မြန်မာပြည်မှာ အလုပ်လုပ်ကြသူများ

http://hr-resource.com/wordpress/wp-content/uploads/bigstock-Diverse-Business-Group-Meeting-2601694-1.jpg

အခွင့်အလမ်းတွေ ဆုံးရှုံးရတယ်

အခုနောက်ပိုင်း မြန်မာပြည်က လုပ်ငန်းခွင်တွေမှာ အခြေခံလုပ်သားနေရာတွေကို နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူသုံးနေတဲ့အတွက် ကိုယ့်နိုင်ငံ သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးရတယ်ဆိုပြီး မကျေမနပ်ပြောဆိုနေသံတွေ ကြားနေရပါတယ်။ အမှန်တကယ်လည်း ယခု လက်ရှိ မြန်မာပြည်ရဲ့လုပ်ငန်းခွင် (အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါတဲ့ ဆောက်လုပ်ရေး၊ တယ်လီကွန်း၊ ကုန်ထုတ်လုပ်မှု၊ ခရီးသွားနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ)တွေမှာ နိုင်ငံခြားသားအလုပ်သမားတွေ တော်တော်များများတွေ့လာနေရပါတယ်။ ဒါက ဟိုအရင်ကတည်းကလည်း ရှိတော့ရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ ရာထူးမြင့် ပညာရှင်လိုနေရာမျိုး၊ မန်နေဂျာနေရာမျိုးတွေကိုသာ ခန့်ထားခဲ့ကြတာ များတယ်။ အခုကျတော့ လက်ညှိုးထိုးမလွဲရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင်တွေရဲ့ အောက်ခြေ အခြေခံဝန်ထမ်းနေရာတွေမှာပါ ဘင်္ဂလားဒေ့ရှ်လို၊ ဗီယက်နမ်လို၊ ပြည်မကြီးက တရုတ်လို နိုင်ငံသားတွေကို တွေ့လာနေရပြီ။

သူတို့က ကိုယ့်ဆီလာအလုပ်လုပ်၊ ကိုယ်က သူတို့ဆီ သွားလုပ်
ကျွန်မကိုယ်တိုင်လည်း သူတစ်ပါးနိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖူးသူမို့ အခု မကျေမနပ်ဖြစ်နေကြတဲ့ ခံစားချက်တွေကို သိပ်နားလည်ပါတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်တွေ ရှားပါးတုန်းကလည်း ကိုယ်က သူများနိုင်ငံမှာ သွားလုပ်နေရတယ်။ အခု ကိုယ့်ဆီမှာ အခွင့်အလမ်းတွေ ပွင့်လာတဲ့ အချိန်ကျတော့လည်း သူတို့ခေါ်လာတဲ့ အလုပ်သမားတွေက ကိုယ့်အလုပ်တွေကို လာဝင်လုပ်နေပြီး ကိုယ့်နိုင်ငံသားတွေက အခုအချိန်အထိ သူများနိုင်ငံမှာ သွားလုပ်နေရတုန်းဆိုတော့ ဘယ်လောက်အထိ မခံချင်ဖြစ်နေကြမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

အဖြေရှာကြဖို့လို

ဒါပေမယ့် ကျွန်မတို့ ပြဿနာတစ်ခုကို မျက်စိစုံမှိတ် မကျေမနပ်ဖြစ်နေတာထက် ဘာကြောင့် မကောင်းတာလဲ အဖြေရှာစေချင်တယ်။ ဘယ်လို ကောင်းအောင်လုပ်ကြမလဲ အဖြေရှာစေချင်ပါတယ်။ အမုန်းစကားတွေ အငြင်းပွားနေရုံနဲ့ အဖြေမှန်တစ်ခုဆီ ဦးမတည်တတ်ပါဘူး။ အခြေခံအကြောင်းအရင်းကို ရှာဖွေပြီး အမှန်တရားတစ်ခုကို ဆန်းစစ်လေ့လာကြည့်ရ အောင်ပါ။ ဒီနေရာမှာ သကြားဖုံးထားတဲ့ အပေါ်ယံအခွံတွေကို ဖယ်ထုတ် စစ်ချပြီး အမှန်တရားကို မြင်တတ်ဖို့၊ လက်ခံတတ်ဖို့တော့ လိုပါတယ်။

