bullraider.com