စင်နာဂျီကိုလက်ခံပေးပါ

http://www.bluntmoms.com/wp-content/uploads/2014/12/grandfather-and-granddaughter.jpg

“ဘိုးရေ … တစ်နဲ့ တစ်ပေါင်းရင် ဘယ်လောက်လဲ”

“မြေးလေးကလည်း … ဘိုးကို ပညာစမ်းတာလား”

“ပြောပါဘိုးရဲ့ … ဝမ်း ပလပ်စ် ဝမ်း အီးကွဲတူ”

“တူး ပေါ့ … နှစ်ပေါ့”

“ဂူဂူးမေးချင်တာ တစ်နဲ့ တစ်ပေါင်းရင် ဘာဖြစ်လို့ နှစ်ဖြစ်နေရတာလဲ။ သုံး ဘာကြောင့် မဖြစ်ရတာလဲ”

ဒီကိစ္စကို မြေးလေးနားလည်အောင် ဘိုးရှင်းပြဖို့ခက်တယ်။ ဦးနှောက်ခြောက်ရပြီ။

တကယ်တော့ ဒါဟာ အင်္ဂလိပ်လို ပြောရရင်တော့ “Synergy” (စင်နာဂျီ) သဘောတရားလို့ ခေါ်တယ်။ Synergy နဲ့ တွဲပြီး စဉ်းစားရမှာက “Compromise” နဲ့ “Cooperation” “ကောမ်ပရိုမိုက်စ်” နဲ့ “ကိုအော့ပရေးရှင်း”

ဂူဂူးကို စင်နာဂျီ၊ ကောမ်ပရိုမိုက်စ်၊ ကိုအော့ပရေးရှင်းတွေ သွားရှင်းပြလို့ မရဘူး။

Compromise သဘောတရားနဲ့ တွေးရင်

၁ + ၁ = ၁ ၁/၂

Cooperation သဘောတရားနဲ့တွေးရင်

၁ + ၁ = ၂

Synergy သဘောတရားနဲ့တွေးရင်

၁ + ၁ = ၃

ခုဆိုရင် မြေးလေး ဂူဂူးတွေးလာတာက Synergy သဘောတရားဖြစ်နေတယ်။

Synergy ဆိုတာက “the combined power of a group of things when they are working together which is greater than the total power achieved by each working separately” လို့ အဘိဓာန်မှာ ဖော်ပြထားတယ်။

အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်လို့ ရလာမယ့် အကျိုးရလဒ်ဟာ ၁ နဲ့ ၁ ပေါင်းရင် ၂ ထက်ပိုတဲ့ အကျိုးတရားတစ်ခု ၃ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်လို့ လုပ်ငန်းသဘောတရားတွေမှာ၊ နိုင်ငံရေးသဘော တရားတွေမှာ တွက်ဆထားကြတဲ့ အယူအဆတစ်ခုလို့လည်း ဆိုနိုင်တယ်။ ၁ နဲ့ ၁ ပေါင်းရင် ပုံသေ ၂ ဆိုတာထက် ပိုပြီး အားကောင်းသွားနိုင်တယ်လို့ သတ်မှတ်ပြီး Synergy အနေနဲ့ ၃ လို့ ယူဆကြတယ်။

Compromise သဘောတရားကတော့ သိကြမှာပါ။ ဟာသတွေလည်း ထုတ်ဖူးကြတယ်လေ။ ၁ နဲ့ ၁ ပေါင်းရင် ဆရာက ဘယ်လောက်ဖြစ်စေချင်လို့လဲဆိုတဲ့ သဘောတရားပေါ့။ Compromise ဆိုတဲ့ သဘောတရားအတိုင်း အပေးအယူတွေ၊ ညှိနှိုင်းတဲ့သဘောတရားတွေပါနေတယ်။ ဖြစ်ချင်တဲ့အတိုင်း ညှိကြတာပေါ့။

“ဂူဂူးရေ … ကျောင်းပိတ်ရင် ကျိုက်ထီးရိုးသွားမလို့တဲ့ လိုက်သွားမှာလား”

“မလိုက်ချင်ဘူး ဘိုးဘိုး”

“ဘာဖြစ်လို့လဲ မြေးလေးရဲ့”

