အများရှေ့မှာ ချီးမွမ်းပါ ကွယ်ရာရောက်မှ ဆုံးမပါ

No automatic alt text available.

လူရယ်လို့ဖြစ်လာရင် ကြီးကြီးငယ်ငယ် ဘယ်သူမှတော့ အမှားနဲ့မကင်းကြပါဘူး။ လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ဘယ်လောက်ပဲ မိုးပျံအောင်တော်နေပါစေ သူမကျွမ်းကျင်တဲ့နယ်ပယ်၊ သူအားနည်းတဲ့နေရာ တစ်ခုတော့ ကျိန်းသေရှိနိုင်ပါတယ်။ အဲဒီနယ်ပယ်မှာ သူမသိဘဲဖြစ်စေ သိရက်ဖြစ်စေ အမှားတစ်ခုခု ကျူးလွန်နိုင် ပါတယ်။ ဒါဆို သူ့ကို ကျွန်မတို့ ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာ လား၊ အပြစ်တင်မှာလား၊ ဆုံးမမှာလား၊ ဘယ်လိုချီးမွမ်းမှာလဲ၊ ဘယ်လို ဆုံးမမှာလဲ။

ကျွန်မက ကျောင်းဆရာမဆိုတော့ ကျွန်မ ကျင်လည်ရာ အသိုင်းအဝိုင်းနဲ့ပဲ ဥပမာပေးပါရစေ။ ကျွန်မ အတန်းထဲက တပည့်တစ်ယောက်က စာမကြိုးစားဘူး။ စိတ် လေလွင့်နေတယ်။ ဆိုးသွမ်းနေတယ်ဆိုပါတော့။ ဒါဆို ကျွန်မက အတန်းသားအားလုံးရဲ့ရှေ့မှာ

''ဟေ့ ထွန်းထွန်း၊ နင်ဟာ အလကားကောင်။ စာကလွဲရင် ကျန်တာအကုန်လုပ်တဲ့ အမှိုက်။ နင့်လိုကောင်က လောကအတွက် ဘာမှအသုံးမဝင်ဘူး။ နင့်အချိုးတွေကို ပြုပြင်စမ်း။ ငါ စေတနာနဲ့ပြောနေတာ''လို့ ဆုံးမရမှာလား။

ဟင့်အင်း။ လုံးဝမလုပ်သင့်တဲ့ ဆုံးမနည်းပါ။ အဲဒီလိုသာ ဆုံးမလို့ကတော့ ကျွန်မထားတဲ့ စေတနာက သူ့အတွက် အရာမထင်တဲ့စေတနာ။ ကျွန်မက သူ့အတွက် အကျိုးမပြုတဲ့ ဆရာမဖြစ်သွားမှာ ကျိန်းသေပါပဲ။ သူ့သူငယ်ချင်းတွေရှေ့မှာ သူရှက်သွားမယ်။ ကျွန်မကို စိတ်နာသွားမယ်။

အရွဲ့တိုက်မယ်။ မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်ချင်တုံ့ပြန်မယ်။ ဒီလိုနဲ့ သူဟာ အရင်ထက် ဆယ်ဆဆိုးတဲ့သူ ဖြစ်သွားမှာပါ။ အများရှေ့မှာ ပက်ပက်စက်စက် အပြောခံရလို့ မခံချင်စိတ်နဲ့ကြိုးစားရင်း တိုးတက်အောင်မြင်သွား တယ်ဆိုတာ လူတစ်ရာမှာ တစ်ယောက်သာရှိချင်ရှိပါ လိမ့်မယ်။

ကောင်းကွက်ကိုရှာ မေတ္တာတဲ့။ ဘယ်လောက်ဆိုးတဲ့ သူဖြစ်ဖြစ် ကောင်းတဲ့တစ်ချက်တလေ ကျိန်းသေရှိမှာပါ။ သူ့ဆီက ချီးကျူးစရာကောင်းတဲ့အချက်ကို တွေ့အောင်ရှာပြီး အများရှေ့မှာချီးကျူးပေးရင် သူပျော်သွားမှာပါ။ပြီးမှ အများကွယ်ရာကို သီးသန့်ခေါ်လိုက်ရင်း ''မင်းအတွက် ဆရာမက စေတနာထားလို့ ဒီလိုခေါ်ပြောတာပဲ သားရယ်။ မင်းဉာဏ်လေးကောင်းရက်နဲ့ ကြိုးစားမှုလေး လိုနေတယ်။ ခုချိန်ကြိုးစားရင် မီနိုင်ပါသေးတယ်။ သူများတွေလိုပဲ ကြိုးစားပြလိုက်စမ်းပါကွ။ မသိတာရှိရင် ဆရာမကို မေး။ အခက်အခဲရှိရင်လာပြော။ ဆရာမ တတ်နိုင်သလောက် ကူညီမယ်''ဆိုတာမျိုး စည်းရုံးမှသာ ရလဒ်ကောင်းကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

