တောင်ကိုရီးယားနှင့် တရုတ်မူကြိုပညာရေးစနစ်များအားလေ့လာသုံးသပ်ခြင်း

http://www.educationnews.org/wp-content/uploads/2013/12/china_ed.jpg

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၅ နှစ်အရွယ် ၈၃ ရာခိုင်နှုန်းနဲ့ အသက် ၂ နှစ်အရွယ် ၃၆ ရာခိုင်နှုန်း ကလေးတွေကို ပုဂ္ဂလိကကျောင်းတွေ ပို့နေကြကြောင်း Korea Herald သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ Korea Institute of Child Care and Education ကလည်း အသက် ၅ နှစ်အရွယ် ကလေးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ တစ်ရက် မိနစ် ၅၀ လောက် လာထားနေကြတဲ့ မိဘတွေရှိနေကြောင်း ပြောထားပါတယ်။ အစိုးရကျောင်းဆိုတာထက် ပုဂ္ဂလိကကျောင်းတွေရဲ့ ပညာရေးစနစ်တွေကိုပါ မိဘတွေ စိတ်ဝင်စားစွာနဲ့ အချိန်ပေးလာတာတွေ့ရတယ်။

ကိုရီးယားမှာ ပုဂ္ဂလိကကျောင်းတွေက ဘာသာစကား၊ အားကစားနဲ့ အနုပညာ ဘာသာရပ်တွေကို အလေးပေး သင်ကြားပေးနေပါတယ်။ အဓိက အင်္ဂလိပ်ဘာသာစကားကို နိုင်ငံခြားဘာသာမှာ သင်ပေးကြတယ်။ ပုဂ္ဂလိက ကျောင်းတွေက ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းအတိုင်းသွားနေတယ်။

ကိုရီးယားမိဘတွေက ၅ နှစ်အရွယ် သားငယ်သမီးငယ်တွေကို နေ့ခင်းမှာ ပုံမှန်ကျောင်းတွေကို ပို့ကြပြီးတော့ အဲဒီကျောင်းတွေက လွှတ်လိုက်ရင် ဟတ်ဝမ်လို့ခေါ်တဲ့ ပုဂ္ဂလိကကျောင်းတွေကို ဆက်ပို့ကြတယ်။ အနည်းဆုံး နောက်ထပ် ၄ နာရီလောက် ဆက်ပြီးတော့ မိုးချုပ်တဲ့အထိ ပညာဆက်သင်နေကြရတယ်။

မိဘတွေက သူတို့နိုင်ငံ အစိုးရကျောင်းတွေက ပေးတဲ့ ပညာလောက်နဲ့ မလုံလောက်ဘူးလို့ ခံယူနေကြတယ်။ မိဘ ၅၄ ရာခိုင်နှုန်းလောက်က ဟတ်ဝမ်ကျောင်းတွေကိုပို့ပြီး ကလေးတွေကို မောင်းနေကြရမှ သူတို့မိဘ တာဝန်တွေ ကျေပွန်ပြီလို့လည်း ထင်နေကြပါတယ်။

မိဘတွေက ကျောင်းပြီးရင် နောက်တစ်ကျောင်းပြောင်းထားနေတာတွေကြောင့် ပညာရေးတိုးတက်သလား ဆိုတဲ့အဖြေကို The Korea Herald က ဒီလိုပြောထားတယ်။

“ကလေးတွေရဲ့ ပျော်ရွှင်စွာ နေထိုင်ရမယ့် အစောပိုင်းကာလတွေမှာ ကျောင်းတွေချည်းတက်နေရတော့ ကလေးတွေ ဘဝဆုံးရှုံးပြီး မပျော်မရွှင်ဖြစ်နေကြရတယ်။ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အရမ်းများတယ်။ ဒါကြောင့် တစ်ခုခုမှာ အာရုံစိုက်နိုင်စွမ်းတွေလည်း နည်းလာတယ်။ အချင်းချင်း ရန်လိုတာတွေ၊ ခိုက်ရန် ဖြစ်ပွား လာတာတွေလည်း များလာတယ်” ဆိုတဲ့ ဆရာမ ကင်အွမ်ရမ်းရဲ့ သုံးသပ်ချက်ဟာ ဆင်ခြင်စရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာကတော့ မူကြိုကလေးတွေကို ကွန်ဖြူးရှပ်ကျောင်းတွေပို့နေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ ဘိုးဘွားတွေ လက်ထက်ကတည်းက ကိုးကွယ် ဆည်းကပ်လာတဲ့ အတွေးအခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်ဟာ ကွန်မြူနစ်တွေလက်ထက်မှာတိမ်ကောပြီးတော့ ခုဆိုရင် ကွန်ဖြူးရှပ်မူကြိုတွေ ပေါ်ထွက်လာပြီး မိဘတွေကြားထဲမှာ ရေပန်းစားလာတယ်။