“ကျောင်းပိတ်ရင် ကြည်သာအေးနဲ့ ချိန်းထားတယ်။ သူနဲ့ ဘိုး ဝယ်ထားပေးတဲ့ အင်္ဂလိပ်စာအုပ်တွေ ဖတ်မယ်လို့ ကတိပေးထားတယ်။ ကျိုက်ထီးရိုးက ရောက်ဖူးတာပဲ။ ရင်မခုန်ပါဘူး”

“ဂူဂူး … ဂူဂူး ဖေဖေနဲ့ မေမေက စေတနာနဲ့ စီစဉ်တာလေ။ ငြင်းလို့ ကောင်းပါ့မလား”

“စေတနာဆိုရင် သူတို့အတွက်ပဲ မကြည့်နဲ့လေဘိုးရဲ့ … ဂူဂူးဘက်ကလည်းကြည့်လေ”

“စောစောက မြေးလေးမေးတဲ့ တစ်နဲ့တစ်ပေါင်းရင် ဘာကြောင့် သုံးမဖြစ်ရတာလဲဆိုတာ ဘိုးဖြေမယ်”

“အဲဒါ … အဲဒါကို စောင့်နေတာ”

“ကျိုက်ထီးရိုးသွားမယ်။ ဒါ အစဉ်အလာပဲ မြေးလေးရဲ့။ အိမ်က ဘုရားတော့ မှန်အောင်မရှိခိုးဘူး။ ကျိုက်ထီးရိုးကို အသည်းအသန်သွားမှ ကုသိုလ်ရတယ်ထင်နေတာ။ အစဉ်အလာအတိုင်း လိုက်လုပ်နေကြတာ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လိုက်လုပ်တာကို ဘာလို့ သတ်မှတ်နိုင်သလဲမြေးလေး။ တစ်နဲ့ တစ်ပေါင်းရင် …”

“ Yes! တစ်နဲ့ တစ်ပေါင်း နှစ်ပေါ့”

“ဟုတ်ပြီ … မြေးလေးက အိမ်မှာ သူငယ်ချင်းနဲ့ အေးအေးဆေးဆေး စာဖတ်ချင်တယ်။ သူများတွေ ဘုရားသွား သလို မသွားချင်ဘူး။ ဒါက အစဉ်အလာကနေ နည်းနည်း ခွဲထွက်လိုက်တာ။ တစ်နဲ့ တစ်ပေါင်းတိုင်း နှစ်ဖြစ်ချင်မှ ဖြစ်တော့မယ်။ အစဉ်အလာကို လျှော့လိုက်တာ”

“ဘိုးရေ … တစ်ခွဲလည်း ဖြစ်သွားနိုင်တာပဲ”

“နောက်တစ်ခု ထပ်ပြောမယ်။ တကယ်လို့ ဂူဂူးက ဖေဖေနဲ့ မေမေရဲ့ ဆန္ဒကိုလည်း လိုက်လျောရာရောက် အောင်၊ သူတို့ကိုလည်း ဆန့်ကျင်ရာမရောက်အောင်၊ သူငယ်ချင်း ကြည်သာအေးကို ကျိုက်ထီးရိုးခေါ်သွားမယ်။ လမ်းမှာ စာအုပ်တွေ အတူဖတ်သွားမယ်။ ဒါဆိုရင် ဖေဖေလည်းပျော်၊ မေမေလည်းပျော်၊ ကြည်သာအေးလည်း ပျော်၊ ဂူဂူးလည်းပျော် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲဒါက တစ်နဲ့ တစ်ပေါင်းရင် သုံးဆိုတဲ့ အမြင်ပဲ မြေးလေးရဲ့”

“အဲဒါ … အဲဒါကို ပြောချင်နေတာ။ ကြည်သာအေးက သနားပါတယ်။ ကျိုက်ထီးရိုးကို တစ်ခါမှ မရောက်ဖူးဘူး။ သူလိုက်ရင် သိပ်ကောင်းမှာဘိုးရဲ့”

“ဘိုးတာဝန်ထား … ဘိုးလိုက်ပြောပေးမယ်”

“ဒါကြောင့် ဘိုးကိုချစ်တာ … ကြည်သာ့ကို ကျောင်းရောက်ရင် ပြောလိုက်တော့မယ်”

“ပြောစေဗျား”

၃.၂.၂၀၁၇

Powered by Bullraider.com