ကြောက်ရွံ့ခြင်းမှကင်းဝေးရန်လိုသော ပညာရေး

http://www.letraslibres.com/sites/default/files/files6/files/no_lo_entiendes_ll_0.jpg

ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံမှ ဆော့ဖ်ဝဲ အင်ဂျင်နီယာနှစ်ဦးဖြစ်သည့် ကူချီဘိုတလာနှင့် မဒါဆာနီ တို့နှစ်ဦး သေနတ်နှင့် အပစ်ခံလိုက်ကြရသည်။ အခင်းဖြစ်ပွားသည့်နေရာမှာ အမေရိကန် ပြည်ထောင်စု ကင်းဆပ်ပြည်နယ်၊ အိုလေသာမြို့ရှိ ဘားဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။ သေနတ်သမားကို ဝင်ရောက်ဟန့်တား သည့် ဘားဆိုင်ပိုင်ရှင်နှင့် မဒါဆာနီတို့သည် ဒဏ်ရဂာရပြီး ကူချီဘိုတလာက သေဆုံးသွားခဲ့ရသည်။

သူတို့ကို ပစ်ခတ်သည့် သေနတ်သမားမှာ အသက် ၅၁ နှစ်အရွယ် ရေတပ်စစ်ပြန်တစ်ဦးဖြစ်သူ အဒမ် ပူရင်တန် ဆိုသူဖြစ်သည်။ အရက်ထိုင်သောက်နေကြသည် ဆော့ဖ်ဝဲ အင်ဂျင်နီယာနှစ်ဦးကို တပ်ထွက် အဒမ်က “ငါတို့ နိုင်ငံက ထွက်သွားကြကွာ” ဟုပြောပြီး ရန်စသည်။ သူက လူမျိုးရေးနှင့် အသားအရောင်ခွဲခြားသည့် စကားများကိုလည်း ဆဲဆိုပြောပြီး ဘားဆိုင်ထဲက ထွက်သွားသည်။ အဒမ်သည် ချက်ချင်း ပြန်ရောက်လာပြီး ပါလာသည့် သေနတ်ဖြင့် အိန္ဒိယသားနှင့် ဆိုင်ရှင်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာနှစ်ဦးသည် H-1B ဗီဇာနှင့် တရားဝင် လာရောက်ပြီး အလုပ်လုပ်နေထိုင်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး အမေရိကန်ပြည်ထောင်စုတွင်ပင် ပညာသင်ကြားခဲ့ပြီး ကင်းဆပ်ရှိ ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီအရ လက်ခံပြီး အလုပ်များပေးထားသော နိုင်ငံခြား သားများသည့် ဒေါ်နယ်ထရမ့်အစိုးရတက်လာပြီးနောက် ပြောင်းလဲလိုက်သည့် မူဝါဒအရ အားလုံး ထိတ်လန့် တကြားဖြစ်ကုန်ကြသည်။ ထရမ့်၏ လူစိမ်းကြောက်ရောဂါက တစ်နိုင်ငံလုံး ကူးစက်သွားပြီလားဟု အထင်မှား စရာဖြစ်သည်။ နိုင်ငံခြားသားများကို တားမြစ်လိုက်ခြင်းနှင့် ပြည်ဝင်ခွင့် ကန့်သတ်လိုက်ခြင်းများကပင် နိုင်ငံသား အားလုံးအတွက် စိုးရိမ်သောကရောက်စရာ တစ်ခုဖြစ်သွားသည်။ ယခင်က တန်းတူညီမျှဆိုသည့် အမေရိကန် မူဝါဒအရ အကောင်းဘက်က ကြည့်မြင်ပေးနေသူများပင်လျှင် နိုင်ငံခြားသားများကို မကောင်းဆိုးဝါးများ အနေဖြင့် ကြည့်မြင်လာကြသည်။

ထရမ့်၏ လူမျိုးရေးခွဲခြားပြီး ပြဿနာရှာစေသည့် စကားကို လူတိုင်း လက်ခံကြသည်တော့မဟုတ်။ အမေရိကန် လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် တွမ်ရိဒ်သည် အသံအကျယ်ဆုံး ကန့်ကွက်လှုပ်ရှားနေသူဖြစ်သည်။ တစ်သက်လုံး အသားအရောင်၊ လူမျိုးရေး မခွဲခြားခဲ့သည့် နိုင်ငံတွင် ထရမ့်လက်ထက်ကျမှ လူမျိုးရေးခွဲခြား သလိုမျိုး ပြုမူပြောဆိုနေခြင်းက ယခုလို အကြမ်းဖက်မှုများကို ဖြစ်ပွားစေခဲ့ကြောင်း ထောက်ပြသည်။