အစိုးရကလည်း ခုခေတ်မှ အနောက်တိုင်းပညာရေးကို အားမပေးချင်တာနဲ့ ရိုးရာပညာရေးဆိုပြီးတော့ ကွန်ဖြူးရှပ်ကို သင်ရိုးတွေမှာ ထည့်သွင်းသင်ကြားနေတာကို အားပေးနေပြန်ပါတယ်။ ဝူဟန်းပြည်နယ်မှာဆိုရင် အသက် ၂ နှစ်ကနေ ၆ နှစ်အထိ ကလေးပေါင်း ၃၀ လောက်ကို မူကြိုဆိုပြီး ဖွင့်ထားတဲ့ကျောင်းဟာ ကွန်ဖြူးရှပ် မူကြိုဖြစ်ပါတယ်။

အဲဒီကျောင်းဆောင်ပုဒ်က ဆရာသခင် ကွန်ဖြူးရှပ်ကို ကိုးကွယ်ပါတယ်။ ဆရာရဲ့ အတွေးအမြင်တွေကို သင်ကြားခွင့်ရလို့ ကျေးဇူးတင်ပါတယ်လို့တောင် ရေးထားတာတွေ့ရပါတယ်။ ကွန်မြူနစ်ခေတ် တောက် လျှောက်မကိုးကွယ်ခဲ့ရတာတွေကို ခုမှ ကလေးတွေနဲ့ သူတို့စတင်ပြီး ကိုးကွယ်မှုတွေ၊ ယဉ်ကျေးမှုတွေ အကောင် အထည်ဖော်ဖို့ ပြင်ဆင်နေကြပါပြီ။

တရုတ်နိုင်ငံမှာ ကွန်ဖြူးရှပ် မူကြိုတွေကို ၂၀၁၅ ခုနှစ်လောက်ကတည်းက ဖွင့်ခဲ့တာလို့ဆိုပါတယ်။ ခုဆိုရင် ကျောင်းပေါင်း ၁၅၀ လောက်တောင်ရှိနေပြီ။ တစ်နှစ်ကို ဒေါ်လာ ၁၀၀၀ လောက်ပေးတက်ကြရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အတွေးအခေါ်တွေကို ရွတ်ဆိုရေးခိုင်းပြီး သင်ကြားပေးနေကြ တာလည်းဖြစ်ပါတယ်။

ကွန်ဖြူးရှပ်ပညာရေးက ဘီစီ ၅၅၁-၄၇၉ လောက်ကတည်းက စတင်ခဲ့တာပါ။ မိဘနှင့် သက်ကြီးရွယ်အိုများကို ရိုသေခြင်း၊ လူ့ဘောင်အဖွဲ့နှင့် သင့်တင့်မျှတ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း၊ အာဏာပိုင် အဖွဲ့ အစည်းကို ရိုသေလေးစားခြင်းဆိုတဲ့ သဘောတရားတွေဟာ လက်ရှိ တရုတ်လူ့ဘောင်မှာသာမက အခြားသော အဖွဲ့အစည်းတွေမှာပါ အားနည်းလာတာ ဖြစ်တဲ့အတွက် ပြန်လည်ဖော်ထုတ်ဖို့ မိဘတွေကလည်း စိတ်ဝင်စားလာကြတာလို့ ယူဆရပါတယ်။

တရုတ်နိုင်ငံမှာ သာမန်ပညာရေးစံအတိုင်း ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းပေါင်း ၂၂၃၇၀၀ ရှိပါတယ်။ ကွန်ဖြူးရှပ် ဖောင်ဒေးရှင်းတွေထူထောင်ပြီး ကွန်ဖြူးရှပ်ဘာသာရေးနွှယ်ကာ ဖွင့်လှစ်လာတဲ့ ကျောင်းပေါင်း ၃၀၀ ခန့် ရှိလာပါပြီ။ ဘာသာရေးဆိုတာ ဘိန်းဖြစ်တယ်လို့ ပြောခဲ့တဲ့ ကွန်မြူနစ်နိုင်ငံက ခေါင်းဆောင်တွေဟာ ကွန်ဖြူးရှပ် ပညာရေးနဲ့ ဘာသာရေးပုံစံကို ပြန်ပြီးတော့ ခွင့်ပြုလာတာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဘာပြောပြော အနောက်ဟန် အနောက်ဓလေ့တွေကို မုန်းတီးတတ်တဲ့ တရုတ်ခေါင်းဆောင်တွေကတော့ ပညာရေးမှာ အနောက်တိုင်းဓလေ့တွေ လွှမ်းမိုးလာမှာကြောက်ပြီးတော့ သင်ရိုးတွေ ဖြုတ်ခဲ့ရုံမက ကွန်ဖြူးရှပ် ဘာသာရေးနဲ့ မူကြိုတွေ အားပေးလာတာ ပညာရေး ပြုပြင်ပြောင်းလဲမှုလား စောင့်ကြည့်ရပါလိမ့်မယ်။

တောင်ကိုရီးယားနိုင်ငံက အနောက်တိုင်းပညာရေးကို အလွန်အားပေးနေချိန်မှာ တရုတ်ကတော့ ကွန်ဖြူးရှပ် ပညာရေးဆိုပြီး ပြန်လည်ဖော်ဆောင်နေကြတာ အာရှမှာစိတ်ဝင်စားစရာဖြစ်လာပါတယ်။

(Ref : The Korea Herald, Reuters)

Powered by Bullraider.com