Standardized Test စစ်ဆေးခြင်း

https://learnenglishteens.britishcouncil.org/sites/teens/files/styles/article/public/field/image/istock_000032914962small.jpg?itok=dxK5TuHJ

Standardized Test ဆိုတာ အစဉ်အလာ တွေ့မြင်နေကြရတဲ့ စာမေးပွဲ စစ်ဆေးတဲ့ ပုံစံဖြစ်ပါတယ်။ မေးခွန်း တွေပေးထားတယ်။ တစ်ပုဒ်ဖြေရင် အမှတ် ဘယ်လောက်ဆိုတာလည်း ပေးထားတယ်။ မေးသလောက်ဖြေ၊ ရသလောက်ရေး၊ အမှတ်ပေးစည်းမျဉ်းဆိုတာနဲ့ တိုက်ဖြတ်ပြီး ပေးသလောက်ရတဲ့ စာမေးပွဲစနစ်တစ်ခုလို့ ဆိုနိုင် ပါတယ်။ Standardized Test ကို ဖြေရတဲ့ ကျောင်းသားတွေမှာ ဘယ်လိုတွေ ဖြစ်နိုင်သလဲ

(၁) အမှတ်က အရေးကြီးတယ်။ အမှတ်ကောင်းမှ ဘဝကောင်းမယ်လို့ လက်ခံအောင် လုပ်ထားတဲ့ စနစ်ကြီး ဖြစ်နေတယ်။ အမှတ်ဆိုတာ အောင်မြင်မှုပဲ။ အမှတ်ရဖို့ ဘာမဆို လုပ်ချင်လည်း လုပ်မယ်။ ခိုးချချင်လည်း ခိုးချမယ်ပေါ့။

(၂) ဆရာတွေကလည်း ကျောင်းသားတွေ အမှတ်ကောင်းတာဟာ ငါတို့ဘဝ၊ ငါတို့ရာထူး၊ ငါတို့လစာနဲ့ ဆက်စပ်နေတယ်လို့ ထင်ကြမယ်။ ဒါကြောင့် သူတို့လည်း ကျောင်းသားတွေ အမှတ်ကောင်းအောင် လုပ်ချင်တာ လုပ်နိုင်တယ်။ ကျူရှင်သင်တာမျိုးတွေပေါ့။

(၃) Standardized Test ကိုဖြေလိုက်လို့ feedback ဘာလည်းဆိုတာ ပြန်မရနိုင်ဘူး။ ဘယ်လောက်ဖြေဖြေ ဘာကြောင့် အမှတ်မရသလဲဆိုတာလည်း မသိနိုင်ဘူး။ မှားတာလည်း မသိနိုင်၊ မှန်တာလည်းမသိရ၊ အမှတ် လောက်သာသိရမယ်။

(၄) ကျောင်းသားဟာ ဘယ်လောက်အထိ တီထွင်ဖန်တီးနိုင်စွမ်းရှိကြောင်း ဒီစာမေးပွဲနဲ့ မဆုံးဖြတ်နိုင်ဘူး။ အများကြီးရေးမှ အများကြီးရတယ်လို့ထင်နေတော့ အချိန်အတိုင်းအတာကို မတွက်ဆနိုင်တဲ့ကလေး၊ မေးခွန်း အတိုင်းအတာကို မမှန်းဆနိုင်တဲ့ကလေး အမှတ်နဲ့ဝေးပြီ။

(၅) ကလေးတွေအားလုံးကို Standardized Test တစ်ခုတည်းနဲ့ တစ်တန်းတည်း တစ်စားတည်း ပိုင်းဖြတ်ဖို့ မဖြစ်နိုင်ဘူး။ သူတို့ဟာ အနေအထား၊ ဝန်းကျင်၊ အခြေအနေအမျိုးမျိုးမှာ ရှိနိုင်တယ်။ တွေးပုံ၊ သင်ပုံ၊ လေ့လာပုံ မတူညီနိုင်တဲ့ အနေအထားတွေကို တစ်ပုံစံတည်းပိုင်းဖြတ်တာ မျှတမှုမရှိနိုင်ဘူး။