ဘယ်သူတွေ လုပ်ကိုင်ခွင့်ရလဲ

ကျွန်မ လေ့လာမိသလောက်ဆိုရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ဘယ်နိုင်ငံခြားအဖွဲ့အစည်း၊ ဘယ်ကုမ္ပဏီမဆို မြန်မာ့နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC-Myanmar Investment Commission) အမ်အိုင်စီမှာ လုပ်ကိုင်ခွင့် ပါမစ်လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ခွင့်ရှိပါတယ်။ အဲဒီ လျှောက်လွှာတင်ရာမှာ လိုအပ်တဲ့အချက်အလက်စာရင်းကိုလည်း သူတို့ ဝက်ဘ်ဆိုက်ထဲမှာ ဝင်လေ့လာလို့ရပါတယ်။ အချက်အလက်တွေ အများကြီး ထဲမှာမှ ကျွန်မက လုပ်ငန်းခွင်အတွက် အလုပ်သမားခန့်ထားတဲ့အပိုင်း လေးကိုပဲ လေ့လာသုံးသပ်ချင်ပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသားကို ခန့်ဖို့ စည်းမျဉ်းဥပဒေနဲ့ မြန်မာနိုင်ငံသားကိုခန့်ဖို့ စည်းမျဉ်းဥပဒေကို နှစ်ပိုင်းခွဲပြီး ဖော်ပြထားပါတယ်။

နိုင်ငံခြားသားကို ခန့်မယ်ဆိုရင်

မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့်ပါမစ်ကျထားပြီးတဲ့ ဘယ်အဖွဲ့အစည်းမဆို နိုင်ငံခြားသား မန်နေဂျာ၊ ပညာရှင်၊ အလုပ်သမား စသဖြင့် တရားဝင်ခန့်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် မြန်မာနိုင်ငံသားကို ဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။ နိုင်ငံခြားသားကိုခန့်ဖို့ လိုအပ်ချက်တွေက သုံးချက်ရှိပါတယ်။ ပထမအချက်က လုပ်ငန်းရှင်ဟာ သူခန့်ဖို့လျာထားတဲ့ နိုင်ငံခြားသားအလုပ် သမားအရေအတွက်ကို ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာမှာ ဖြည့်စွက်ဖော်ပြပြီး အမ်အိုင်စီကိုတင်ရပါတယ်။ ဒုတိယအနေနဲ့ အမ်အိုင်စီ ခွင့်ပြုချက်ရပြီဆိုလျှင် ကုမ္ပဏီအနေနဲ့ လျှောက်လွှာမှာ ဖော်ပြခဲ့တဲ့အတိုင်း နိုင်ငံခြားသားများ ခန့်ထားခြင်းနှင့် ပါမစ်အတွက် ဆက်လက်လျှောက်ရပါမယ်။ ပြီးရင်တော့ အမ်အိုင်စီရဲ့ အတည်ပြုချက်နဲ့အတူ အလုပ်လုပ်ခွင့်ပါမစ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အောက်မှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ လျှောက်ရပါတယ်။ နေထိုင်ခွင့်နဲ့ ဗီဇာတွေကတော့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဆီက ရယူရပါမယ်။
မြန်မာနိုင်ငံသား အလုပ်သမားတွေကို ခန့်မယ်ဆိုရင်
ကျွန်မတို့ မြန်မာနိုင်ငံသားတွေကို အလုပ်ခန့်ဖို့အတွက်ကိုတော့ မြန်မာ့နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်းအားလုံး လိုက်နာရမယ့်အချက်တွေရှိပါတယ်။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစတင်လည်ပတ်ပြီး ပထမ နှစ်နှစ်အတွင်းမှာ ကျွမ်းကျင်လုပ်သားနဲ့ ပညာရှင်ရဲ့ ၂၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ ဒုတိယနှစ်မှာတော့ ၅ဝ ရာခိုင်နှုန်းခန့်အပ်ပြီး တတိယနှစ်မှာ ၇၅ ရာခိုင်နှုန်းအထိ ဖြစ်ရပါမယ်။ နိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းတိုးတက်ဖို့ တွဲခေါ်သင်ယူ ပေးရပါမယ်။ ဒါမှ သူတို့ဆီက နည်းပညာတွေ၊ အတွေ့အကြုံတွေကို ကိုယ့်ဆီကသူတွေရရှိပြီး သတ်မှတ်ထားတဲ့အချိန်ကျရင် သူတို့နေရာတွေမှာ အစားထိုးခန့်ထားနိုင်မှာပါ။ အောက်ခြေ အခြေခံရာထူးနေရာတွေမှာ မြန်မာ နိုင်ငံသားတွေကို ခန့်ရပါမယ်။ ရာထူးမြင့်နေရာတွေအတွက် လစာကို တစ်ပြေးညီ ပေးရပါမယ်။ ဥပမာ ရာထူးချင်းတူပေမယ့် မြန်မာနိုင်ငံသားကို လျှော့ပေးတာမျိုး မလုပ်ဖို့ပါ။ အလုပ်ခန့်စာကို မြန်မာပြည်ရဲ့အလုပ်သမားဥပဒေအတိုင်း လိုက်နာချုပ်ဆိုရပါမယ်။ အဲဒီမှာ အနည်းဆုံး လစာ၊ ခွင့်နဲ့ အလုပ်ပိတ်ရက် ခံစားခွင့်၊ အချိန်ပိုကြေး၊ ထိခိုက်နစ်နာမှုလျော်ကြေး၊ အာမခံ၊ လူမှုဖူလုံရေး စသည်ဖြင့် အလုပ်သမားဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာရမှာပါ။

