ငယ်ငယ်က အမှတ်တရ ကဗျာ

http://activeforlife.com/wp/wp-content/uploads/2012/12/soccer-skills-not-trophies.jpg

ဂျပန်နိုင်ငံမှာ ဆရာတွေ ဆရာမတွေဟာ တစ်နေ့ကို နာရီ ၆၀ လောက် စာသင်နေရတယ်ဆိုတဲ့သတင်းကို အဆာဟီရှင်ဘွန်း သတင်းစာမှာ ဖတ်လိုက်ရတယ်။

ဂျပန်နိုင်ငံ ပညာရေးမြင့်မားဖို့ ကြိုးစားနေကြတာတဲ့။ ကာယဆရာတွေဆိုရင် မနက် ၇ နာရီမထိုးမီကတည်းက ကျောင်းအရောက်လာကြရပြီး ည ၉ နာရီထိုးမှ ပြန်ကြရတယ်။ ဆရာ ဆရာမ ၈၇ ရာခိုင်နှုန်းလောက် အခြား ဝန်ထမ်းတွေထက် ပိုပြီး အလုပ်တွေ လုပ်နေရတာလို့ဆိုပါတယ်။

Quality ပညာရေးရဖို့ ဒီလောက်တောင် အလုပ် လုပ်စရာလိုသလား။

ဝါဆေဒါ တက္ကသိုလ်က ပါမောက္ခ ဆာဝါကို ယူဖူက

“ ဆရာတွေက သူတို့ကိုယ်သူတို့ ပျက်စီးအောင် လုပ်နေကြတာ။ သူတို့က အချိန်တွေအများကြီး တပည့်တွေကို ပေးထားပြီး သူတို့ကလေးတွေကို ဂရုစိုက် သင်ကြားရမယ်လို့ ထင်နေကြတာ။ သူတို့ဘဝ သူတို့အတွက် လေ့လာသင်ကြားဖို့ အချိန်တွေကို မေ့နေကြတာ။ သူတို့ မလေ့လာ မသင်ယူရင် ပညာရေးဟာ ပိုပြီးတော့ နိမ့်ကျသွားမယ်ဆိုတာ သတိမမူကြဘူး။ ဒီလိုလုပ်နေလို့ ကွာလတီပညာရေးဆိုတာ ရလာမှာ မဟုတ်ဘူး” လို့ ဝေဖန် မှတ်ချက်ပေးသွားတယ်

ကွာလတီ ပညာရေးဆိုတာ ကျောင်းသားတွေကို အချိန်ပြည့် စာတွေနဲ့ ဖိသတ်ထားတာမျိုး မဟုတ်ဘူး။ အများကြီးသင်၊ အကြာကြီးသင်တိုင်း ပညာရေးဟာ တိုးတက် မြင့်မားလာမှာ မဟုတ်ဘူး။

မျှတအောင်သင် ကိုယ်တိုင်လည်းလေ့လာသင်ယူနိုင်ခြင်းမရှိရင်၊ ကလေးတွေကိုလည်း ကစားချိန်၊ နားချိန် မပေးရင် အားလုံးဟာ စက်ရုပ်ဆန်ဆန်တွေ ဖြစ်ကုန်တော့မှာပဲ။

ဆရာတွေရဲ့ ဘဝမှာ ကိုယ်တိုင်လေ့လာသင်ယူဖို့ အရေးအကြီးဆုံးပဲ။ ကိုယ်က တပည့်တွေထက် အစစ အရာရာ သာနေမှ ဆရာတွေဖြစ်တော့မှာပေါ့။

ငယ်စဉ်က မူလတန်းမှာ သင်ခဲ့ရတဲ့ ကဗျာလေး သတိရတယ်။

Work while you work.

Play while you play.

This is the way

to be happy and gay.

One thing at a time.

And done well.

Is the best of rules,

As many can tell.

So, work while you work,

And play while you play.

အလွန်ချစ်စရာ ကောင်းတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးလောက် နားလည်ရင် ကောင်းကောင်း အလုပ်ဖြစ်နေပြီ။

ကျွန်တော်တို့ နိုင်ငံမှာလည်း ကလေးတွေကို စာလုပ်ချိန်မှာ စာလုပ်ခိုင်းပြီး၊ ကစားခွင့်တွေ ပေးကြရဲ့လား။ ကလေးတွေကို ကျောင်းပြီးရင် ကျူရှင်၊ ကျောင်းပိတ်ရင် အပြင်ကျောင်း၊ ထပ်ထပ်ပြီးမောင်းနေတာ ချစ်တာ လား။

မြန်မာနိုင်ငံမှာ ကလေးတွေအတွက် ကစားကွင်းတွေလည်း ကောင်းကောင်းမရှိပါဘူး။ ကစားတာဟာ မကောင်းဘူးလို့ ယူဆနေတဲ့ လူ့ဘောင်က လူတွေကို ဖင်လန်ပညာရေး ဘာကြောင့် တိုးတက်မြင့်မားနေတယ် ဆိုတာ သိစေချင်လိုက်တာ။

တစ်ချိန်လောက် စာသင်ပြီးတိုင်း ရာသီဥတုသာယာရင် အပြင်ထွက်ကစားခိုင်း၊ ရာသီဥတုဆိုးရင်လည်း ကျောင်းခန်းထဲမှာပဲ ကစားခိုင်းနေတာ။ တစ်နေ့ကို စာသင်ချိန်ထက် ကလေးတွေရဲ့ ကိုယ်ပိုင်အချိန်တွေက ပိုများပါသတဲ့။

ကစားကွင်းမရှိ၊ ကျောင်းခန်းကကျဉ်းကျဉ်း၊ စာတွေကိုလှိမ့်ဆို၊ အလွတ်ကျက်နေကြတဲ့ အလက်ကျွတ်ပညာရေး ဆိုတာ ကွာလတီပညာရေးနဲ့ အဝေးကြီးပါ။

ကစားချိန်ကစား နားချိန်နားမှ

ကလေးဘဝအနာဂတ် လှပမှာပါ

၂၁.၁.၂၀၁၇

Powered by Bullraider.com