ငြိမ်းချမ်းသည့် အမေရိကသည် လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှုများကြောင့် ကြောက်စရာကောင်းသည့် နိုင်ငံတစ်နိုင်ငံဘဝကို ဦးတည်တော့မည်လားဟုလည်း သံသယဖြစ်လာကြသည်။

ထရမ့်၏ ပြည်ဝင်ခွင့် ကန့်သတ်လိုက်မှုက အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်များအတွက်ပါ ဝင်ငွေကို အလုံး အရင်းနှင့် ထိခိုက်စေနိုင်သည်။ သူက မွတ်ဆလင်အများစုနေထိုင်သည့် ၇ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ဝင်ခွင့်မပြုဟု ဆက်လုပ်နေလျှင် ကောလိပ်ပညာရေးတွင် နှစ်စဉ်ဝင်နေသော ဝင်ငွေ ဒေါ်လာ သန်း ၇၀၀ ခန့်နစ်နာသွားနိုင်ကြောင်း ပညာရေးသုတေသနအဖွဲ့ College Factual က ထုတ်ပြန်ထားသည်။

ပြည်ဝင်ခွင့်များကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် လက်ရှိ ဒုက္ခရောက်ကြရမည် ကျောင်းသားပေါင်း ၁၆၀၀၀ ခန့်ရှိနေသည်။ သူတို့ဘဝများက အထက်တွင် ဖော်ပြခဲ့သလို မည်သည့် အချိန်တွင် လာရောက် စော်ကားနှင်ထုတ်ခံရပြီး သေနတ်နှင့်ပါ အပစ်ခံရမှန်း မရေရာသည့် အနေအထားတွင် ဖြစ်နေသည်။

ဘားဆိုင်တွင် သေနတ်နှင့် အပစ်ခံလိုက်ရပြီးနောက် သေဆုံးသွားခဲ့ရသည့် ကူချီဘိုတလာ၏ ဇနီးဖြစ်သူက

“ကျွန်မတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရပြီး အလုပ်အကိုင်တွေပါ ရလို့ လူမှန် နေရာမှန် ရောက်နေပြီလို့ အမြဲတွေးထင်ထားသူတွေပါ။ ဒီလူမျိုးတွေရဲ့ ကောင်းမြတ်တဲ့စိတ်ထားတွေကြောင့် ကျွန်မတို့ အတွက် ကံကောင်းပြီလို့လည်း အမြဲခံယူထားခဲ့ပါတယ်” ဟုပြောကြားသည်။

ပညာရေးသည် ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းးချမ်းလိုသည့် စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်ထွန်းလာစေရေးအတွက် ပညာသင်ကြားကြရခြင်းဖြစ်ပါသည်။ ကမ္ဘာ့မည်သည့် ဒေသတွင်မဆို ပညာသင်ကြားရမည့် နေရာတိုင်းသည် ငြိမ်းချမ်းသော နေရာများဖြစ်သင့်ပါသည်။ သေနတ်သမားများကို ကြောက်ပြီး မသွားရဲ မလာရဲ မဆက်ဆံ မပြောဆိုရဲဖြစ်နေရမည်ဆိုလျှင် ပညာရေးသည် မငြိမ်းချမ်းနိုင်တော့ပေ။ ကြောက်ရွံ့ခြင်းကင်းသည့် ပညာရပ်ဝန်း တစ်ခုတွင် အားလုံးပညာရှာမှီးပိုင်ခွင့်ရှိရမည်။ သို့သော် အမြင်စောင်းနေလျှင် စိုးရိမ်စရာကောင်း သည်။

ဒီမိုကရေစီ အမေရိကသည် လူမျိုးရေးခွဲခြားမှုများ ပြန်လည်ခေါင်းထောင်ထသည့် နိုင်ငံတစ်နိုင်ငံ မဖြစ်သင့်ပါ။ အလားတူ အားလုံး တန်းတူညီမျှ ပညာသင်ကြားနိုင်သည့် ကြောက်ရွံ့ခြင်းက ကင်းဝေးရသော နိုင်ငံတစ်နိုင် ဖြစ်ရန်လည်း လိုအပ်ပါသည်။

(Ref: The Washington Post)

Powered by Bullraider.com