ဥပဒေအရတော့ သိပ်ကို ကောင်းပါတယ်

အခု ကျွန်မရေးပြခဲ့တဲ့ အပိုင်းနှစ်ပိုင်းက ကျွန်မတို့ဆီက လုပ်ငန်းတွေမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားအလုပ်သမားတွေကိုခန့်ဖို့ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများပဲ ဖြစ်ပါတယ်။ လုပ်ငန်းအစမှာ နိုင်ငံခြားသားတွေနဲ့ တွဲဖက်လုပ်ကိုင် ပညာယူရင်း ကာလတစ်ခုအရောက်မှာ ကိုယ့်နိုင်ငံသားတွေနဲ့ အစားထိုးလုပ်ကိုင်သွားမှာမို့ အင်မတန်ကောင်းမွန်ပြည့်စုံလှပါတယ်။ ဒါပေမယ့် ဒီဥပဒေများကို တကယ်ပဲ ကျွန်မတို့ဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေကြတဲ့ လုပ်ငန်းရှင်တွေ တကယ်လိုက်နာရဲ့လား ဆိုတာကတော့ တွေးစရာ ဖြစ်ပါတယ်။ သူတို့ကို လုပ်ငန်းစလုပ်ခွင့် မပေးခင်မှာကို အချင်းချင်းချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားကြရမယ့် ဝန်ကြီးဌာနတွေ အများကြီးရှိပါတယ်။