(၆) ကျောင်းသားတွေမှာ ကျောင်းကောင်းကောင်းတက်နိုင်သူ၊ ကျူရှင်ကောင်းကောင်းနေနိုင်သူ၊ မြို့ကျောင်း၊ တောကျောင်းစသည်ဖြင့် အခြေအနေအမျိုးမျိုး ကွဲပြားတဲ့သင်ကြားမှုအစုံမှာ စံတစ်ခုတည်းနဲ့ သတ်မှတ် ပိုင်းဖြတ်လို့ မဖြစ်နိုင်ဘူး။

(၇) စာမေးပွဲမှာ မေးနိုင်တဲ့အကြောင်းအရာတွေကို မေးခွန်း ငါးစုံလောက်ထုတ်ပြီး လေ့ကျင့်ခိုင်းလိုက်တာနဲ့ ဖြေနိုင်တဲ့ စာမေးပွဲကို တစ်နှစ်လုံးလောက်နီးပါး လေ့ကျင့်သင်ကြားနေကြရတယ်ဆိုတာ မှန်ကန်မှုရှိပါရဲ့လား လို့ ပြန်ပြီးတော့ ဆန်းစစ်ဆင့်ပါပြီ။

(၈) Standardized Test စာမေးပွဲရဲ့ ရလဒ်ကတော့ စိတ်ဖိစီးမှုတွေကို တိုးပွားစေနိုင်တာပါပဲ။ စာမေးပွဲဆိုတာနဲ့ ခြိမ်းခြောက်ခြင်းခံထားရတော့ ဖြေဆိုဖို့ ပြင်ဆင်နေရတဲ့သူတွေကို ရုပ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေး ကိုပါ ထိခိုက်စေနိုင်ပါတယ်။ တွေးတိုင်းမရ၊ အလွတ်ကျက်မှရတဲ့စနစ်ကြောင့် အများကြီးမှတ်မိအောင် လုပ်နေ ရတာကိုက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းခိုင်းထားသလိုဖြစ်စေပါတယ်။

(၉) ကျောင်းမှာအခြေခံထားတဲ့ ပညာတွေကို Standardized Test နဲ့ပဲ နောက်ဆုံးအဓိကထားပြီး စစ်ဆေး လိုက်တဲ့အခါမှာ ကျောင်းသားတွေဟာ အပြင်လောကနဲ့ ကင်းကွာသွားတယ်။ ကျောင်းကအခြေခံပေးလိုက် ရမယ့် အတတ်ပညာတွေ၊ အသိပညာတွေ ပါမလာတော့ဘူး။ ကျောင်းမှာသိတာ ကျောင်းမှာပဲထားခဲ့ရတယ်။ ပြင်ပလောကကို အသက်မွေးဝမ်းကျောင်းဖြစ်အောင် ပါမလာနိုင်တဲ့ ပညာရေးနဲ့ အချိန်တွေ ကုန်နေကြရတာ သူတို့အတွက် စိတ်ဓာတ်ကျစရာဖြစ်စေတယ်။

(၁၀) Standardized Test စာမေးပွဲက ပါရမီရှင်တွေကို မွေးထုတ်မပေးနိုင်ပါဘူး။ ကြက်တူရွေးတွေကိုပဲ မွေးထုတ်ပေးနိုင်ပါတယ်။ အိုင်စတိုင်း၊ အက်ဒီဆင်၊ ဘီလ်ဂိတ်စ်စတဲ့ ပညာရှင်တွေဟာ Standardized Test ဆိုတာတွေနဲ့ ကြုံဖူးခဲ့သူတွေ မဟုတ်ပါဘူး။ လွတ်လပ်စွာပညာရှာပြီး ကိုယ်သိတာကို ကိုယ်တိုင်အဖြေရှာနိုင်ခဲ့ တာကြောင့် အောင်မြင်ထင်ရှားသူတွေ ဖြစ်ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။

(Ref : Why Standardized Tests are Worthless, The Guardian)

Powered by Bullraider.com