ငါ ဆရာမပဲ။ ငါ လူကြီးပဲ။ ငါ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ''ကောင်းစေချင်လို့ပြောတာ''၊ ''ငါပြောရင် ဖြစ်တာပဲ''ဆိုပြီး စကားတိုင်းကို အထိန်းအကွပ်မရှိ လျှောက်မပြောသင့်ပါဘူး။

မပြောခင်မှာ သင့် မသင့်ဆင်ခြင်ရပါမယ်။ မဖြစ်မနေ ပြောရမယ်ဆိုရင်လည်း သင့်တင့်မျှတကောင်းမွန် တဲ့ စကားလုံးနဲ့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လိုရာရောက်အောင် ပြောနိုင်ပါတယ်။

တချို့သော စကားတွေက ပြောလိုက်တဲ့သူအတွက် ဘာမှမဟုတ်ပေမယ့် အပြောခံရသူအတွက် စိတ်နာစရာ၊ အရှက်ရစရာ၊ သိက္ခာကျစရာ ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ဘွာတေးခတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။

ဒီလိုပါပဲ။ ကိုယ့်ရဲ့မိသားစုမှာ၊ ကိုယ့်ရဲ့ အသင်းအဖွဲ့ မှာ၊ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ၊ မိသားစုအချင်းချင်း၊ အသင်း သားအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မကျေလည်တာ၊ အဆင်မပြေ တာများကြုံခဲ့ရရင် အများရှေ့မှာ ပြစ်တင်မောင်းမဲတာမျိုး ကာယကံရှင်ရဲ့ကွယ်ရာမှာ အတင်းအဖျင်းပြောတာ မျိုးလုံးဝမလုပ်သင့်ပါဘူး။ သူ့အတွက် အကျိုးမရှိတဲ့အပြင် သူပြန်ကြားရင် အမုန်းပွားရုံသာရှိပါတယ်။

သူ့အပေါ်တကယ်စေတနာထားရိုးမှန်ရင် အများကွယ်ရာမှာ အပြုသဘောနဲ့ ခေါ်ယူဆွေးနွေးရမှာပါ။ ကိုယ့် အချင်းချင်းပဲ ပွင့်ပွင့်လင်းလင်း အကျေအလည်ရှင်းလင်း လို့ရပါတယ်။ ဒါမှသာ အဆင်ပြေပျော်ရွှင်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။

ဒီလိုမဟုတ်ဘဲ ထစ်ခနဲရှိ ရှူးရှူးရှဲရှဲလုပ်။ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း လူတကာရှေ့ပြော။ ကွယ်ရာအတင်းပြော။ သေချာမသိဘဲ ဝေဖန်။ ကိစ္စမပြီးခင် အပြစ်တင်။ အများ ရှေ့မှာ ရှုတ်ချ။ ဖေ့စ်ဘွတ်မှာလျှောက်ရေးဆိုတာမျိုးကတော့ အချင်းချင်းလည်း မပြေလည်။ လုပ်ငန်းလည်း မအောင်မြင်ဘဲ သေးတဲ့ပြဿနာကို ကြီးအောင်ချဲ့သလိုသာ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် မိဘနဲ့သားသမီး၊ ဆရာတပည့်၊ လုပ်ဖော် ကိုင်ဖက်အချင်းချင်း ကျွန်မတို့တွေ တစ်ယောက်ကို တစ်ယောက် တကယ်စေတနာထားရင်၊ တကယ်အကျိုး လိုလားရင် ကိုယ့်လူရဲ့ကောင်းတဲ့အချက်အတွက် အများရှေ့မှာ ချီးမွမ်းပြီး အပြစ်တစ်စုံတစ်ရာတွေ့တဲ့အခါတော့ အများကွယ်ရာရောက်မှ ပဲ့ပြင်ဆုံးမကြပါစို့လားရှင်။

အေးမြတ်မြတ်ဖြိုး(ကံမ)

အထက်တန်းပြ

ကြေးမုံသတင်းစာ (၂၉.၁.၂၀၁၇)

 

Powered by Bullraider.com