ပူးပေါင်းလုပ်ဆောင်ကြရမယ်

ဥပမာ သူတို့တွေ စာရင်းပေးထားတဲ့အတိုင်း နိုင်ငံခြားသား အလုပ်သမား တွေကို တကယ် ခန့်၊ မခန့်၊ အလုပ်သမားဥပဒေမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံသားတွေကို ခန့်ရမယ်လို့ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအချိုးအတိုင်းရော တကယ် ခန့်၊ မခန့်၊ နိုင်ငံခြားသားတွေပြန်သွားတဲ့အခါ သူတို့နေရာမှာ ကိုယ့်နိုင်ငံ သားတွေကို အစားထိုးခန့်သလား၊ ဒါမှမဟုတ် နောက်ထပ် နိုင်ငံခြားသားကိုပဲ ထပ်ရှာဖွေခန့်သလားဆိုတာတွေ စောင့်ကြည့်ဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ တာဝန်ရှိပါတယ်။ အဲဒီအလုပ်သမားတွေ ဘယ်လိုနေထိုင်ခွင့် ပါမစ်၊ အလုပ်လုပ်ခွင့်ပါမစ်၊ ဘာဗီဇာတွေနဲ့နေတယ်ဆိုတာ စစ်ဆေးဖို့ကျတော့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနနဲ့ သက်ဆိုင်သွားပါပြီ။ အဲလိုသိပြီးရင်တော့ မြန်မာပြည်မှာ အလုပ်လုပ်သူ ဝန်ထမ်းတိုင်း ပေးဆောင်ရမယ့် ဝင်ငွေခွန်ကို ကောက်ခံဖို့က အခွန်ဌာနနဲ့ဆိုင်သွားပြန်ပြီ။ အဲဒီထဲက အချိတ်အဆက် တစ်ခု လောက်လွဲတာနဲ့ ကိုယ့်တိုင်းပြည်အနေနဲ့ ရသင့်ရထိုက်တာတွေမရဘဲ ဆုံးရှုံး နစ်နာနိုင်တာမို့ ဌာနအချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုက သိပ်အရေးကြီးလှပါတယ်။

ဗီဇာ၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်

အများစုက သိပြီးသားပေမယ့် တချို့နားလည်မှုလွဲနေတာကို နည်းနည်း လောက်ရှင်းပြချင်ပါတယ်။ ဗီဇာဆိုတာ ပြည်ဝင်ခွင့်ပါ။ ဗီဇာမှာလည်း တစ်ကြိမ်တည်း အဝင်လုပ်ခွင့်ရှိတဲ့ Single entry နဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း တစ်လ၊ သုံးလ စသဖြင့် အကြိမ်ကြိမ် ဝင်ခွင့်ရှိတဲ့ Multiple entry ဆိုပြီး ခွဲထားပါတယ်။ Multiple entry ရထားတဲ့သူက အဲဒီကာလအတွက် ဗီဇာ ထပ်လျှောက်စရာ မလိုတော့ပါဘူး။ အခုဆိုရင် တချို့ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ရထားတဲ့ နိုင်ငံတွေဆိုရင်လည်း ဗီဇာလျှောက်စရာမလိုတော့ပါဘူး။ ဗီဇာမှာမှ စီးပွားရေးဗီဇာ၊ အလည်အပတ် ဗီဇာ၊ ကျောင်းသားဗီဇာ စသဖြင့် ထပ်ကွဲပါသေးတယ်။ ဗီဇာရထားပြီးပေမယ့် အဲဒီသက်ဆိုင်ရာနိုင်ငံမှာ ဘယ်နှရက်နေခွင့်ပေးမယ်ဆိုတာကတော့ အင်မီဂရေးရှင်းနဲ့ ဆိုင်သွားပါပြီ။ လေဆိပ်အဝင် ကောင်တာက အရာရှိက ဘယ်နှရက်၊ ဘယ်နှလဆိုပြီး တုံးထုပေးလိုက်တာ နေထိုင်ခွင့်ပါ။ ပြီးတော့မှ အဲဒီနေထိုင်ခွင့်အတွင်းမှာ နေရင်းနဲ့ အလုပ်ရှာလို့ရရင် ခုနကပြောတဲ့ အလုပ် လုပ်ခွင့်ကတ်ကို ပေးတာပါ။ အလုပ်လုပ်ခွင့်ကတ် နောက်ကျောတွေမှာ ဝှိုက်ကတ်သဘောမျိုး အကြိမ်ကြိမ်ဝင်ခွင့်ရှိတဲ့ Multiple entry ကိုပါ ထည့်သွင်းထားတာမို့ အဲဒီကတ်ကိုင်ဆောင်ထားတဲ့သူဟာ သူအလုပ်လုပ်နေတဲ့ သက်ဆိုင်ရာနိုင်ငံကို အလုပ်လုပ်ခွင့်ကတ် သက်တမ်းရှိနေသရွေ့ ဗီဇာမလိုဘဲ ဝင်ထွက်နေလို့ရပါတယ်။

မလိုက်နာလို့ မရအောင် တင်းကျပ်လှတယ်

ကျွန်မတို့ မြန်မာပြည်က သူများမီအောင်လိုက်မယ်လို့ ကြုံးဝါးလေ့ရှိတဲ့ စင်ကာပူက စနစ်နဲ့ပဲ အရင်နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ ကျွန်မတို့ စင်ကာပူမှာ အလုပ်သွားရှာတဲ့အခါမှာ စင်ကာပူနိုင်ငံမှာ နေထိုင်ခွင့် တစ်လပဲ စပေးပါတယ်။ ပြီးရင် နောက်တစ်လ ထပ်တိုးခွင့် ရှိပါတယ်။ နှစ်လအတွင်းမှာမှ အလုပ်ရှာ မရရင် စင်ကာပူနိုင်ငံက ပြန်ကို ထွက်ရပါတယ်။ အလုပ်ရှာတော့လည်း အလုပ်ရှင်က ဘယ်လောက်ပဲကြိုက်လွန်းလို့ ခန့်ချင်နေပါစေ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပါမစ် (work permit) ထုတ်ပေးမှ လုပ်ခွင့်ရှိပါတယ်။ အဲဒီမှာ ခုနကနိုင်ငံသားနဲ့ နိုင်ငံခြားသားအလုပ်သမားခန့်ရမယ့် အချိုးကဏ္ဍနဲ့ ဆိုင်လာပါပြီ။ သတ်မှတ်ထားတဲ့ အချိုးအတိုင်းမရှိရင် ဘယ်နိုင်ငံခြားသားမှ ခန့်ခွင့်မပေးပါဘူး။ အင်မတန် တင်းကျပ်လှပါတယ်။

အချိန်မရွေးကောက်စစ်လို့ရတယ်

အပြင်သွားတဲ့အချိန်တွေမှာ အလုပ်လုပ်တဲ့သူတိုင်းဟာ ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်ကတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားရပါတယ်။ အလည်သွားတဲ့ သူဆိုရင်တော့ ပတ်စပို့ပေါ့။ အဲလိုခွဲထားတာကြောင့် အချိန်မရွေး ကောက်စစ် လိုက်ရင် ဒီလူက ဘယ်လိုနေထိုင်ခွင့်နဲ့ နေနေတာလဲဆိုတာ ဘယ်လိုမှ ညာလို့မရပါဘူး။ အလုပ်လုပ်ခွင့်ပေးထားတဲ့ သက်တမ်းကျော်နေရင်၊ ဒါမှ မဟုတ် အလည်အပတ်အတွက် နေခွင့်ပေးထားတဲ့ သက်တမ်းကျော်နေပြီ ဆိုရင် သေပြီသာမှတ်ပါတော့။ လူအားလုံးကို သူတို့ရဲ့ သက်ဆိုင်ရာ ကတ် နံပါတ်တွေနဲ့ တွဲရက် စာရင်းသွင်းထားတာမို့ ကွန်ပျူတာထဲမှာ ကောက်ကြည့် လိုက်တာနဲ့ ဘယ်ကုမ္ပဏီမှာ ကျွမ်းကျင်လုပ်သားက ဘယ်နှယောက်၊ ကျွမ်းကျင်မဟုတ်တာက ဘယ်နှယောက်၊ အမြဲတမ်းနေထိုင်ခွင့် ပီအာက ဘယ်နှယောက်၊ စင်ကာပူနိုင်ငံသားက ဘယ်နှယောက် ရှိတယ်ဆိုတာ ချက်ချင်း စာရင်းထုတ်ပေးလို့ရပါတယ်။

ဘယ်လိုခွဲခြားသိနိုင်မလဲ

ကျွန်မတို့ဆီမှာ အဲလိုစာရင်းအတိအကျ ကောက်ယူနိုင်ပြီလား။ မြန်မာ ပြည်မှာ အလုပ်ဗီဇာနဲ့ လာလုပ်နေတဲ့ နိုင်ငံခြားသားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင် ချက်ချင်းသိနိုင်မလား။ ဘယ်လိုနည်းနဲ့ သိနိုင်သလဲ။ အဲဒီလိုစနစ်မျိုး ကျွန်မတို့ဆီမှာ ရှိနေပြီလား။ အခု ကျွန်မတို့ နိုင်ငံသားတွေ မကျေမနပ်ဖြစ်နေကြတဲ့ သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်း တွေကို လုယူနေတယ်ဆိုတဲ့ နိုင်ငံခြားသားအလုပ်သမားတွေက ဘယ်လို ဗီဇာ၊ ဘယ်လိုနေထိုင်ခွင့်၊ ဘယ်လိုပါမစ်တွေနဲ့ နေထိုင်နေကြတယ်ဆိုတာ ကျွန်မတို့ သိနိုင်ပြီလား။ စီးပွားရေးဗီဇာ၊ အလည်အပတ်ဗီဇာနဲ့ ဝင်လာတဲ့ သူတွေ အလုပ်လုပ်နေလား၊ မလုပ်နေလား စစ်ဆေးနိုင်ပြီလား။

အားလုံးမှာ အလုပ်လုပ်ခွင့်ကတ် တကယ်ရှိနေလား

အခုပြောခဲ့တာတွေက အမ်အိုင်စီရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအတွက်ပဲ ရှိပါသေးတယ်။ အမ်အိုင်စီမှာ မလျှောက်ဘဲ လုပ်ကိုင်နေတဲ့ တခြားလုပ်ငန်းခွင်၊ ကုမ္ပဏီတွေက ခန့်ထားတဲ့ ဝန်ထမ်းတွေကိုရော ဘယ်လိုစစ်ဆေးမှုတွေ လုပ်နိုင်မလဲ။ ဘယ်လုပ်ငန်းမှာ နိုင်ငံခြားသားအရေအတွက် ဘယ်လောက်၊ ဘယ်လိုအလုပ်လုပ်ခွင့်၊ ဘယ်လို ဗီဇာတွေနဲ့ နေထိုင်ခွင့်ရနေလဲ သိနိုင်ကြမလား။ သတင်းပေးကြပါလို့ ထိုင်ပြောနေရုံနဲ့တော့ ကိုယ့်ရှေ့ကိုအရောက် ဘယ်သူမှ လာသတင်းပို့မှာ မဟုတ်တာတော့ သေချာပါတယ်။ စာရင်းဇယား အတိအကျမရှိ၊ မသိနိုင် တာဟာ အင်မတန်အန္တရာယ်များလှပါတယ်။ ဥပမာ- မတော်တဆ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခဲ့ရင် အသက်အာမခံကိစ္စ၊ လုံခြုံရေးကိစ္စ စသဖြင့် တွေးကြည့် ကြပါ။ ဘယ်သူက ဘယ်လို တာဝန်ယူကြမှာလဲ။ နောက်ပြီး စာရင်းအတိအကျ မကောက်နိုင်တဲ့အတွက် အလည်အပတ်ဗီဇာနဲ့ ဝင်လာသမျှကို မြန်မာပြည်ကို နိုင်ငံခြားသားခရီးသွား အယောက် ဘယ်နှထောင်၊ ဘယ်နှသောင်း ဝင်လာပါတယ်ဆိုတဲ့ သတင်းအမှားတွေလည်း ပေးမိနိုင်သေးတယ် မဟုတ်လား။
ကိုယ့်နိုင်ငံသားတွေကို တကယ်ကာကွယ်ပေးနိုင်ရမှာပေါ့
တကယ်သာ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေအတိုင်း ကိုယ့်နိုင်ငံသားကို ကာကွယ်ပေးထားနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာအလုပ်သမားတွေ ဘာမှစိတ်ပူစရာ၊ မကျေမနပ်ဖြစ်နေစရာ မလိုတော့ပါဘူးလေ။ အခြေခံအလုပ် သမားနေရာတွေသာမက၊ ရာထူးနေရာ အားလုံးကို သတ်မှတ်ထားတဲ့ အလုပ်သမားဥပဒေက ရာခိုင်နှုန်းအချိုးအတိုင်း စနစ်တကျ ခန့်ထားပါတယ် ဆိုတာ ရှင်းပြနိုင်ရင် အားလုံးကျေနပ်သွားမှာပါ။ ဒါ့အပြင် ဘယ်သူက ဘယ်လစာနဲ့ လုပ်နေမှန်းသိနေပြီဆိုရင် ဝင်ငွေခွန်ဆောင်ရမယ့်သူ စာရင်း အရေအတွက်တွေကိုလည်း မှန်မှန်ကန်ကန်သိနေမှာမို့ တိုင်းပြည်လည်း အခွန်တွေတိုးရမှာမို့ သိပ်ကိုကောင်းမှာပေါ့။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ဒီလို စည်းမျဉ်းဥပဒေတွေ ရှိထားတယ်ဆိုတာကို သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေ သိရှိဖို့တော့ အရေးကြီးပါတယ်။ သိရှိရုံနဲ့တင် မပြီးသေးပါဘူး။ ဥပဒေအတိုင်း မလိုက်နာရင် အကြောင်းကြားဖို့၊ သတိပေးအရေးယူဖို့ကလည်း လိုအပ်ပါတယ်။ လက်ရှိအခြေအနေအရတော့ စာရင်းဇယားမရှိဘဲ လက်တစ်လုံးခြားလုပ်နေတဲ့သူတွေ များနေတယ်ဆိုတာ အခုကြားနေရတဲ့ အသံတွေက သက်သေပါပဲ။

လုပ်နေသူတိုင်း ကျွမ်းကျင်ကြလား

ဒီမှာလာလုပ်နေတဲ့ အလုပ်ရှင်တိုင်း မြန်မာပြည်မှာ ချမှတ်ထားတဲ့ ဥပဒေတွေကို မဖြစ်မနေလိုက်နာအောင် တင်းကျပ်ထိန်းချုပ်ခဲ့ရင် လုပ်ငန်းရှင်များက မင်းတို့ဆီမှာ အရည်အချင်းမီ ကျွမ်းကျင်အလုပ်သမားတွေ အဆင်သင့်မရှိလို့ ငါတို့က ခေါ်လာရတာလို့ ပြောနိုင်ပါတယ်။ နိုင်ငံခြားသား တွေမရှိဘဲ မင်းတို့ချည်းပဲ လုပ်နိုင်ပြီလား၊ ဒါမှမဟုတ် နိုင်ငံခြားသားတွေကို လျှော့ချပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ပြီလား၊ မင်းတို့က အဆင်သင့်ဖြစ်နေကြပြီလား၊ အသိအမှတ်ပြုလက်မှတ်တွေရော ရှိကြလား လို့လည်း ပြန်မေးကြမှာ သေချာပါတယ်။ ဒါကလည်း ထပ်ဆွေးနွေးရဦးမယ့် အချက်တစ်ချက်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အဲဒီအကြောင်းပြချက် နဲ့ဖြင့်တော့ ကျွန်မတို့ တိုင်းပြည်မှာ အစစ်အဆေး၊ အမေးအမြန်းမရှိ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်၊ လုပ်ချင်သလို လုပ်ခွင့်ပြုနေရမှာ တော့ မဟုတ်သေးပါဘူး။ ဒါဆို အခု နိုင်ငံခြားသား အလုပ်သမားတွေမှာရော ဘာလက်မှတ်တွေ ရှိသလဲလို့ ကျွန်မတို့က စစ်ဆေးပြီးမှ လုပ်ခွင့်ပြုတာလား။ သူတို့ရဲ့ ကျွမ်းကျင်မှုကိုရော ဘယ်လိုတိုင်းတာကြမှာလဲ။ ကိုယ့်နိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို ကိုယ်ကိုယ်တိုင်လေ့လာသိရှိ၊ လေးစား လိုက်နာပြနိုင်မယ်ဆိုမှ တခြားသူတွေကိုလည်း လိုက်နာအောင် တင်းကျပ် ထိန်းချုပ်ဖို့ မခက်တော့ဘူးမဟုတ်ပါလား။

MOI Webportal Myanmar

မြန်မာ့အလင်းသတင်းစာ

(၁၂.၃.၂၀၁၇)

 

Powered by Bullraider.com